သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုင်သာယာနဲ့ တာမွေမြို့နယ်တွေမှာ COVID-19 စစ်တမ်းကောက်မည်


ရန်ကုန်မြို့ရှိ လမ်းတခုတွင် နှာခေါင်းစည်းတပ်ထားတဲ့ အမျိုးသမီး နှစ်ဦးကို တွေ့ရ (မတ် ၂၅၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ လမ်းတခုတွင် နှာခေါင်းစည်းတပ်ထားတဲ့ အမျိုးသမီး နှစ်ဦးကို တွေ့ရ (မတ် ၂၅၊ ၂၀၂၀)

(Zawgyi/Unicode)

လှိုင်သာယာရပ်ကွက် တချို့နဲ့ တာမွေမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း COVID-19 စစ်ဆေးမှု စစ်တမ်းကောက်ယူသွားမယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ပြောလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

ဝန်ထမ်းထောင်ချီရှိတဲ့ လှိုင်သာယာ ချန်းရိဖိနပ်စက်ရုံက ဝန်ထမ်းတယောက် COVID-19 ကူးစက်ခံရပြီးနောက်ပိုင်း ရန်ကုန်တိုင်းရဲ့ လူဦးရေအထူထပ်ဆုံး စက်ရုံဝန်ထမ်း အများဆုံးရှိတဲ့ ဒီမြို့နယ်အတွက် အများစုက စိုးရိမ်မှုတွေ ရှိနေကြတာပါ။ လာမယ့် မေလ ၁၆ ရက် စနေနေ့မှာ ချန်းရိစက်ရုံနဲ့ COVID-19 တွေရှိထားတဲ့ ၆ ရပ်ကွက်၊ ၁၀ ရပ်ကွက်အတွင်းနေထိုင်သူတွေကို ကျန်းမာရေး စစ်ဆေးပြီး ကျန်းမာရေး စစ်တမ်းကောက်ယူသွားမယ်လို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

“လောလောဆယ် ကျနော်တို့ အစည်းအဝေးမှာ တိုင်ပင်ထားတာက စနေနေ့မှာ လှိုင်သာယာမှာလုပ်မယ်။ တနင်္ဂနွေနေ့မှာ တာမွေမှာ လုပ်မယ်ပေါ့၊ အဲဒါပဲ တိုင်ပင်ထားသေးတယ်၊ တာမွေတို့ ဘာတို့တော့ မလျာရသေးဘူး။ ကျနော်တို့ နောက်အစည်းအဝေး ထပ်ခေါ်ဦးမှာ ခေါ်ပြီးတော့ ဘယ်နေရာတွေ လုပ်သင့်လဲဆိုပြီးတော့ တိုင်ပင်ဦးမှာပေါ့နော်။”

COVID-19 တွေ့ရှိခဲ့တဲ့ ချန်းရီစက်ရုံနဲ့ ရပ်ကွက် ၂ ခုမှာ စစ်ဆေးမယ့် လူဦးရေ အတိအကျကို မခန့်မှန်းနိုင်သေးကြောင်း၊ ညှိနှိုင်းမှုတွေလည်း လှိုင်သာယာ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောပါတယ်။

“ချန်းရီစက်ရုံရယ်၊ ပိုးတွေ့ခဲ့တဲ့ ၁၀ ရပ်ကွက်ရယ်၊ ကျန်စစ်သားအိမ်ရာရယ်၊ အဲဒီနေရာတွေကို ကောက်မှာ။ လူဦးရေ ၈,၀၀၀ ကျော်လောက်ကို ခန့်မှန်းထားပေမဲ့ ဒီထက်များနိုင်တယ်၊ အများကြီးများနိုင်တယ်။”

ဆက်ပြီးလုပ်မယ့် လုပ်ငန်းအသေးစိတ်ကို ညှိနှိုင်းနေတယ်လို့ သူကပြောပါတယ်။ အလုပ်ရုံစက်ရုံတွေနဲ့ အလုပ်သမားဦးရေ များပြားတဲ့ လှိုင်သာယာမြို့နယ်ထဲမှာ လူဦးရေ ၁၀၀,၀၀၀ ကျော်နေထိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြို့နယ်အနှံ့ ကျန်းမာရေးစစ်ဆေးမှုတွေယူတဲ့အခါမှာ ရောဂါပိုးရှိ၊ မရှိ စမ်းသပ်မှုတွေပါ လုပ်သွားမယ်လို့ သိရပေမဲ့ ရောဂါပိုးဓါတ်ခွဲစမ်းသပ်မှုကို အရေအတွက် ဘယ်လောက်များများ လုပ်နိုင်မလဲ မသေချာသေးပါဘူး။

မေလ ၆ ရက်ကလည်း COVID-19 ပိုးတွေ့သူအများဆုံးရှိတဲ့ အင်းစိန်မြို့နယ် ရပ်ကွက် ၄ ခုမှာ လူဦးရေ ၄၀,၀၀၀ ကျော်ကို ကျန်းမာရေးစစ်တမ်း ကောက်ယူခဲ့ပြီး ၃ ယောက်ကို ဆေးရုံ၊ ၁၆ ယောက်ကို ကျန်းမာရေးစောင့်ကြည့်စင်တာတွေကို ပို့ပေးခဲ့ပါတယ်။ အင်းစိန်တမြို့နယ်လုံး ကျန်းမာရေးစစ်ဆေးမှုတွေ ယူခဲ့ရမှာ ရလဒ်ကောင်းတွေ ရှိခဲ့တာကြောင့် ရန်ကုန်တိုင်းက အခြားမြို့နယ်တွေကိုပါ အလားတူ စစ်ဆေးမှုလုပ်ဖို့ စဉ်းစားခဲ့ကြတာပါ။ ဒါပေမဲ့လည်း လူဦးရေ များပြားတဲ့မြို့နယ်တွေမှာ ဒီလို ကျန်းမာရေးစစ်တမ်းယူဖို့ဆိုတာ ကျန်းမာရေး ဝန်ထမ်းအင်အား လုပ်အားပေး ဝန်ထမ်းအင်အား အတော်များများ လိုအပ်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG