သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် ၃ မြို့နယ်မှာ ကိုဗစ်ကာကွယ်ဆေး စထိုးပေးတော့မယ်


ရခိုင်က ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးဖို့ ပြင်ဆင်နေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)
ရခိုင်က ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးဖို့ ပြင်ဆင်နေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အုပ်ချုပ်မှု အပြောင်းအလဲတွေ ရှိနေပေမဲ့ အများပြည်သူအတွက် ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံမယ့် အစီအစဉ်ကို သတ်မှတ်ထားတဲ့အတိုင်း ဆောင်ရွက်သွားဖို့ ပြင်ဆင်နေပါတယ်။ အာဏာသိမ်းမှုကို ကန့်ကွက်တဲ့အနေနဲ့ ကျန်းမာရေး လုပ်သားတွေ အပါအဝင် အရပ်ဘက်ဝန်ထမ်းတွေ အလုပ်မဆင်းဘဲ ဆန္ဒပြဖို့ လှုပ်ရှားမှုတွေ ရှိနေချိန်မှာပဲ ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ စီစဉ်နေရတဲ့ အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလနှောင်းပိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးတဲ့နောက် မနက်ဖြန်ကစပြီး အများပြည်သူကို ထိုးနှံပေးဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့လည်း တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် အုပ်ချုပ်မှုတွေမှာ အပြောင်းအလဲတွေကြောင့် အစီအစဉ်တွေ ထိခိုက်မှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကတော့ အစီအစဉ်တွေ အပြောင်းအလဲမရှိဘူးလို့ ပြောပါတယ်။

"မနက်ဖြန်မှာ စပြီးတော့ ထိုးပေးမှာပါ။ ရန်ကုန်မှာဆိုရင် မြို့နယ် ၃ မြို့နယ်နဲ့ စတင်မှာဖြစ်ပါတယ်။ ဒါကတော့ ဒဂုံမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်ရယ် အဲဒီမြို့နယ်တွေမှာရှိတဲ့ ၆၅ နှစ်နဲ့အထက် ပြည်သူလူထုကို စတင်ပြီးတော့ထိုးနှံပေးမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးတဲ့နေရာမှာလည်းပဲ အန္တရာယ်ကင်းအောင် ဘေးမှာလည်း အရေးပေါ်လိုအပ်တဲ့ ဆေးသေတ္တာအဆင်သင့် ဆောင်ထားမယ်။ ထိုးပြီးရင်လည်းပဲ နာရီဝက်စောင့်ရမယ်။ နာရီဝက်စောင့်ပြီး ဘာမှမဖြစ်တော့ဘူး စိတ်ချရပြီဆိုမှ ပြန်ရမယ်။ ပြင်းထန်တဲ့ဓာတ်မတည့်မှုတွေ ဖြစ်လို့ရှိရင် ချက်ချင်းဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ်တွေပါ တခါတည်းပေးမှာဖြစ်ပါတယ်။ ဒီနေရာမှာ တယောက်စီတိုင်းရဲ့ကာကွယ်ဆေးထိုးကဒ်ကို QR Code တွေနဲ့ ဆောင်ရွက်ထားမှာဖြစ်လို့ ဘယ်သူကတော့ ဆေးထိုးပြီးပြီ။ ဘယ်နေ့ထပ်ထိုးမယ်။ ဒါတွေကိုလည်း ကဒ်ထဲမှာ တခါတည်းရေးပေးလိုက်မှာ ဖြစ်ပါတယ်။"

ဇန်နဝါရီလနှောင်းပိုင်းနဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ ထိုးနှံပေးတဲ့ ကာကွယ်ဆေးတွေက အိန္ဒိယကနေ မေတ္တာလက်ဆောင်ရရှိထားတဲ့ Covishield အလုံးရေ ၁,၅၀၀,၀၀၀ ထဲကဖြစ်ပြီးတော့ ဝယ်ယူထားတဲ့ကာကွယ်ဆေးတွေလည်း ဒီလထဲမှာ ရောက်ရှိလာမယ့်အကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"ကျမတို့ အိန္ဒိယကနေ ဝယ်တဲ့ ကာကွယ်ဆေး သန်း ၃၀ မှာ ယူထားတာ ရှိပါတယ်။ သန်း ၃၀ မှာတော့ ၂,၀၀၀,၀၀၀ ပထမအသုတ်အနေနဲ့ လာဖို့ရှိပါတယ်။ အဲဒါကတော့ ပထမစီစဉ်ထားတာက ဖေဖော်ဝါရီ ၄ ရက်ပေါ့နော်။ ဖေဖော်ဝါရီ ၄ ရက်ကနေ ၁၁ ရက်ကို ပြောင်းထားပါတယ်။ ၁၁ ရက်နေ့မှာတော့ ကာကွယ်ဆေး ၂,၀၀၀,၀၀၀ ရောက်ရှိမယ်လို့ မျှော်လင့်လို့ရပါတယ်။ ပြီးရင် WHO (COVAX) ကနေပြီးတော့ Gavi အဖွဲ့နဲ့ပူးပေါင်းပြီးတော့ ဒီလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးတွေရဲ့ ပထမအသုတ်ကလည်း ဒီဖေဖော်ဝါရီလကုန်လောက်မှာ လာဖွယ်ရှိပါတယ်။ အဲဒါကတော့ ကျမတို့ အခုထိုးနေတဲ့ ကာကွယ်ဆေး Covishield ပဲဖြစ်ဖို့ များပါတယ်။ ဒါကတော့ WHO ရဲ့အစီအမံနဲ့ လာမယ့်ကာကွယ်ဆေးတွေဖြစ်ပါတယ်။ နောက်တခုက တရုတ်ကနေ လှူဒါန်းတဲ့ကာကွယ်ဆေး ၃၀၀,၀၀၀ ကလည်း သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ ချိတ်ဆက်ပြီးတော့ လှူဒါန်းတဲ့ကိစ္စတွေက ဆက်ဆောင်ရွက်နေမှာဖြစ်ပါတယ်။ နောက်တခုကကျတော့ ကာကွယ်ဆေးတွေက ဧပြီလနောက်ပိုင်းကစပြီးတော့ ကျမတို့ ဝယ်တဲ့ ကာကွယ်ဆေးတွေ အသုတ်လိုက်ရောက်ရှိဖို့ ရှိပါတယ်။"

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ဌာနဆိုင်ရာအုပ်ချုပ်ရေး အပြောင်းအလဲတွေကို ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးတွေကို တာဝန်ကနေရပ်နားပြီး အစားထိုးတာတွေ ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့လည်း ပါဝင်ခဲ့ပါတယ်။ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်းတချို့လည်း စစ်အစိုးရလက်အောက်မှာ အလုပ်မဆင်းဘဲ ဆန္ဒပြသူတွေလည်း ရှိလာပါတယ်။ ဒါပေမဲ့လည်း အရေးကြီးတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာတော့ ထိခိုက်လောက်တဲ့ အခြေအနေမရှိဘူးလို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"လက်ရှိမှာလည်း ကိုဗစ်ကုသရေးဌာန ဆေးရုံတွေမှာ ကုသမှု ပေးနေတဲ့ ဆရာဝန်တွေကလည်း ဆရာဝန်စိတ်ဓာတ်အပြည့်နဲ့ လူနာတွေကို ကုသမှုပေးနေပါတယ်။ ဘယ်သူမှ ဒီလူနာတွေကို ပစ်သွားရလောက်အောင် အသည်းနှလုံး မမာပါဘူး။ ကျမတို့ ဆရာဝန်တွေကတိသစ္စာပြုကတည်းကိုက လူနာတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပြုစုကုသပါမယ်ဆိုတာ ကျမတို့သစ္စာဆိုပြီးသား ဖြစ်ပါတယ်။ လက်ရှိအနေအထားအရ သက်ဆိုင်ရာဆေးရုံ၊ သက်ဆိုင်ရာ ဆေးပညာပါမောက္ခတွေ၊ သမားတော်ကြီးတွေ၊ မေ့ဆေးတွေကနေပြီးတော့ အကောင်းဆုံးလုပ်ဆောင်နေပါတယ်လို့ ပြောချင်ပါတယ်။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့စာရင်းအရ ပြည်တွင်းမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၃,၁၀၀ ကျော်နဲ့ ကူးစက်သူအတည်ပြုလူနာပေါင်း ၁၄၀,၉၀၀ ကျော်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG