သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာချီလိတ် ကိုဗစ်ရန်ကြောင့် ထိုင်းနိုင်ငံသားတွေ နေရပ်ပြန်


ထိုင်းနိုင်ငံသားများ တရားဝင်နယ်စပ်တံတားကနေ ပြန်လာနေကြတဲ့ မြင်ကွင်း။ (ဓာတ်ပုံ- ထိုင်းနယ်ခြားစောင့်တပ်- ဒီဇင်ဘာလ ၃၊ ၂၀၂၀)
ထိုင်းနိုင်ငံသားများ တရားဝင်နယ်စပ်တံတားကနေ ပြန်လာနေကြတဲ့ မြင်ကွင်း။ (ဓာတ်ပုံ- ထိုင်းနယ်ခြားစောင့်တပ်- ဒီဇင်ဘာလ ၃၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ တာချီလိတ်မြို့ကနေ တရားဝင်နေရပ်ပြန်နိုင်ဖို့ ကြိုးပမ်းနေကြတဲ့ ထိုင်းနိုင်ငံသားတွေထဲက ဒီကနေ့ ၄၀ ကျော် ပြန်လာကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပါပေးမယ်။

မြန်မာနိုင်ငံ တာချီလိတ်မြို့ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ပြန်လာကြတဲ့ ထိုင်းနိုင်ငံသားတချို့မှာ ကိုဗစ်ရောဂါပိုး ကူးစက်နေတာ တွေ့ရှိခဲ့ပြီးနောက် တရားဝင်နေရပ်ပြန်ဖို့ ကြိုးစားနေတဲ့ ထိုင်းနိုင်ငံသားတွေထဲက ၄၁ ဦး ဒီကနေ့ပဲ မဲဆိုင်မြို့ကို ပြန်လာကြတာပါ။ ကြာသပတေးနေ့အထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အတည်ပြုလူနာ ၅၅ ဦး ရှိနေတဲ့ တာချီလိတ်ကနေ နေရပ်ပြန်ဖို့ ထိုင်း၊ မြန်မာ နယ်ခြားကော်မတီကို ထိုင်းနိုင်ငံသား ရာနဲ့ချီ စာရင်းပေးထားကြောင်းလည်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ထိုင်းစစ်တပ်ရဲ့ အမှတ် ၃ မြောက်ပိုင်းဒေသက ဗိုလ်မှူးကြီး Col. Samrit Chatwattanasakul ကလည်း မြန်မာနိုင်ငံကနေ ပြန်လည်ကြာမယ့် ထိုင်းနိုင်ငံသားတွေ အနေနဲ့ တရားဝင် အစီအစဉ်နဲ့သာ နေရပ်ပြန်ကြဖို့ ထိုင်းနိုင်ငံ၊ မဲဆိုင်မြို့က နယ်ခြားကော်မတီအရေးပေါ် အစည်းအဝေးမှာ တိုက်တွန်းသွားပါတယ်။

"ထိုင်းနိုင်ငံသားတွေအနေနဲ့ တရားမဝင် လူပွဲစားတွေ ဆိုင်ကယ်ကယ်ရီတွေနဲ့ ထိုင်းနိုင်ငံထဲကို ပြန်ဝင်ကြမယ်ဆိုရင် ကိုဗစ်ရောဂါ ထိန်းချုပ်ဖို့ အလွန်ခက်ပြီး ထိုင်းနိုင်ငံထဲမှာပါ ကူးစက်ပျံ့နှံ့လာမယ့် အန္တရယ်ရှိတာကြောင့် နယ်စပ်အာဏာပိုင်တွေထံ တရားဝင်စာရင်းပေးပြီး ပြန်ကြဖို့နဲ့ အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ ထိုင်းဘာသာနဲ့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

တာချီလိတ်မြို့က ဖျော်ဖြေရေးနဲ့ ကာစီနိုလောင်းကစားရုံတွေမှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီး ၆ ဦး ထိုင်းနိုင်ငံကို တရားမဝင် ပြန်လာပြီးနောက် ကိုဗစ်ရောဂါပိုး ကူးစက်နေတာ တွေ့ရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံက ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ အရှိန်မြှင့် ကြိုးပမ်းလာနေတာပါ။ ရောဂါပိုးကူးစက်မှု အတည်ပြုလူနာ ထိုင်းအမျိုးသမီး ၆ ဦး နေထိုင်သွားလာခဲ့တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နဲ့ ဖိကျစ်ခရိုင်တွေက စာသင်ကျောင်းတချို့ကို ပိတ်ထားပြီး ချင်းမိုင်မြို့က ကုန်တိုက်ကြီးတခုကိုလည်း ယာယီပိတ်ပြီး ပိုးသတ်ဆေးဖြန်း သန့်ရှင်းနေရပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၄,၀၀၀ ကျော် ရှိတဲ့ ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်မှုတွေ လျော့ပါးနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၀၀၀ လောက်နဲ့ ကူးစက်သူ ၉၃,၀၀၀ ကျော်ရှိနေတာကြောင့် ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ်ဒေသ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG