သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာငြိမ်းချမ်းရေးကော်မရှင် KNPP နဲ့ အွန်လိုင်းဆွေးနွေး


အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကရင်နီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) တို့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - NRPC၊ နေပြည်တော်၊ ဒီဇင်ဘာ ၀၇၊ ၂၀၂၀)
အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကရင်နီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) တို့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - NRPC၊ နေပြည်တော်၊ ဒီဇင်ဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတင်နိုင်ရေး online ကနေ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကရင်နီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) တို့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - NRPC၊ နေပြည်တော်၊ ဒီဇင်ဘာ ၀၇၊ ၂၀၂၀)
အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကရင်နီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) တို့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - NRPC၊ နေပြည်တော်၊ ဒီဇင်ဘာ ၀၇၊ ၂၀၂၀)

အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ဆွေးနွေးခဲ့ကြတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၊ ငြိမ်းချမ်းရေးကော်မရှင်တို့ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ မနေ့တုန်းက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ကို လက်မှတ် မရေးထိုးသေးတဲ့ KNPP အဖွဲ့နဲ့ ဆွေးနွေးမှုမှာတော့ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အဓိက ဆွေးနွေးခဲ့ကြောင်းလည်း ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက VOA ကို ပြောပါတယ်။

“အဓိကတော့ ဒေသဖွံ့ဖြိုးရေးကိစ္စ ၂ ခုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိစ္စတစ်ခုပေါ့။ အဲဒီ ခေါင်းစဉ် ၃ ခု ဆွေးနွေးပါတယ်။ ၃ ခုလုံးဆွေးနွေးရတာ အဆင်ပြေပါတယ်။”

ငြိမ်းချမ်းရေးဆွေးနွေးရာမှာတော့ အရင် ဆွေးနွေးထားတဲ့ Deed of Commitment ခေါ် ကတိပြုချက်ကို လက်မှတ်ရေးထိုးရေးအတွက် ဆွေးနွေးခဲ့ကြကြောင်းလည်း ဦးလှမောင်ရွှေက ပြောပါတယ်။

“ကျနော်တို့ ချင်းမိုင်မှာ နောက်ဆုံး ဆုံခဲ့စဉ်အခါတုန်းကလည်း KNPP အနေနဲ့ Deed of Commitment (DOC) တစ်စောင်ထိုးဖို့ အဆိုပြုတာမျိုးတော့ ရှိခဲ့တယ်။ ဒါပေမဲ့ လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ဆိုရင် ကျနော်တို့ သဘောတူညီချက် ထိုးမယ်ဆိုရင်လည်း အချို့ကိစ္စရပ်တွေကတော့ ပြန်လည်သုံးသပ်ပြီးတော့ ညှိနှိုင်းပြင်ဆင်ဖို့တော့ လိုတယ်ပေါ့လေ။ အဲဒါတွေလည်း ဆွေးနွေးပါတယ်။ ဆွေးနွေးပွဲလည်း ကောင်းပါတယ်။ နောက်တစ်ကြိမ်ဆွေးနွေးပွဲကိုတော့ ဇန်နဝါရီလထဲမှာ လုပ်ဖို့ ပြင်ဆင်နေတယ်ပေါ့လေ။”

ဒီဆွေးနွေးပွဲကို အစိုးရဘက်က ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ဦးဆောင်ခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကတော့ ဒုတိယဥက္ကဋ္ဌ ခူးဦးရယ်က ဦးဆောင်ပြီး ကိုယ်စားလှယ် ၄ ဦး ပါဝင်ပါတယ်။

KNPP ဘက်က online ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ဖွံ့ဖြိုးရေး၊ လူမှုလုံခြုံရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မတီ ဒုတိယတာဝန်ခံ ဦးထူးချစ်က ဒေသဖံံ့ွဖြိုးရေးလုပ်ငန်းအတွက် ပြည်ထောင်စု၊ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးနိုင်ခဲ့ကြောင်း ပြောပါတယ်။

“ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ကတော့ ရလဒ်ကောင်းတယ်လို့ ပြောလို့ရတယ်။ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရနဲ့ ပေါင်းပြီးတော့ သူတို့ရဲ့ ဘက်ဂျက်ကို သေချာကြည့်ပြီးတော့ ကျနော်တို့ ဆယ်တောရိုထဲမှာ ကျောင်းထဲမှာ လျှပ်စစ်မီး ရရှိရေးကိစ္စကို သူတို့ ဆောင်ရွက်ပေးမယ်။ နှစ်ဆန်းအလွန်ဆုံးပဲ ဆိုပြီးတော့ အဲဒီလိုမျိုး အဲဒါကို NRPC ကလည်း သဘောတူတယ်ပေါ့။ ကျောင်းအတွက်က လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက မီးလျှောက်ထားတာ။ အဲဒါ လုံးဝမရဘူး။ အခု ရတယ်ဆိုတော့ ဘာပဲ ပြောပြောကောင်းတယ်လို့ ပြောရတာပေါ့။”

ဆယ်တောရိုဘော်ဒါကျောင်းဟာ ဖရူဆိုနဲ့ ဒီမောဆိုမြို့အကြားမှာ တည်ရှိပြီး ဝေးလံတဲ့အရပ်ဒေသက ကလေးငယ် ၁၀၀ လောက်ကို ပညာသင်ကြားနိုင်အောင် ဖွင့်လှစ်ထားတာပါ။ ဒီကျောင်းအတွက် နိုင်ငံတကာ အကူအညီအထောက်အပံ့ ရရှိဖို့အတွက်လည်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက်လည်း ဆွေးနွေးနိုင်ခဲ့ကြောင်း ဦးထူးချစ်က ပြောပါတယ်။

KNPP ရဲ့ ငြိမ်းချမ်းရေးအလားအလာနဲ့ ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ KNPP တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

လောလောဆယ်မှာတော့ အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၊ ငြိမ်းချမ်းရေးကော်မရှင်ဟာ နောက်တစ်ပတ်အတွင်းမှာ NCA လက်မှတ် ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေသလို NCA လက်မှတ် မရေးထိုးသေးတဲ့အဖွဲ့တွေနဲ့ ဆွေးနွေးနိုင်ဖို့လည်း ဆက်သွယ်ဆောင်ရွက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG