(Zawgyi / Unicode)
ထိုင်းနိုင်ငံ မြန်မာသံရုံးမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ ပေးနိုင်ပြီဆိုပေမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ ဘန်ကောက် မြန်မာသံရုံးကို အရောက်လာမဲပေးဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဒီအတွက် အဆင်ပြေအောင်တော့ မြန်မာသံရုံးဘက်က စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် အလုပ်အကိုင် အခက်အခဲတွေကြားက ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတာတွေကို စနေနေ့က စခဲ့ပေမယ့် လူဦးရေ ၅၀၀ ကျော်သာ မဲပေးနိုင်ခဲ့ပြီး ဒုတိယ တနင်္ဂနွေနေ့မှာတော့ လူဦးရေ ပထမနေ့ကထက် ပိုများတယ်လို့ ဆိုပါတယ်။ တိုင်းနဲ့ပြည်နယ်အလိုက် ခွဲထားတဲ့အတွက် စက်ရုံတခုတည်းကနေ အတူတူလာလို့ မရတာတွေလည်း ရှိနေကြတယ်လို့ ဆိုပါတယ်။
စေတနာ့ဝန်ထမ်း လုပ်ပေးနေသူတွေကတော့ အဝေးကလာတဲ့သူတွေ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် မြန်မာသံအမတ်ကြီးကို တင်ပြထားတယ်လို့ ဘန်ကောက်မြို့က မရီရီဦးက ပြောပြပါတယ်။
“ကြေညာတာကလည်း မဲပေးရမယ့် စာရင်းဇယားကို ၂ ရက်နေ့မှာ ကြေညာတော့ တချို့ကလေးတွေက မသိကြဘူး။ ဘန်ကောက်က လူတွေကတော့ နေ့ချင်းသွားလို့ရတယ်။ တောင်ပိုင်းကလာတဲ့ ကလေးတွေက အဝေးကြီး တညလုံး ကားပေါ်အိပ်ပြီး လာကြရတယ်။ ဗော်လန်တီယာတွေကတော့ တောင်ပိုင်းကလူတွေကိုတော့ တနေ့တည်းမှာ ပေးနိုင်အောင် စီစဉ်ပေးဖို့ တောင်းဆိုထားပါတယ်။”
မဲထည့်ဖို့ အခက်အခဲဖြစ်နေရတဲ့ အလုပ်သမားတွေရဲ့ အခြေအနေကိုတော့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က အခုလို ပြောပြပါတယ်။
“သူ့အမည်နာမည်လည်း ပါလာပြီ။ သူပေးရမယ့် နေ့ရက် အချိန်နာရီလည်း သိပြီ။ ဒါပေမယ့် သံရုံးကို လွယ်လင့်တကူ မသွားနိုင်တာကြောင့်တကြောင်း၊ သံရုံးနဲ့ ကိုယ်နေတဲ့နေရာနဲ့ ဝေးတော့ ငွေကုန်ကျတာလည်း များတယ်။ မော်တော်ယာဉ်နဲ့ ခရီးသွားလာဖို့ ခက်တယ်။ ကိုယ့်နာမည် ဘယ်နေ့မှာပါတယ် ဆိုတာကို မသိတာလည်း ပါတယ်။ မြန်မာသံအမတ်ကြီးကတော့ စက်ရုံက အလုပ်သမားတွေနဲ့ ပတ်သက်လို့ အလုပ်သမားဝန်ကြီးဌာနကို ခွင့်တောင်းထားပေမယ့် အလုပ်ရုံတွေက ကုန်ထုတ်လုပ်မှု ကျဆင်းမှာစိုးလို့ ခွင့်မပြုတာလည်း ပါနိုင်တယ်။ အဲဒီအကြောင်းတရားတွေ တိုက်ဆိုင်သွားတော့ မဲပေးမှု အားနည်းသွားတယ်လို့ ကျနော်တို့က သုံးသပ်ပါတယ်။”
မဲထည့်ရတဲ့နေ့ မတူတာပဲဖြစ်ဖြစ် မဲထည့်ဖို့ ရောက်လာရင်တော့ ညနေ ၆ နာရီအတွင်းမှာ မဲထည့်နိုင်ဖို့ စီစဉ်ပေးနေတယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
“ရောက်လာခဲ့ရင်လည်း ညနေ ၆ နာရီအတွင်း ရောက်လာတဲ့သူတွေ အားလုံးကို လုပ်ပေးမှာပဲ။ အဲဒါကြောင့် စောင့်နိုင်ရင်တော့ စောင့်လို့ရတယ်။ တချို့ကျ ညနေမှလာမယ်၊ ညနေ ၆ နာရီအတိုင်ခင် အထဲရောက်ရင် အကုန်ပေးမှာပဲ။”
မြန်မာသံရုံးဘက်ကတော့ သတ်မှတ်ထားတဲ့ရက်မှာ မရောက်လာသူတွေ ရှိတာကြောင့် သတ်မှတ်ရက်မဟုတ်ဘဲ မဲပေးဖို့ စောင့်နေတဲ့သူတွေရှိရင် မဲပေးနိုင်ဖို့ စီစဉ်ပေးနေပါတယ်။
မဲထည့်တဲ့ ပထမနေ့မှာ လူဦးရေ ၁,၈၀၀ လောက် သတ်မှတ်ထားပေမယ့် လူဦးရေ ၅၀၀ ကျော်လောက်သာ မဲထည့်နိုင်ခဲ့တာကြောင့် သတ်မှတ်ထားတဲ့ ရက်အတွင်း မဲထည့်ဖို့ စာရင်းပေးသွင်းထားသူ ၃၆,၀၀၀ ကျော်လုံး မဲပေးနိုင်ဖို့ မပေးနိုင်ဖို့တော့ မသေချာသေးပါဘူး။
----------------------
(Unicode)