သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲမဖြစ်သေးတဲ့ ပေါက်တောမြို့နယ်ဘက်ပစ်ခတ်မှု ကလေး ၁ ဦးပါ၊ ၅ ဦးဒဏ်ရာရ


ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသောစစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသော စစ်ရှောင် ဒုက္ခသည်များကို စစ်တွေမြို့မှာ တွေ့ရ။ (ဇွန် ၂၉၊ ၂၀၂၀)
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသောစစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသော စစ်ရှောင် ဒုက္ခသည်များကို စစ်တွေမြို့မှာ တွေ့ရ။ (ဇွန် ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ မဖြစ်ဘူးသေးတဲ့ နယ်မြေတခုဖြစ်တဲ့ ပေါက်တောမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး တစ် ဦးအပါအဝင် လူ ငါး ဦး ဒဏ်ရာရသွားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲမဖြစ်ဘူးသေးတဲ့ ပေါက်တောမြို့နယ်မှာ အခုနောက်ဆုံး လက်နက်ကြီးကျည် ကျရောက်ရာက ဒေသခံတွေ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

မနေ့ညနေပိုင်းမှာ ပေါက်တောမြို့နယ်ကျော်ရှင်ရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာက ဒဏ်ရာရရှိခဲ့တာလို့လည်း ဒေသခံရွာသား ဦးအောင်စံမင်းက ပြောပါတယ်။

“ပစ်တာကတော့ကာ ဗမာ NAVY က ပစ်တာပါ။ အိမ်ကတဆောင်ထိပြီး နောက်တအိမ်က နောက်တအိမ်ကျ လူ ငါး ယောက်ဒဏ်ရာရပါတယ်။ ငါးယောက်ပါ... စိုးရိမ်ရပါတယ်။ ဒဏ်ရာကတော့ များပါတယ်။”

ဒဏ်ရာရသူတွေကတော့ ကျော်ရှင်ကျေးရွာက အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တဦး၊ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ၂ ဦး အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ ၅၅ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်တယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲဖြစ်ပွါးတာ မရှိဘဲ ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုကြောင်းလည်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ဗွီအိုအေကိုပြောပါတယ်။

“မြစ်ထဲကနေပြီးတော့ တပ်မတော်ရေ စစ်သင်္ဘောနှစ်စီးပေါ့ဗျာ။ ညနေပေါက်တောနဲ့မင်းပြား နယ်စပ်လို့ ပြောလို့ ရတာပေါ့။ ကျော်ခေါင်ကျေးရွာရဲ့ အောက်နား အဲဒီနားအရောက်မှာ ပစ်သံကြားပါတယ်။ ဒေသခံတွေ ကျနော်တို့ သတင်းပေးရသလောက်ကတော့ အဲဒီအနားမှာ တိုက်ပွဲလည်း ဖြစ်တာမရှိဘူးဆိုပြီးတော့မှ သိရပါတယ်။ ပေါက်တောမြို့နဲ့ ၃ မိုင်ကျော်ကျော်လောက်ဝေးတဲ့ ကျော်ရှင်ကျေးရွာမှာ လက်နက်ကြီးကျပြီးတော့ လူ ၅ ဦး ထိတယ်ဆိုတဲ့ သတင်းကို ကျနော်တို့ ရပါတယ်။ ဆိုတော့ ၅ ဦးထိတဲ့အထဲမှာ ၆ နှစ်ပေါ့နော်... မိန်းကလေးတဦးပါပါတယ်။ ကျန်တာကတော့ ၂၀ ဝန်းကျင်အမျိုးသမီးနှစ်ဦးရယ်။ ၅၀ ကျော်လောက်ရှိတဲ့ အမျိုးသမီးကြီးတဦးရယ်။ အမျိုးသား တဦးပေါ့ဗျာ။ ၅ ဦးလက်နက်ကြီးကျည်စထိတာကိုတွေ့ပါတယ်ဗျ။ ခုကတော့ပေါက်တောဆေးရုံမှာ သူတို့ဆေးကုသမှု ခံယူနေကြပါတယ်။”

ရခိုင်ပြည်နယ် နေရာတော်တော်များများမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်ပွါးနေပေမဲ့ ပေါက်တောမြို့နယ်မှာတော့ တိုက်ခိုက်မှုတွေ မဖြစ်ဘူးသေးပါဘူး။ ဒါပေမဲ့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ လုံခြုံရေးအရ စိတ်မချရတဲ့ နယ်မြေအဖြစ် ပေါက်တောမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်ကို ပယ်ဖျက်ထားပါတယ်။

မနေ့တုန်းကပဲ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာလည်း ပစ်ခတ်မှုကြောင့် ဒေသခံရွာသား သုံး ဦး ဒဏ်ရာရခဲ့သလို ကျန်တဲ့သူတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံရွာသား ကိုထွန်းကျော်က ပြောပါတယ်။

“သုံးယောက်ထိသွားတယ် စက္ကရေရွာက။ မိန်းကလေးတယောက်က အခြေအနေတော်တော်ဆိုးတယ်လို့ပြောတယ်။ သူက သန်းသန်းစိုးလို့ခေါ်တယ်။ စစ်တွေဆေးရုံကိုပို့ထားတယ်။ အခုရွာမှာသိပ်မရှိတော့ဘူး။ ကျနော် ဆွေမျိုးတွေဆို ဒီမှာရောက်နေကြပြီး မင်းပြားမှာပေါ့။ တခြားလူတော့ သစ်ပေါတောင်တို့၊ ရွှေချောင်းတို့၊ ခွေးတောက်ချောင်းတို့ အဲဘက်ကိုရွှေ့သွားကြတယ်။”

ရွာသား ရှစ် ဦးထက် မနည်း ဒဏ်ရာရခဲ့တဲ့ မနေ့က မင်းပြားနဲ့ ပေါက်တောမြို့နယ်တွေက ပစ်ခတ်မှုတွေဟာ တပ်မတော်ရေတပ်ရဲ့ လက်ချက်အဖြစ် ဒေသခံတွေကပြောနေတာကြောင့် အခြေအနေကိုသိနိုင်အောင် တပ်မတော်ပြောခွင့်ရသူကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

၂၀၂၀ ပြည့်နှစ် ဇွန်လကနေ အောက်တိုဘာ ၃၀ ရက်နေ့အထိ နှစ်ဘက်တပ်ဖွဲ့တွေရဲ့စစ်ရေးတင်းမာမှုအကြား လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုတို့ကြောင့် အရပ်သား ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့သလို သေဆုံးသူ ၄၅ ဦးထိ ရှိလာနေပြီလို့ ရခိုင်ပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံမှာ ဒီနှစ် ၂၀၂၀ ပြည့် ပထမ ၃ လအတွင်း ကလေးငယ် ၁၀၀ ကျော် သေကြေဒဏ်ရာရခဲ့ပြီး ဒီကိန်းဂဏန်းဟာ ပြီးခဲ့တဲ့နှစ် တနှစ်လုံးရဲ့ ထက်ဝက်ကျော် ရှိနေတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးကလည်း ဒီလထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

တိုကျပှဲမဖွဈသေးတဲ့ ပေါကျတောမွို့နယျဘကျပဈခတျမှု ကလေး ၁ ဦးပါ၊ ၅ ဦးဒဏျရာရ














XS
SM
MD
LG