သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကြောင့် စီးပွားရေးနဲ့ ကုန်ထုတ်လုပ်ငန်းထိခိုက်မှု UMFCCI စစ်တမ်းကောက်ယူ


ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ တခုမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းများ (ဓာတ်ပုံ - စက်တင်ဘာ ၁၈၊ ၂၀၁၅)
ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ တခုမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းများ (ဓာတ်ပုံ - စက်တင်ဘာ ၁၈၊ ၂၀၁၅)

(Zawgyi/Unicode)

COVID-19 ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့ ကုန်ထုတ်လုပ်မှုပိုင်းမှာ ဘယ်လောက် ထိခိုက်ဆုံးရှုံးနေလဲဆိုတဲ့ ဆန်းစစ်မှု Impact Assessment ကို မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်က ကောက်ယူနေတယ်ဆိုတာကို ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ပြထားပါတယ်။

COVID-19 ကမ္ဘာကပ်ဘေးကြောင့် စီးပွားရေးထိခိုက်မှုတွေကို ဘယ်လိုကုစားမလဲဆိုတဲ့ ပြည်ထောင်စုအစိုးရလုပ်နေတဲ့ အစီအစဉ်ကို အထောက်အကူပေးဖို့ အခုလို စီးပွားရေးလုပ်ငန်းများ အခြေအနေအကဲဖြတ်မှုကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အစိုးရရဲ့ မြန်မာစီးပွားရေး တခုလုံး အခြေအေနအကဲဖြတ်မှုကို အကူအညီပေးဖို့ ကုန်သည်စက်မှု အသင်းချုပ် UMFCCI ဘက်က ဘယ်လိုပါဝင်ဆောင်ရွက်နေသလဲ ဆိုတာကို ကုန်သည်စက်မှု အသင်းချုပ် UMFCCI က အလုပ်အမှုဆောင် ဦးအောင်ကြည်စိုးက ဗွီအိုအေကိုပြောပါတယ်။

"ကုမ္ပဏီ ရာ ဂဏန်းပေါ့နော် ... ၄၀၀ လား၊ ၅၀၀ လား အဲ့လောက်တော့ ရှိမယ်ထင်ပါတယ်။ အဲဒါကို Survey လေးတွေ လုပ်လိုက်တယ်ပေါ့ကွယ်။ ပြီးလုနီးနီးထင်ပါတယ်။ လုပ်တော့ လုပ်နေပါတယ်။ ဘယ်လို အခန်းကဏ္ဍလည်းဆိုတော့ private sector ရဲ့ စုစုစည်းစည်းဖြစ်နေတဲ့ အဖွဲ့အစည်းတခုအနေနဲ့ government ကို ရလဒ်တွေနဲ့ ဘယ် sector တွေက ပိုပြီးတော့ pick up ပိုမြန်နိုင်တယ်။ အဲ့လိုမျိုးပေါ့။ အဓိကကတော့ government ရဲ့ အခုလက်ရှိ သူတို့သွားနေတဲ့ plan နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမယ်ဆိုတာလည်း ရှိပါတယ်။ ဦးတို့အနေအနေနဲ့ UMFCCI အနေနဲ့ ready ဖြစ်အောင် ပြင်ဆင်နေတဲ့အပိုင်းပေါ့နော်။ SME ရော၊ တခြားရော ခြုံမိအောင်လုပ်နေပါတယ်။"

ကုန်ထုတ်လုပ်မှုပိုင်း၊ ဝန်ဆောင်မှုပိုင်းနဲ့ ကုန်သွယ်ရေးပိုင်းတွေကိုပဲ စစ်တမ်းကောက်ယူတာဖြစ်တယ်လို့ ပြောပါတယ်။ ကောက်ယူတာမှာ ရန်ကုန်က စက်ရုံတွေ ပိုများပြီး နယ်က နည်းမယ်လို့ ဆိုပါတယ်။

လာမည့်ဇွန်လကုန်လောက်မှာတော့ စီးပွားရေး ထိခိုက်မှုအခြေအနေ အကဲဖြတ်မှုတွေကို အချောသတ် ပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောဆိုထားဖူးပါတယ်။ အဲဒီကမှ နောက်ထပ် ကုစားရေး အစီအစဉ်တွေနဲ့ ဆက်ပြီး အကောင်အထည် ဖော်ရမယ့် လုပ်ငန်းစဉ်တွေ ထွက်ပေါ်လာမယ်လို့ ဦးအောင်နိုင်ဦးက ပြောထားပါတယ်။ စီးပွားရေးကဏ္ဍအစုံ နယ်ပယ်စုံ ပြန်လည်ထူထောင်နိုင်မယ့် COVID-19 ဘက်စုံတုံ့ပြန်ရေး စီမံချက် ကိုလည်း ထူထောင်လုပ်ဆောင်သွားဖို့လည်း လုပ်ဆောင်နေတယ်လို့ အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

ကိုဗစ် ၁၉ ရောဂါ ရိုက်ခတ်မှုကြောင့် ထိခိုက်သွားရတဲ့ စီးပွားရေးလုပ်ငန်းတွေ အပေါ် ပြန်လည်ဆန်းစစ်တဲ့ စီးပွားရေးစစ်တမ်းအပြင် ကျန်းမာရေးနဲ့ လူမှုရေးထိခိုက်မှုတွေ ဆန်းစစ်အကဲဖြတ်ထားတဲ့ စစ်တမ်းတခုကိုလည်း ကောက်ယူပေးနေတယ်လို့ ဒီအပိုင်းကို တာဝန်ယူ ကောက်ယူပေးနေတဲ့ ကုန်သည်စက်မှုအသင်းချုပ် UMFCCI က ဒေါက်တာမောင် မောင်လေးက ဗွီအိုအေကိုပြောပြပါတယ်။

"ပြတ်လပ်မှု မရှိအောင်ရယ်၊ တနေ့လုပ်မှ တနေ့စားရတဲ့ လူတွေရယ်၊ မိသားစုတွေကို ပံ့ပိုးဖို့ပါပဲ။ လိုအပ်ချက်ကို လိုအပ်တဲ့ လိုအပ်သလို ဖြည့်ဆည်းပေးသွားဖို့ လုပ်တာပါ။ တိုင်းအစိုးရတွေနဲ့ပဲ တွဲတွဲပြီးတော့ ဒါကို အန်ကယ်တို့သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း ကုန်သည်စက်မှုအသင်းတွေနဲ့ တွဲပြီးတော့ လုပ်နေတာပါ။ ဒေသအသီးသီးမှာ လိုအပ်တဲ့အတိုင်းကို နိုင်ငံတော်ကို ပံ့ပိုးတဲ့အနေနဲ့ပါ။"

ဒီလိုကောက်ယူတာမှာ စက်ရုံ၊ အလုပ်ရုံတွေ ကြုံရတဲ့ နစ်နာမှုတွေ ပါဝင်သလို ဝန်ထမ်း အလုပ်သမားတွေနဲ့ ပတ်သတ်တဲ့ အခြေအနေ ကျန်းမာရေးပိုင်း စောင့်ရှောက်ခံရမှုနဲ့ ခံစားခွင့်တွေနဲ့ ပတ်သတ်တာတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ စက်ရုံ၊ အလုပ်ရုံတွေကို ပြန်လည်စိစစ်ပြီး ခွင့်ပြုနေပေမယ့် ကိုဗစ်ကပ်ဘေးဆိုင်ရာ အခြေအနေတွေကြောင့် စက်ရုံ၊ အလုပ်ရုံတချို့ မလည်ပတ်နိုင်တာတွေ ကြုံနေရတယ်လို့ ရွှေလင်ဗန်း စက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းကပြောပါတယ်။

"အခုစက်ရုံ၊ အလုပ်ရုံတော်တော်များများကတော့ ဖွင့်ခွင့်ရအောင် ပြင်ဆင်နေပါပြီ။ စက်ရုံ ၂၀၀ လောက်ဖွင့်ခွင့်ရသွားပါပြီ။ စက်ရုံတွေက ဘယ်စက်ရုံမဆို အားလုံး ရာနှုန်းပြည့် ပြန်ဖွင့်တယ်ဆိုတာ မရှိနိုင်သေးပါဘူး။ ဆန်စက်၊ အအေးခန်းလိုဟာမျိုးကတော့ လူနည်းနည်းပဲ သုံးတဲ့ လုပ်ငန်းတွေကျတော့ အဆင်ပြေတယ်။ သူ့ဟာသူ run နေတာပေါ့နော်။ ဒါပေမဲ့လည်း ဝယ်လိုအားတွေ အများကြီးကျသွားတယ်။"

ရန်ကုန်တိုင်း ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း က အတွင်းရေးမှူး ဒေါက်တာမြင့်ဦးကတော့ စစ်တမ်းကောက်ယူမှုက မြေပြင်ကို တကယ်လွှမ်းခြုံနိုင်မှသာ စီးပွားရေးကို ပြန်ကုစားနိုင်မယ်လို့ ပြောပါတယ်။

"စစ်တမ်းကောက်တာ ကျနော့် အမြင်ကတော့ အောက်ခြေအနေအထားကို တိတိကျကျ သေချာလေ့လာပြီး သေချာတင်ပြရင် တကယ်ထိရောက်မယ်ထင်ပါတယ်။ မတိကျရင်တော့ ထိရောက်မှု နည်းမှာပေါ့နော်။ ဘယ်အပိုင်း ဘယ်လောက်ထိခိုက်လဲဆိုတာ မြေပြင်မှာ ဖြစ်နေတာတွေကို သေချာတဲ့ ဒေတာကောက်ယူမှုတွေ ဖြစ်ဖို့ တကယ်လိုအပ်ပါတယ်။"

လက်ရှိမှာတော့ စက်ရုံ အလုပ်ရုံ ထက်ဝက်နီးပါး ပြန်လည်လည်ပတ်နိုင်ခြင်း မရှိသေးသလို အသေးစားလုပ်ငန်းတွေရဲ့၆၀ ရာခိုင်နှုန်းရှိတဲ့ စားသောက်ကုန် လုပ်ငန်း တွေနဲ့ အိမ်တွင်း စက်မှုလုပ်ငန်းတွေရဲ့ ၈၀ ရာခိုင်နှုန်းရှိတဲ့ micro လုပ်ငန်းတွေ ရပ်နားထားရတဲ့ အထိ နစ်နာခဲ့တယ်လို့ ကုန်သည်စက်မှု အသင်းချုပ်က ပြောပါတယ်။ လတ်တလောမှာတော့ အသေးစိတ်ဆုံးရှုံးမှု ပမာဏကို ကောက်ယူနေဆဲဖြစ်တယ်လို့ ပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG