သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက် နမ္မတူမှာ RCSS နဲ့ TNLA တိုက်ပွဲဖြစ်ပွား


TNLA တပ်ဖွဲ့ဝင်တချို့။ (မှတ်တမ်းဓာတ်ပုံ - TNLA news & information)
TNLA တပ်ဖွဲ့ဝင်တချို့။ (မှတ်တမ်းဓာတ်ပုံ - TNLA news & information)

[Zawgyi/Unicode]

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ ခုကြား နယ်မြေအငြင်းပွားမှုကြောင့် ဒီနေ့အစောပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

နမ္မတူမြို့နယ်မှာ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS နဲ့ တအာင်းပလောင်တပ်ဖွဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၂ ဘက် အဖွဲ့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ ပိုင်နက်နယ်မြေအငြင်းပွားရာက တိုက်ပွဲဖြစ်ခဲ့တာလို့လည်း TNLA အဖွဲ့ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်ကပြောပါတယ်။

“တိုက်ပွဲကတော့ ဒီမနက် ၈ နာရီလောက်ကနေစဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့အကြောင်းရင်းက RCSS တပ်ဖွဲ့က နယ်မြေ ကျူးကျော်ဝင်ရောက်လာလို့ တိုက်ပွဲပြန်ဖြစ်ပွါးတာဖြစ်တယ်။ ဖြစ်တဲ့ဒေသမှာတော့ နေရာတွေက နမ္မတူမြို့နယ် မန်စံနဲ့ ပန်ကွတ်ကြားလောက်ကျမယ်။ တောထဲမှာ တောင်ကုန်းတနေရာ ရှိတယ်။ အဲဒီတောင်ကုန်း တောင်ကြောတနေရာမှာ ဖြစ်တယ်။”

မွန်းလွဲပိုင်းအထိ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။

RCSS ရှမ်းလက်နက်ကိုင်အဖွဲ့ ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းအုမ်ခေးကလည်း နမ္မတူမြို့နယ်မှာ TNLA အဖွဲ့ဝင်တွေနဲ့ မွန်းလွဲပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း အခုလိုပြောပါတယ်။

“RCSS တပ်ဖွဲ့တွေ ရှိတဲ့နေရာမှာ TNLA တပ်က ဝင်တိုက်လိုက်တယ်။ အဲဒီနေရာက ဟိုပန်တောင်းတံတား နမ္မတူမြို့နယ်ထဲကပေါ့နော်... အဲဒီအနားကပေါ့။ ၈ နာရီတုန်းကစဖြစ်တယ်။ အခုတောင်ဖြစ်နေသေးတယ်။”

နမ္မတူမြို့နယ် မန်စံနဲ့ ပန်ကွတ်ဒေသတွေမှာ RCSS နဲ့ တအာင်းပလောင်တပ်ဖွဲ့ TNLA တို့ကြား ၂၀၁၈ ခုနှစ်ကတည်းက စစ်ရေးတင်းမာနေတာပါ။ ဒီဒေသမှာပဲ ၂၀၁၉ ခုနှစ်ထဲ TNLA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ဖူးပါတယ်။ ဒေသတွင်းမှာ စစ်ရေးတင်းမာမှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံရွာတွေလည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရဘူးပါတယ်။ တနှစ်ကျော်အကြာ တိုက်ပွဲငြိမ်သက်ရာကနေ ဒီကနေ့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာလို့လည်း နမ္မတူစစ်ရှောင် စခန်း ဒုဥက္ကဋ္ဌ စိုင်းဘဉာဏ်က ပြောပါတယ်။

“တနှစ်ကျော်ကျော်လောက်တောင်ရှိနေပြီ တိုက်ပွဲသံမကြားတာ။ အခုဒီနေ့မှပဲ ဒီသတင်းပြန်ရတယ်။ ၂၀၁၈ တုန်းက ဖြစ်တယ်ဆိုတုန်းက သူတို့လည်း ရှောင်လာကြတာပဲလေ။ တချို့ရွာမှာဆိုရင်အစောင့်လောက်ထားပြီးတော့မှ ပြန်လာကြတယ်။ တိုက်ပွဲတွေ မဖြစ်တော့ဘူးဆို ပြန်သွားလိုက် အဲဒီလိုပဲပေါ့။”

နမ္မတူမြို့နယ်အပြင် ရှမ်းပြည်မြောက်ပိုင်းက ကွတ်ခိုင်၊ ကျောက်မဲ၊ မန်တုန်၊ နမ့်ဆမ်ဒေသတွေမှာလည်း RCSS နဲ့ TNLA တို့အကြား နယ်မြေပိုင်ဆိုင်မှုအတွက် စစ်ရေးတင်းမာနေပါတယ်။ TNLA အပါအဝင် မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကရော တပ်မတော်ကပါ တဘက်သတ်အပစ်အခတ်ရပ်စဲရေး ကြေညာထားချိန်မှာပဲ ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲဖြစ်နေတာပါ။

ဒီဇင်ဘာ ၅ ရက်နေ့မှာတုန်းကလည်း တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA တို့ သီပေါမြို့နယ်မှာ တိုက်ပွဲဖြစ်ခဲ့တာပါ။ ဒါပေမဲ့လည်း တိုက်ပွဲပြင်းထန်မှု မရှိခဲ့ကြောင်း RCSS ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းအုမ်ခေးက ပြောပါတယ်။

“RCSS တပ်ဖွဲ့က နယ်မြေရှင်းလင်းရေးလှုပ်ရှားနေရင်းနဲ့ သတင်းမရခဲ့လို့ အချင်းချင်းနည်းနည်း ထိတွေ့မှုဖြစ်သွားတာ ခဏလေးပဲ။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲရပ်တန့်နိုင်ဖို့ အချင်းချင်းတွေ့ဆုံဆွေးနွေးသွားဖို့ လိုအပ်တယ်လို့ ပြောဆိုနေကြပေမဲ့ လက်တွေ့မှာ တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိသေးသလို ရံဖန်ရံခါ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

တောင်ပိုင်းရှမ်းလက်နက်ကိုင်အဖွဲ့ RCSS ဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ဖြစ်ပြီး RCSS နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA နဲ့တအာင်းပလောင်တပ်ဖွဲ့TNLA တို့ကတော့ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွေ ကျင်းပရာမှာ စစ်ရေးပဋိပက္ခတွေ ကြုံနေရတဲ့ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် အပါအဝင် ပြည်နယ်နဲ့တိုင်း ၆ ခုက မဲဆန္ဒနယ်မြေ တချို့ကိုတော့ လုံခြုံရေးအတွက် စိုးရိမ်ရတာကြောင့် ပယ်ဖျက်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

ရှမျးမွောကျ နမ်မတူမှာ RCSS နဲ့ TNLA တိုကျပှဲဖွဈပှား














XS
SM
MD
LG