သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ COVID-19 တိုက်ဖျက်ရေးအတွက် ကုလနဲ့ EU အကူအညီတွေ ထပ်မံရောက်ရှိ


EU နှင့် ဆွစ်ဇာလန်တို့က လှူဒါန်းပြီး ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးသည့် Test Kits များ။ (မေ ၁၀၊ ၂၀၂၀)
EU နှင့် ဆွစ်ဇာလန်တို့က လှူဒါန်းပြီး ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးသည့် Test Kits များ။ (မေ ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာ့ COVID-19 တိုက်ဖျက်ရေးမှာ ဥရောပသမဂ္ဂ (EU) နဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အကူအညီတွေ ဆက်လက်ရရှိနေပေမယ့် မြန်မာနိုင်ငံကို ငွေကြေးခဝါချတဲ့ နိုင်ငံများစာရင်းမှာ ထည့်သွင်းလိုက်တဲ့ အချက်ကြောင့် အကူအညီတွေ လျော့သွားနိုင်တဲ့အကြောင်း မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက် ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) က ပေးပို့တဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးတဲ့ Test Kits တွေထဲက ပထမအသုတ်အနေနဲ့ Test Kit စမ်းသပ်ပစ္စည်း အစုံပေါင်း ၁၀,၀၀၀ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို ဆိုက်ရောက်လာပါတယ်။ ဒုတိယအကျော့အဖြစ် Test Kit စမ်းသပ်ပစ္စည်း အစုံ ၁၀,၀၀၀ ကတော့ ဇွန်လမတိုင်ခင် ထပ်ရောက်မယ်လို့လည်း ခန့်မှန်းရပါတယ်။

ကုလသမဂ္ဂအဖွဲ့ကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က မလေးရှားနိုင်ငံ ကွာလာလမ်ပူနဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့ကြား လေကြောင်းခရီးစဉ် ပျံသန်းပေးနေပြီး လူသားချင်း စာနာထောက်ကူမှုဆိုင်ရာ ကုန်စည်တွေနဲ့ လူပုဂ္ဂိုလ်တွေကို ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။ WFP ရဲ့ လေကြောင်းခရီးစဉ် အတွက်ကိုတော့ ဥရောပသမဂ္ဂ (EU) နဲ့ ဆွစ်ဇာလန်တို့က ရန်ပုံငွေ ထောက်ပံ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ရောဂါတိုက်ဖျက်ရေး အသုံးပြုနေရတဲ့ ဆေးရုံဆေးခန်းသုံး PPE တွေဖြစ်တဲ့ နှာခေါင်းစည်းတွေ၊ ရောဂါကာကွယ်ရေး ဝတ်စုံတွေ ပြည်တွင်းမှာ ထုတ်လုပ်မှုကို အားပေးတဲ့အနေနဲ့ ပြည်တွင်း အထည်ချုပ်စက်ရုံ ၂ ခုကနေ ကျပ်သိန်း ၂,၀၀၀ ဖိုး PPE ပစ္စည်းတွေ မှာယူခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ပြည်တွင်း အထည်ချုပ်လုပ်ငန်းတခုဖြစ်တဲ့ ရွှေဆည်းဆာ အထည်ချုပ်လုပ်ငန်းပိုင်ရှင် ဒေါ်နှင်းသက်မွန်ကတော့ အခုဆိုရင် တရက်ကို PPE ဝတ်စုံ ၂,၀၀၀ နီးပါး ထုတ်လုပ်နိုင်လာပြီဖြစ်ကြောင်း AFP သတင်းအေဂျင်စီကို ပြောပါတယ်။

“ဆေးရုံအုပ်ကြီးတွေကိုယ်တိုင် ဆက်လာတယ်၊ တကယ်လိုအပ်နေတယ်ပေါ့နော်။ မလိုအပ်ဘဲနဲ့တော့ သူတို့ ဆက်လာမှာမဟုတ်ဘူး။ တချို့ဆိုရင် လာယူဖို့ကို သူတို့ဘက်ကလည်း ကြိုးစားရတယ်။ လမ်းတွေက ပိတ်ထားတာ ဆိုတော့လေ။ ကျမတို့က COVID တောင်မှ တခါတလေ မေ့ပြီးတော့ စိတ်ညစ်စရာဆိုတာကို မေ့ပြီးတော့ တိုက်ပွဲတခု လုပ်နေသလိုမျိုးပဲ၊ စီစဉ်နေသလိုပဲ။”

ပြည်တွင်းမှာ PPE ဝတ်စုံတွေ ဈေးကြီးနေချိန်မှာ သူတို့ကတော့ အစုံ ၁၀,၀၀၀ လောက် လှူဒါန်းနိုင်ပြီလို့လည်း ပြောပါတယ်။ စက်ရုံထဲမှာလည်း နှာခေါင်းစည်းတွေ ဝတ်ထားတဲ့ အထည်ချုပ်ဝန်ထမ်းတွေ ပျားပန်းခပ် ချုပ်လုပ်နေကြတာပါ။

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေဘက်က မြန်မာနိုင်ငံတွင်းမှာ စိုက်ပျိုးရေး၊ အသေးစားချေးငွေ၊ ကျေးလက်ဖွံ့ဖြိုးရေး အပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် အများအပြား ရှိနေတာပါ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာပဲ မြန်မာနိုင်ငံကို ငွေကြေးခဝါချတဲ့ နိုင်ငံအဖြစ် EU က သတ်မှတ်ခဲ့ပြီးနောက် EU အဖွ့ဲဝင် နိုင်ငံတွေရဲ့ မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတချို့ ဆုံးရှုံးရနိုင်ခြေ ရှိနေပါတယ်။

တင့်တင့်မြန်မာလုပ်ငန်းစု အကြီးအကဲ ဒေါ်တင့်တင့်လွင်ကတော့ ဟန်ဂေရီနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်ဖြစ်သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟန်ဂေရီနိုင်ငံခရီးစဉ် အတွင်းမှာလည်း စီးပွားရေး ဆွေးနွေးပွဲတွေ စီစဉ်ခဲ့သူ ဖြစ်ပါတယ်။

“အထည်ချုပ်တခုတည်း မဟုတ်ဘဲနဲ့ ဥပမာ GIZ ပေါ့နော်၊ ဂျာမနီက NGO အဖွဲ့မျိုး၊ ဒီလိုအဖွဲ့တွေဟာဆိုရင် မြန်မာပြည်က စီးပွားရေးလုပ်ငန်း အသေးလေးတွေကို ရှေ့ဆောင်လမ်းပြလုပ်ထားတာ အများကြီးရှိပါတယ်။ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ ဖြန့်ဝေတာ၊ ကော်ဖီလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စက်ချုပ်လုပ်ငန်း၊ အခြေခံတွေ သင်ပေးတာ၊ အသေးစားချေးငွေပေးပြီး သူတို့ ဖွံ့ဖြိုးရေး ထူထောင်ပေးတာတို့၊ တချို့ အခြေခံအဆောက်အဦပိုင်းတွေမှာ ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးတာတို့ ဒါကတော့ လုံး၀ ရပ်တန့်သွားတာပေါ့နော်။ ဂျာမနီအနေနဲ့တော့ GIZ ကို ဆက်လက်ပြီးတော့ အသစ်ပေါ့၊ အဟောင်းတွေတော့ ပြီးဆုံးအောင် ဆက်သွားမယ်၊ ဒါပေမယ့် GIZ ကနေ စီမံကိန်းအသစ်တွေ လုံး၀ ချပေးတော့မှာ မဟုတ်တော့ဘဲနဲ့ ဥရောပသမဂ္ဂကပဲ ဒါတွေကို စိစစ်ပြီးတော့မှ ချပေးချင်လည်း ချပေးမယ်၊ ရပ်ဆိုင်းချင်လည်း ရပ်ဆိုင်းမယ်။ ဒီအခြေအနေမျိုးတွေ ဖြစ်သွားတာပေါ့။”

ငွေကြေးခဝါချတဲ့နိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံတွင်းမှာ ဖွံ့ဖြိုးရေး၊ ရင်းနှီးမြှုပ်နှံမှုတွေအတွက် EU အဖွဲ့ဝင် နိုင်ငံတွေဘက်ကတော့ တုံ့ဆိုင်းသွားမယ့် အနေအထားပါလို့လည်း ဒေါ်တင့်တင့်လွင်က ရှုမြင်ပါတယ်။ ဒါ့အပြင် EU နဲ့ မြန်မာကြား ငွေကြေး လွှဲပြောင်းမှုတွေမှာလည်း ငွေရရှိမှု အရင်းအမြစ်နဲ့ ပတ်သက်ပြီး ပိုပြီး တိတိကျကျ ရှင်းလင်းရတော့မယ့် အခြေအနေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------------

(Unicode)













XS
SM
MD
LG