သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သားအသုံးပြုတဲ့စာရင်းကနေ တပ်မတော်ပယ်ဖျက်ခံရတဲ့အပေါ် ဘယ်လိုမြင်ကြလဲ


၂၀၁၆ ခုနှစ်၊ မတ်လက ကလေးစစ်သားတချို့ကို မိဘများထံသို့ တပ်မတော်က ပြန်လည်လွှဲပြောင်းပေးခဲ့သည့် မှတ်တမ်းဓာတ်ပုံ။
၂၀၁၆ ခုနှစ်၊ မတ်လက ကလေးစစ်သားတချို့ကို မိဘများထံသို့ တပ်မတော်က ပြန်လည်လွှဲပြောင်းပေးခဲ့သည့် မှတ်တမ်းဓာတ်ပုံ။

[Zawgyi/Unicode]

ကလေးစစ်သား စုဆောင်းအသုံးပြုတဲ့ လက်နက်ကိုင်စာရင်းကနေ ပယ်ဖျက်လိုက်ပြီလို့ မြန်မာစစ်တပ်ကို ကုလအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ ပြောထားပါတယ်။ ဒါပေမဲ့လည်း ကတိဂဝတ်တွေအတိုင်း တပ်မတော်က ဆက်လုပ်ဖို့နဲ့ တိုင်းရင်းသားဒေသတွေမှာ ကလေးစစ်သား အသုံးပြုတာတွေ မရှိအောင် လုပ်ဆောင်ဖို့လည်း အရပ်ဘက်နဲ့ နိုင်ငံရေးအဖွဲ့တွေက တိုက်တွန်းတဲ့အကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြထားပါတယ်။

ကလေးသူငယ်များနဲ့ လက်နက်ကိုင်များ ပဋိပက္ခဆိုင်ရာ ၂၀၂၀ ခုနှစ် ကုလအစီရင်ခံစာမှာ မြန်မာစစ်တပ်ကို အခုလို ပယ်ဖျက်လိုက်တဲ့အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ ကလေးသူငယ်အရေး လုပ်နေသူတွေက ကြိုဆိုလိုက်ပါတယ်။ ကလေးစစ်သားစုဆောင်းတာ လျော့ကျသွားတာ၊ စုဆောင်းတဲ့ကိစ္စတွေကို ဖော်ထုတ်ပြီး အစီရင်ခံပါမယ်ဆိုတဲ့ သဘောတူညီချက်ကို လိုက်နာတာ ဒီအချက်တွေနဲ့ ပယ်ဖျက်လိုက်တာပါ။

ဒါပေမဲ့ အစိုးရအနေနဲ့ အသိပညာပေးတာ၊ တိုင်းရင်းသားရေဒီယို သတင်းဌာနတွေက အသိပညာပေးတာတွေ လုပ်နေပေမဲ့လည်း ဒီလိုကိစ္စတွေဖြစ်လာရင် တိုင်ကြားမှုအပိုင်းက အခုအချိန်ထိ အားနည်းနေတယ်လို့ Save the Children ရဲ့ ကလေးသူငယ် ကာကွယ်ရေးဆိုင်ရာ အစီအစဉ်မှူးဖြစ်သူ ဒေါ်ငြိမ်းချမ်းဝင်းက ဗွီအိုအေကို ပြောပါတယ်။

“Awareness raising တွေကတော့ လုပ်နေပြီပေါ့နော်။ သူတို့ billboard တွေထောင်တယ်၊ ကားဂိတ်တွေ၊ မီးရထားတွေ၊ သူတို့ စစ်တပ်နားတွေမှာလည်း billboard တွေထောင်တယ်။ သို့သော်လည်းပဲ ဘယ်လောက်အထိ အောက်ခြေ level အထိ awareness raising ကလေ အားနည်းသေးတဲ့ အတွက်ကြောင့် ကျမမြင်တာက တိုင်းရင်းသားတွေ နေတဲ့ နေရာမျိုးတွေမှာဆိုရင် တိုင်ရမယ်ဆိုတဲ့ဟာ awareness ( အသိ) ဖြစ်လားမဖြစ်လား စစ်တမ်းကောက်ထားတာမရှိဘူး ပြောရမယ်ဆိုရင်လေ။ အခု Child Rights Law မှာတော့ ကလေးစစ်သား အသုံးပြုတာ၊ ဒါမှမဟုတ် စုဆောင်းတာ တရား မဝင်ပါဘူးဆိုတဲ့ဟာကို ဥပဒေအရ ပြဋ္ဌာန်းလိုက်တယ်ဆိုတော့ ဒါက အားသာချက်ပေါ့နော်။ ရှေ့ဆက်ပြီးတော့ awareness raising က ပိုလုပ်ရဦးမယ်လို့ ကျမထင်တယ်ပေါ့နော်။”

အစိုးရမဟုတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲကဆိုရင် မွန်ပြည်သစ်ပါတီဟာ ၂၀၀၇ လောက်က ဆွစ်ဇာလန်နိုင်ငံ GenevaCall အဖွဲ့နဲ့ ကလေးစစ်သား အသုံးမပြုရေးကိစ္စကို လက်မှတ်ရေးထိုးထားပါတယ်။ အလားတူပဲ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) က ၂၀၁၉ နိုဝင်ဘာ ၂၇ မှာ GenevaCall အဖွဲ့နဲ့ လက်မှတ်ရေးထိုးခဲ့ပြီး ကရင်အမျိုးသား တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦး၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နဲ့ ကရင်အမျိုးသား အစည်းအရုံးတို့လည်း ကလေးသူငယ် အကာအကွယ်ပေးရေး စာချုပ်မှာ လက်မှတ်ထိုးထားတာပါ။

မြန်မာစစ်တပ်ကို ကလေးစစ်သား စုဆောင်း အသုံးပြုတဲ့စာရင်းကနေ ကုလအဖွဲ့ချုပ်က ပယ်ဖျက်လိုက်တဲ့အပေါ် မွန်ပြည်သစ်ပါတီက ကြိုဆိုလိုက်ပြီး တကယ်တမ်းလည်း လက်နက်ကိုင်အဖွဲ့တွေက လက်တွေ့ မြေပြင်မှာ စာချုပ်သဘောတူညီချက်တွေ အသက်ဝင်မှုရှိအောင် လိုက်နာဖို့လိုတယ်လို့ ပါတီရဲ့ ဗဟိုနိုင်ငံရေးဌာန တာဝန်ခံ နိုင်အောင်မငေးက ဗွီအိုအေကို ပြောပါတယ်။

“ဒါက ပယ်ဖျက်လိုက်တော့ ကောင်းပါတယ်၊ ဒါပေမဲ့ လက်တွေ့ကျကျဖြစ်ဖို့တော့ အရေးကြီးတယ်။ တကယ့်မြေပြင် အခြေအနေမှာရော၊ တကယ် ကလေးစစ်သား မရှိဘူးဆိုတာကို၊ ဒါ မရှိအောင်တော့ ထပ်စစ်၊ ထပ်စစ်ပြီးတော့ confirm လုပ်ဖို့ အရေးကြီးတယ်ပေါ့နော်။ လက်မှတ်ထိုးထားပြီးတော့ အကယ်၍ မလိုက်နာရင် ဘယ်လိုအရေးယူမှု လုပ်မလဲဆိုတာလည်း လုပ်ပေးရမှာပေါ့နော်။”

နယ်ခြားစောင့်တပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာတော့ ကလေးစစ်သား ရှိ၊ မရှိဆိုတာ အချက်အလက်ကောက်ယူရ ခက်ခဲပြီး စစ်မှုထမ်းမိဘနဲ့ အတူလိုက်ပါလာတာမျိုး၊ သူတို့ရဲ့ အမျိုးသားကျောင်းတွေမှာ ဆယ်ကျော်သက်အရွယ်တွေကို စစ်ဝတ်စုံနဲ့ သင်ကြားပေးတာမျိုး ဒါတွေက ကလေးစစ်သား ရှိတယ်လို့ အထင်မှားစေနိုင်ကြောင်း လက်နက်ကိုင်အဖွဲ့တချို့က ပြောပါတယ်။

မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကတော့ အုပ်ထိန်းသူက သူတို့ဆီတိုင်ကြားလာရင် ကာကွယ်ရေးဦးစီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ပေးတယ်လို့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးတွေကို အသုံးချတာ ရပ်တန့်ဖို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းရဲ့ နောက်ဆက်တွဲ အခြေပြစာချုပ်ကိုလည်း မြန်မာနိုင်ငံက ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ရေးထိုးထားပါ။ စာချုပ်သဘောတူညီချက်မှာ ၁၈ နှစ်အောက်တွေကို တပ်အင်အားစုဆောင်းတာ မလုပ်ဖို့နဲ့ ပြည်တွင်း ဥပဒေတွေမှာလည်း သဘောတူထားတဲ့ အချက်တွေကို ထည့်သွင်းရမှာဖြစ်ပါတယ်။ ကုလအတွင်းရေးမှုးချုပ်ရဲ့ ကလေးစစ်သားအသုံးပြုမှုစာရင်းထဲ မြန်မာ့တပ်မတော်ကို ပယ်ဖျက်ထားပေမဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ကတော့ အဲဒီစာရင်းထဲမှာ ဆက်ရှိနေတုန်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG