သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်ထိန်းချုပ်ရေး သတ်မှတ်ချက်တွေလိုက်နာဖို့ တိုက်တွန်းနေရဆဲ


ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ တွေ့ရတဲ့ နှာခေါင်းစည်းတပ်အလုပ်သွားကြသူများ။ (ဒီဇင်ဘာ ၀၇၊ ၂၀၂၀)
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ တွေ့ရတဲ့ နှာခေါင်းစည်းတပ်အလုပ်သွားကြသူများ။ (ဒီဇင်ဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

COVID -19 ကပ်ရောဂါကူးစက်မှု အန္တရာယ်ကို ထိန်းချုပ်နေရဆဲအချိန်မှာ ကာကွယ်ရေးစည်းကမ်း မလိုက်နာသူတွေနဲ့ အိမ်ပြင်ထွက်သူတွေ များလာတာကြောင့် ကျန်းမာရေးတာဝန်ရှိသူတွေ ထပ်မံ သတိပေးနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန် ရောဂါကာကွယ်ရေး ကန့်သတ်ချက်တွေကို လိုက်နာကြဖို့ လိုအပ်နေပြီး အရေးကြီးဆုံးအချက်ဖြစ်တဲ့ ပါးစပ်နဲ့နှာခေါင်းစည်း အကာအကွယ်တွေကို မဖြစ်မနေ တပ်ဆင်ကြဖို့နဲ့ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ လူစုလူဝေးရှောင်ကြဉ်ဖို့ကိုလည်း ထပ်ပြီးသတိပေးနေတာပါ။ နေ့စဉ်ရောဂါကူးစက်ခံရသူ ၁,၀၀၀ ကျော်နဲ့ သေဆုံးသူ မပြတ်ရှိနေတဲ့ ပြည်တွင်းကပ်ရောဂါဖြစ်ပွားမှု အခြေအနေဟာ ကာလရှည်လာတာနဲ့အမျှ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာရှင်လုပ်အားပေးတွေမှာလည်း အလုပ်ဝန်ပိတာတွေ ရှိလာပါတယ်။

ရောဂါပိုးကူးစက်ခံရသူ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းမှာတော့ နေ့စဉ်အတည်ပြုလူနာဦးရေဟာ ၅၀၀ ဝန်းကျင်မှာ ရှိနေတာပါ။ အခြေခံလူတန်းစား အများဆုံးနေထိုင်ရာ လူထူထပ်တဲ့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ဖျားနာကုအခမဲ့ဆေးခန်းမှာ အခုနောက်ပိုင်းလာပြတဲ့လူနာတွေဟာ အနံ့ပျောက်လက္ခဏာ ရက်ရှည်မှ ရောက်လာသူတွေများပြီး အနံ့ပျောက်လက္ခဏာစတာနဲ့ ဆေးခန်းပြဖို့ ဖျားနာကု အခမဲ့ဆေးခန်းတာဝန်ခံ ဒေါက်တာနိုင်မင်းထွဋ်က သတိပေးပါတယ်။

"လက္ခဏာ စပြတဲ့ ရက်ကနေ ၁၀ ရက်အတွင်းကို သူများကို ကူးစေတာပေါ့နော်။ ဥပမာ ဒီနေ့အနံ့စပျောက်တယ်ဆို ဒီနေ့ကနေ စပြီး နောက်ထပ် ၁၀ ရက်ပေါ့နော်။ အဲဒီ ၁၀ ရက်အတွင်းက ပိုးကသူများကို ကူးစေတယ်။ ဆိုတော့ အဲဒီအတောအတွင်းမှာ သူတို့အိမ်မှာနေတယ်ဆိုရင်တော့ အိမ်က မိသားစုတွေကို ကူးမှာပေါ့နော်။ အိမ်ကမိသားစုကို မကူးအောင် တသီးတသန့်ခွဲနေလို့ရတယ်ဆိုပေမယ့် များသောအားဖြင့် ရေချိုးခန်း၊ အိမ်သာကတော့ အတူတူသုံးတဲ့အတွက်ကြောင့် မိသားစုတွေက အနည်းနဲ့အများတော့ ကူးစက်ခံရမှုများတယ်။"

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာတော့ ရောဂါအတည်ပြုလူနာဦးရေ ၂၀ ရှိနေပြီး အခုချိန်မှာ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းရသူတွေရှိနေပေမယ့် ထပ်ပြီးကူးစက်ခံရသူ မရှိစေဖို့ ကာကွယ်ထိန်းချုပ်သွားမယ်လို့ ပလက်ဝဆေးရုံအုပ် ဒေါက်တာစိုးထက်ဝင်းက ပြောပါတယ်။

"ကျန်းမာရေးအခြေအနေက အခုကတော့ ကောင်းပါတယ်ခင်ဗျ။ COVID လူနာတွေလည်း တော်တော်များများဆေးရုံ ပြန်ဆင်းသွားကြပြီ။ ဆက်ပြီးတော့ကူးစက် ပျံ့နှံ့မှုမရှိဖို့ကိုတော့ ကျနော်တို့ကာကွယ်ရေးတွေလုပ်တယ်။ ပြီးတော့ အပြင်ကလာရင် Facility Quarantine တွေထားတယ်ပေါ့နော်။ အဲဒါမျိုး ကာကွယ်ရေးတွေလုပ်နေပါတယ်။"

ပြည်တွင်းကပ်ရောဂါကာလ ကြာမြင့်လာတာနဲ့အမျှ ကျန်းမာရေးဝန်ထမ်းတွေ၊ အလှူရှင်တွေနဲ့ လုပ်အားပေး စေတနာရှင်တွေမှာလည်း အခက်အခဲတွေရှိလာနေပါတယ်။ ဒီလိုအချိန်မှာ ကပ်ရောဂါကာကွယ်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ဒေါက်တာနိုင်မင်းထွဋ်က တိုက်တွန်းထားပါတယ်။

"အဓိကတော့ လူအားရှိမယ်၊ ငွေအားရှိမယ်၊ Volunteer အင်အားရှိမယ်၊ စက်ပစ္စည်းတွေရှိမယ်။ ကျန်တဲ့ဟာတွေဖြည့်လို့ရတယ်ဆိုပေမယ့် စက်ပစ္စည်းတွေ ငွေအားတွေတောင်မှ တကယ်တမ်းတော့ အလှူရှင်တွေက ပင်ပန်းနေကြပြီ။ ဘာလို့လဲဆိုတော့ ခေါင်းစဉ်သာပြောင်းသွားတယ်၊ ဘာအတွက် ဘာအတွက်ဆိုပြီး လှူတဲ့အလှူရှင်တွေကတော့ မပြောင်းတဲ့အတွက်ကြောင့်မို့ အလှူရှင်တွေလည်းပင်ပန်းလာပြီ။ နောက်တခုက Volunteer အင်အားပေါ့၊ ကျနော်တို့ဆို ၈ လကျော်ပြီပေါ့နော်။ ကြာလာတဲ့အခါကျတော့ တချို့ဆိုရင် အလုပ်ခွင်ပြန်ဝင်ရမှာတွေရှိတယ်။ တချို့ကျတော့လည်း ကိုယ်ကလုပ်သာလုပ်နေရတယ်၊ လူတွေကမလိုက်နာဘူး အဆင်မပြေတာတွေ တွေ့ရတဲ့အခါမှာ Volunteer တွေက စိတ်ဓာတ်ကျကျတယ်ပေါ့နော်။ ဆိုတော့ အချိန်ကာလကြာလာတာနဲ့အမျှ ကျနော်တို့တွေက နည်းနည်းလာတယ်ပေါ့နော် အဲဒါကိုတွေ့ရတယ်။ ဒီမှာနောက်ထပ်ထူးခြားတာ ဘာသွားတွေ့ရလဲဆိုတော့ ကျနော်တို့နိုင်ငံမှာ Volunteer အင်အားက ပြည်သူတွေရဲ့အင်အားနဲ့ပဲလှုပ်ရှားနေတာတွေ့ရတယ်။ တကယ်တမ်းတော့ ဒီဟာတွေကိုလုပ်ဖို့အတွက် Professional တခု အမှန်တကယ်လိုအပ်နေပြီလို့ ကိုဗစ်ကထောက်ပြလိုက်တယ်လို့ ယူဆပါတယ်။"

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်းထုတ်ပြန်ပြီး စာရင်းအရ ပြည်တွင်းမှာ ကပ်ရောဂါကြောင့်သေဆုံးသူ ၂,၃၀၀ ကျော်နဲ့ ရောဂါအတည်ပြုလူနာပေါင်းကတော့ ၁၁၁,၀၀၀ ကျော်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG