{{Zawgyi/Unicode}}
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံရေးပါတီတချို့က ရွေးကောက်ပွဲမဲရလဒ်ကို ကန့်ကွက်နေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် ကိုမိုးဇော် အခုလိုသတင်းပေးပို့ထားပါတယ်။
မိုင်းတုံမြို့နယ်မှာ မဲမသမာမှုတွေရှိတာကြောင့် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုထားသလို၊ မိုင်းဆတ်နဲ့ မိုင်းဖြတ်မြို့နယ်တွေမှာလည်း အလားတူတင်ပြဖို့ နိုင်ငံရေးပါတီတချို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ မိုင်းတုံမြို့နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူနဲ့ ပြည်နယ်လွှတ်တော် အမှတ် ၁ အတွက် ၂နေရာကို အနိုင်ရထားပြီး ပြည်နယ်လွှတ်တော် အမှတ် ၂ မှာ ၀ အမျိုးသားပါတီက အနိုင်ရထားတာပါ။
ဒီမဲရလဒ်တွေဟာ တရားမျှတမှုမရှိတာကြောင့် ပယ်ဖျက်ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြတောင်းဆိုထားတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ စိုင်းဝင်းမြတ်ဦးက VOA ကို အခုလို ပြောပါတယ်။
“ ကျနော်တို့ ၁၁ရက်နေ့ကတော့ ၀ ထိန်းချုပ်တဲ့ နယ်မြေထဲမှာ ရှိတဲ့ မဲရုံ ၁၅ရုံရဲ့ မဲရလဒ်တွေကို ပယ်ဖျက်ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ထားပါတယ်။ အခုလည်း တရားမဲ့ ပြု့ကျင့်မှုတွေနဲ့ ထပ်တင်ဖို့ ကန့်ကွက်ဖို့ ထပ်တင်ဖို့ အချက်အလက်တွေ စုဆောင်းနေပါတယ်။”
ရွေးကောက်ပွဲ ရလဒ်ကို ကန့်ကွက်ရတဲ့ အကြောင်းရင်းကိုလည်း သူကအခုလို ရှင်းပြပါတယ်။
“ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက မဲစာရင်းတွေမှာ မှတ်ပုံတင်မရှိတဲ့လူက ၇၀ ရာခိုင်နှုန်းလောက်ပါ နေတယ်။ မဲစာရင်းထဲမှာ မှတ်ပုံတင်မရှိတဲ့အပြင် အဖေ၊ အမေ နံမည်မပါတာလည်း ၁၂ရာခိုင်နှုန်း လောက်ပါတယ်။ အဲဒါ ကျနော်တို့ ကန့်ကွက်တယ်ဗျ။ မိုင်းတုံ၊ မိုင်းဆတ် ၂မြို့နယ်ပေါ့။ သူတို့က မှန်မှန်ကန်ကန်လုပ်ထားတယ်ဆိုပြီးတော့ ဖြေရှင်းချက် ပေးတယ်ဗျ။ အဲဒီ ရွေးကောက်ပွဲနေ့ကျတော့ အသက်မပြည့်တဲ့ ကလေးတွေ မဲလာပေးတယ်။ တချို့ ယောက်ျားလေးက မိန်းကလေး နံမည်နဲ့ တိုကင်တွေ ကိုင်ပြီး လာပေးတယ်ဗျ။ မဲရုံမှုးကို သွားပြောတော့လည်း လူမမှန်ပေမဲ့ တိုကင်က မှန်နေတာပဲ မဲပေးခွင့်ရှိရမယ်ဆိုပြီးတော့ ဆက်မဲပေးခိုင်းတယ်ဗျ။ အဲလိုမျိုး။ အဲဒါကြောင့် ကျနော်တို့ကလည်း ကန့်ကွက်တာပါ။ ”
မိုင်းတုံမြို့နယ်မှာ SNLD ခေါ် ကျားခေါင်းပါတီက ဒုတိယမဲအများဆုံး ရခဲ့တာပါ။ မိုင်းဆတ်မြို့နယ်မှာလည်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ကန့်ကွက်ဖို့ ပြင်ဆင်နေကြောင်းကို မိုင်းဆတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးခင်မောင်ဦးက ပြောပါတယ်။
...............................................
{{Unicode}}