သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာခင်ခင်ကြီးရဲ့ ကိုဗစ်ကာကွယ်ဆေးထိုး အတွေ့အကြုံ


ဒေါက်တာခင်ခင်ကြီး။
ဒေါက်တာခင်ခင်ကြီး။

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ခုချိန်ထိ ကိုဗစ်ကာကွယ်ဆေး ထိုးထားသူတွေထဲ ဓာတ်မတည့်သူ မရှိသလို ဆေးရုံတင်ရတဲ့ အခြေအနေထိ ရောက်သူလည်း မရှိဘူးလို့ ကိုယ်တိုင် ကာကွယ်ဆေးထိုးခံခဲ့သူ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။ ဒေါက်တာခင်ခင်ကြီးကို ဗွီအိုအေသတင်းထောက် မစုစု ဆက်သွယ်မေးမြန်းထားပါတယ်။

မစုစု - မနေ့ကဆိုရင် မြန်မာနိုင်ငံမှာ ပထမဆုံး ကာကွယ်ဆေးထိုးတဲ့ ဒုတိယရက်လို့ ပြောရမှာပေါ့။ ဒုတိယရက်မှာ ဆရာမက ကာကွယ်ဆေး ထိုးခဲ့တယ်ဆိုတော့ ဆရာမရဲ့ အတွေ့အကြုံနဲ့ စိတ်ခံစားချက်ကို ပြောပြပေးပါ။

ဒေါက်တာခင်ခင်ကြီး - “ဟုတ်ပါတယ်၊ မနေ့က ဒုတိယရက်မှာ ကျမတို့ ပြည်သူ့ကျန်းမာရေးက ဝန်ထမ်းတချို့နဲ့အတူ ကာကွယ်ဆေး သွားအထိုးခံခဲ့ပါတယ်။ ပထမနေ့မှာတော့ ဦးစားပေးက ကုသရေးပိုင်းက တာဝန်ရှိတဲ့သူတွေက ဦးစားပေးအနေနဲ့ ထိုးတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ရောဂါကူးစက်ဖြစ်ပွားမှုကို တိုက်ရိုက်ကိုင်တွယ်ပြီး အလုပ်လုပ်နေရတဲ့လူတွေ ဖြစ်ပါတယ်။ ပြီးရင် မနေ့ကတော့ ကျမတို့ ထိုးပါတယ်။ ကျမထိုးတဲ့အချိန်မှာတော့ မနေ့က ၃ နာရီထိုးဖို့ ၂ မိနစ်လိုတဲ့အချိန်မှာ ကျမ ကာကွယ်ဆေး ထိုးပြီးပါတယ်။

“ကာကွယ်ဆေး မထိုးခင်မှာ ကျမတို့ ဝင်သွားကတည်းက သူတို့ ခရီးဦးကြိုပါတယ်။ ပြီးရင် ကျမတို့ကို ထိုင်ခုံမှာ ထိုင်ခိုင်းပါတယ်။ ထိုင်ခိုင်းပြီး ကျမတို့ကို Pressure တိုင်းပါတယ်။ သွေးပေါင်ချိန် ဘယ်လောက်ရှိသလဲ၊ တကယ်လို့ သွေးပေါင်ချိန် တက်နေရင် ချက်ချင်းထိုးလို့မရပါဘူး။ ခန နားရပါမယ်။ နားပြီးမှ ပြန်တိုင်းပြီးမှ စိတ်ချရမှ။ ဘာဖြစ်လို့လဲဆိုတော့ လှုပ်ရှားမှုလုပ်ရင် သွေးပေါင်က အနည်းနဲ့အများ တက်လာတတ်တော့ သွေးပေါင် ပုံမှန်ရှိမရှိ တိုင်းပါတယ်။ Pressure Normal ရှိမရှိ တိုင်းပါတယ်။ Oxygen Situation Normal ရှိမရှိ တိုင်းပါတယ်။ ကျမကတော့ Oxygen Situation ၉၉၊ Pressure ကတော့ ၁၃၀/၇၅ ပေါ့၊ ဒါလည်း ကျမ ပုံမှန်အားဖြင့် ၁၂၀ လောက်ပဲ ရှိရာကနေ နည်းနည်းလေး Exertion ဖြစ်တဲ့အတွက်ကြောင့်ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ Exertion ဖြစ်တယ်ဆိုတာ စိုးရိမ်လို့ ကြောက်လို့တော့ မဟုတ်ပါဘူး။ ဝမ်းသာလို့။ တကယ့်ကို ဒီလိုမျိုး ကပ်ရောဂါအတွက် ကာကွယ်တဲ့ဆေး ကိုယ့်နိုင်ငံမှာ ထိုးနိုင်တယ်ဆိုတာ ဒါကိုလည်း ပီတိဖြစ်တယ်၊ ဝမ်းမြောက်တယ်ပေါ့။ ဒါကြောင့်လည်း ကျမ ၁၃၀ လောက်အထိ တက်သွားတယ်။ Temperature လည်း ကျမ Normal။ အဲဒါပြီးရင် ကျမရဲ့စာရွက်မှာ ရေးသွင်းတာတွေလုပ်တယ်။ ကျမက Married လား၊ Single လား မေးပါတယ်။ ပြီးရင် ကလေးရှိလား၊ ကလေးနို့တိုက်နေလား၊ ကိုယ်ဝန်ရှိနေသလား စသဖြင့် သေချာမေးပါတယ်။ အဲဒီလိုမျိုး သေချာ လုပ်ပြီးတော့မှ ထိုးမယ့်ဆီကို ကျမတို့ကို သွားခိုင်းပါတယ်။ ကျမတို့ထိုးမယ့်နေရာကတော့ အငြိမ်းစားဝန်ထမ်းဆေးရုံ နေပြည်တော် ကုတင် ၃၀၀ ဆေးရုံဖြစ်ပါတယ်။ အဲဒီဆေးရုံမှာ ထိုးမယ့်နေရာ ၅ ခုလောက် ထားထားပါတယ်။ Manage လုပ်တဲ့လူက ဒီနေရာသွားပါဆို အဲဒီမှာမှ ကိုယ်က ကာကွယ်ဆေးကို ထိုးမယ်၊ အခုထိုးတာကတော့ Covishield ကာကွယ်ဆေးဖြစ်တယ်၊ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးရင် ဖျားတာ၊ ရောင်တာ၊ နီတာ၊ နာတာ ဒါမျိုးတွေ ဖြစ်နိုင်တယ်လို့ ရှင်းပြတယ်။ ကာကွယ်ဆေးကို ထိုးပေးတဲ့သူကတော့ PPE Level 2 ဝတ်ဆင်ပါတယ်။ Mask ရယ်၊ Faceshield ရယ်၊ Apron ရယ် ဝတ်ဆင်ပါတယ်။ အခု ကျမတို့က အသားထဲထိုးရတဲ့ ကာကွယ်ဆေး ဖြစ်တဲ့အတွက်ကြောင့် ၉၀ ဒီဂရီ၊ ကိုယ့်ရဲ့ Alignment ပေ့ါ ကိုယ့်လက်မောင်းနဲ့ တန်းတန်းလေးထိုးပါတယ်။ ဒီဟာကတော့ တချို့တွေကပြောတယ်၊ ဟာ ဒီကာကွယ်ဆေးက အပ်တဆုံးထိုးတယ်၊ အပ်တဆုံးထိုးတာ မဟုတ်ပါဘူး။ အားလုံးလည်း မေးခိုင်ကာကွယ်ဆေးတွေ ထိုးဖူးကြတယ်။ ကိုယ်ဝန်ဆောင်တွေဆိုရင် ကိုယ်ဝန်တခါဆောင်ရင် မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ် သုံးကြိမ် ဒါမျိုးတွေ ထိုးဖူးကြတယ်။ ဒီသဘောပါပဲ၊ ဒါကို စိုးရိမ်စရာ မလိုပါဘူး။ နာလို့နာမှန်းတောင် မသိဘူး၊ ထိုးလို့ ထိုးမှန်းတောင် မသိဘူး။ ကျမ တကယ်ကို တော်တော် ကျေနပ်သွားပါတယ်။

“ထိုးပြီးရင် အဲဒါကို ဂွမ်းလေးနဲ့၊ မခြေရပါဘူး ကာကွယ်ဆေးထိုးပြီးရင်၊ ဂွမ်းလေးနဲ့ အသာလေးပဲ အဲဒီနေရာလေးကို ထိထားလိုက်ရင် ရပါပြီ။ ပြီးရင်တော့ သူက ပြောပါတယ်။ ကျမရဲ့ ကာကွယ်ဆေးထိုးကတ်မှာ အမည်၊ အသက်၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်၊ အလုပ်အကိုင်ကတော့ ကျန်းမာရေးဝန်ထမ်းဆိုတော့ Category 3 ထဲမှာ ပါပါတယ်။ အဲဒါက Automatic တခါတည်း ဖြည့်ပြီးသားဖြစ်ပါတယ်။ ဘာမှ လက်ရေးနဲ့ဖြည့်တာ မဟုတ်ပါဘူး။ သူက Electronic စနစ်နဲ့လုပ်တာ ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးသည် သာမန်ကာကွယ်ဆေးတွေလို မဟုတ်ပါဘူး။ ကမ္ဘာ့ကပ်ရောကို ရပ်တန့်နိုင်တဲ့ လက်နက်တခု ဖြစ်တဲ့အတွက် Electronically သေသေချာချာ မှတ်တမ်းတင်ပါတယ်။ မှတ်တမ်းတင်ပြီး ကျမထိုးတာသည် ၂ နာရီ ၅၈ ဖြစ်ပါတယ်ဆိုပြီး တခါတည်း ရေးပေးလိုက်ပါတယ်။ အဲဒီ ထိုးတဲ့အခါမှာ နောက်တကြိမ် ဘယ်တော့လာထိုးရမလဲ၊ နောက်လေးပတ်အကြာထိုးဖို့ ရက်ပါ တခါတည်း ပေးပါတယ်။ ကျမကို ကာကွယ်ဆေးထိုးပေးတဲ့ သူနာပြုရဲ့နာမည်၊ အခု ကာကွယ်ဆေးထိုးတာ ဘယ်မှာထိုးတာလဲ၊ စုရပ် တခါတည်း ရေးထားလိုက်ခြင်းအားဖြင့် ပြည့်ပြည့်စုံစုံ Information တွေ ရှိပြီးသားဖြစ်ပါတယ်။

“အခု ကျမကိုထိုးပေးတဲ့ ကာကွယ်ဆေးသည် ဘယ် Log နံပါတ်၊ ဘယ်အဆိုင်း ဘယ်အသုတ်က ကာကွယ်ဆေးလဲဆိုတာ တခါတည်း ရေးထားပြီးသားဖြစ်လို့ အကြောင်းတစုံတရာအရ တခုခုဖြစ်တယ်ဆိုရင် ဒီကာကွယ်ဆေးနဲ့ ပတ်သက်လို့ ပြဿနာ ဘာရှိသလဲ ဆိုတာကိုပါ စုံစမ်းစစ်ဆေးနိုင်ဖို့ ကိစ္စတွေကအစ အသေးစိတ် လုပ်ပါတယ်။ အဲဒီမှာ ကျမတို့ နာရီဝက် စောင့်ရပါတယ်။ စောင့်ဖို့ ထိုင်ဖို့ ခုံလေးတွေလည်း ပေးထားပါတယ်။ ဒီနေရာမှာတော့ ကြားထဲမှာ မိမိမှာ မူးတာ ဝေတာ ဘာပြဿနာရှိလဲ၊ ဒါလေးတွေ ပြန်ပြောပေါ့။ အများစုကတော့ ကျမသွားထိုးတဲ့ တလျှောက်လုံးမှာလည်း ဘာမှပြဿနာ မရှိပါဘူး။ ဆေးကြောင့် တခုခုဖြစ်တယ်ဆိုရင် ဆေးထိုးပြီး ၁၅ မိနစ်ဝန်းကျင်မှာ ဖြစ်တဲ့အတွက်ကြောင့် နာရီဝက် စောင့်ကြည့်ခြင်းဟာ အန္တရာယ် ကင်းပါတယ်။ စိတ်ချရပါတယ်။

“ဒီနေရာမှာ ကာကွယ်ဆေးနဲ့ ပတ်သက်ရင် ၁၀ ရာခိုင်နှုန်းဝန်းကျင်၊ ၁၀ ရာခိုင်နှုန်းကျော်ကျော်ကတော့ သာမန် ဆေးထိုးတဲ့နေရာမှာ နာတာ၊ နီတာ၊ ရောင်တာ၊ ခေါင်းကိုက်တာ၊ ပျို့အန်ချင်တာ၊ မစားချင် မသောက်ချင်ဖြစ်တာ ဒါမျိုးလေးတွေတော့ ရှိပါတယ်။ ဒီနေရာမှာ လူ ၁၀၀ မှာ ၁ ရာခိုင်နှုန်းလောက်ကတော့ သာမန်လက္ခဏာအနေနဲ့ နည်းနည်းလေးပို ပြင်းထန်ပါတယ်။ ဒါကတော့ ကျမတို့ MOHS ဝက်ဆိုက်ကလည်း သေသေချာချာ ဖော်ပြထားတဲ့အတွက် ဒီဟာတွေနဲ့ ပတ်သက်ရင် သေချာဖတ်ပါ။”

စုစု - ဟုတ်ကဲ့၊ ကာကွယ်ဆေးကတော့ မနေ့က ထိုးခဲ့တာပေါ့။ ဒီနေ့ဆိုရင် ဆရာမလည်း အလုပ်ပြန်ဝင်နေတယ်ဆိုတော့ ခန္ဓာကိုယ်ပေါ် ဘယ်လိုမျိုး သက်ရောက်မှုတွေ ရှိလဲ။ ခံစားချက်ကိုလည်း ပြောပြပေးပါဦး။

ဒေါက်တာခင်ခင်ကြီး - “ပထမနေ့မှာတော့ ၃၀,၅၅၁ ယောက် ထိုးနှံပါတယ်။ ဒုတိယနေ့မှာတော့ ၃၇,၀၀၀ ကျော် ထိုးနှံတဲ့အတွက် နှစ်ရက်ပေါင်း ၆၈,၀၀၀ နီးနီး ထိုးနှံပြီးဖြစ်ပါတယ်။ ဒီလို ထိုးနှံတဲ့အခါမှာ ရောဂါကြောင့် ပြင်းထန် ဓာတ်မတည့်မှုတွေ ဖြစ်ပွားတာတို့၊ ဆေးရုံတင်ရလောက်တဲ့အထိ ဖြစ်တာက မရှိသလောက် ဖြစ်ပါတယ်။ လက်ရှိအနေအထားကတော့ သာမန်နဲ့ အသင့်အတင့်လောက်ပဲ ခံစားရပါတယ်။ သာမန်လက္ခဏာ ခံစားရသူကတော့ အများစုဖြစ်ပါတယ်။ ကျမက မနေ့က ၃ နာရီထိုးဖို့ ၂ မိနစ်အလိုမှာ ထိုးခဲ့တယ်။ ၃ နာရီခွဲဖို့ ၂ မိနစ်အလိုမှာ ကျမပြန်ခဲ့တယ်။ ကျမတို့ ရုံးအဖွဲ့တွေနဲ့အတူ ပြန်တယ်။ ပြန်တော့ လမ်းမှာ ကျမတို့ တယောက်မှ ဘာမှမဖြစ်ဘူး။ ကျမတို့ မုန့်တွေတောင် ပါဆယ်ဝယ်ပြီး စားလိုက်ကြသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အားလုံး ပျော်ရွှင်တယ်။ ကာကွယ်ဆေးကို ဒီလိုမျိုး ထိုးခံခွင့်ရတယ် ဆိုတာကလည်း ဒါ အလွန်ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ပြီးရင် ကျမတို့ ညဘက်မှာ ရောဂါတွေ ဖြစ်ပွားမှု ဘာရှိသလဲပေါ့။ ကျမအနေနဲ့ ပြောရမယ်ဆိုရင် ကျမ ဘယ်ဘက်လက်မောင်းမှာ ထိုးတယ်၊ ဘာမှ နာကျင်တာတို့ လက်မောင်းမြှောက်ရတာ ခက်တာတို့ ဘာမှကို မရှိပါဘူး။ တကယ့်ကို ကျမအတွက်ကတော့ ဒါဟာ တော်တော်လေးကို ပြောရမယ်ဆိုရင် သူများတွေ ပြောနေကြသလို တော်တော်လေးကို ခံရတယ်ဆိုတာ ဒါ မဟုတ်ဘူးဆိုတာ ပြောလိုပါတယ်။ ကျမ နည်းနည်းလေး ဖြစ်တာကတော့ ညဘက်မှာ ကျမ ချမ်းတယ်။ ည ၂ နာရီလောက်မှာတော့ ကျမ ချမ်းလာပါတယ်။ အဲဒါလည်း ချမ်းလာတယ်ဆိုတာလည်း ကျမ မနေ့က ထူးထူးခြားခြား နည်းနည်းလေး စောအိပ်ပါတယ်။ စောအိပ်ချင်စိတ်တော့ ပေါက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပင်ပန်းတာလည်း ပါတယ်။ နောက် ဆေးကြောင့် အိပ်ချင်သလား၊ ဒါတော့ ပြောရခက်ပါတယ်။ သို့သော် ကျမ ဘာမှမခံစားရဘူး။ နာတာကျင်တာလည်း မရှိဘူး။ မရှိတဲ့အတွက် ကျမ စောစောအိပ်လိုက်တယ်။ ပြီးတော့ ကျမ အနွေးထည်ဝတ်ဖို့ မေ့သွားတယ်။ အဲဒါ ၂ နာရီလောက်မှာ ကျမ ချမ်းလာလို့ အနွေးထည် ထဝတ်လိုက်ရတယ်။ အဲဒီလောက်ပါပဲ။ ဒါဆို ကျမက Minor Sympton တောင်မှ မပေါ်ဘူးလို့ ပြောမယ်ဆို ပြောလို့ရပါတယ်။ အခုဆို ကျမ ရုံးတက်တယ်။ ရုံးမှာ လုပ်စရာရှိတာ လုပ်တယ်။ ပြီးရင် အစည်းအဝေးတွေ ဆက်သွားမယ်။ ကျမရဲ့ အတွေ့အကြုံတွေကို ပြည်သူလူထုကို ပြောချင်တာက ကျမသည် ဒီကာကွယ်ဆေးကို မနေ့က ထိုးနှံခဲ့တာမှာ နောက် တနာရီခွဲဆို ကျမ ၂၄ နာရီ ပြည့်ပါပြီ။ ကျမ ဒီဟာနဲ့ပတ်သက်လို့ ဘာမှ ဆိုးဆိုးဝါးဝါး ပြင်းထန် ခံစားရတာ မရှိပါဘူး။ ဒီနေရာမှာ တချို့တွေက ရောဂါလက္ခဏာတွေ ပေါ်မှ Anti Body က အလုပ်လုပ်နေတယ်၊ ဆေးအောင်တယ်၊ ဒီလိုမဟုတ်ပါဘူး။ ဒီနေရာမှာ ရောဂါလက္ခဏာတွေက တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်ကလည်း ရေးထားပါတယ်။ ၁၀ ယောက်မှာ ၁ ယောက်လောက်ကတော့ ထိုးတဲ့နေရာမှာ နာတာ၊ နီတာ၊ အကျိတ်တွေရောင်တာ၊ ဖျားတာ၊ တုပ်ကွေးခံစားရတဲ့ လက္ခဏာမျိုးတွေ ခံစားရတာ ဒါမျိုးတွေရှိပါတယ်။ ၁၀၀ မှာ ၁ ရာခိုင်နှုန်းကတော့ သာမန်လက္ခဏာထက် နည်းနည်းပိုပြင်းတာပေါ့။ သို့သော် ကျမအနေနဲ့ကတော့ ဒီရောဂါလက္ခဏာနဲ့ ပတ်သက်လို့ ဘာမှမခံစားရဘူး။ ကျမတို့ တုပ်ကွေးကာကွယ်ဆေးတွေ ထိုးဖူးတယ်မလား။ အဲဒီတုပ်ကွေးကာကွယ်ဆေးတွေ ထိုးတဲ့အခါမှာ ခံစားရသလောက်ပဲ။ သို့သော် ဒီတခါတော့ ဒါတောင် မနာတဲ့အတွက် တော်တော်လေးကို ကျမအနေနဲ့ ကျေနပ်ပီတိဖြစ်ပါတယ်။”

စုစု - ကာကွယ်ဆေးကလည်း ကပ်ရောဂါကာကွယ်ဆေး ဖြစ်နေတယ်။ ပထမဦးဆုံးအကြိမ်လည်း ထိုးကြရမယ်ဆိုတော့ စိုးရိမ်နေကြတဲ့ ပြည်သူတချို့ကိုရော ကာကွယ်ဆေးထိုးတာနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ ပြန်ပြီး ဝေမျှချင်လဲရှင့်။

ဒေါက်တာခင်ခင်ကြီး - “ကျမ ပြည်သူတွေကို ဒီနေရာမှာ မေတ္တာနဲ့ လက်ဆောင်ပါးချင်တာက ကာကွယ်ဆေးတခုသည် ဒီလိုမျိုး ထိုးနှံခွင့်ရတဲ့ အခြေအနေ ရောက်ဖို့အတွက် ဘက်မလိုက်သော အဖွဲ့အစည်းတွေ၊ အဆင့်ဆင့်သော ဆုံးဖြတ်မှုတွေ ခံရပါတယ်။ လက်ရှိထိုးနေတဲ့ Covishield ကာကွယ်ဆေးသည် Oxford ကာကွယ်ဆေးနဲ့ အတူတူပါပဲ။ Oxford ကာကွယ်ဆေးသည် UK မှာလည်း Emergency Use အတွက် လိုင်စင်ပေးထားတာ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရကလည်း Emergency Use အတွက် လိုင်စင်ပေးထားတာ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ FDA ကလည်း EPI Program ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မှာ သုံးဖို့အတွက် ပေးထားတာဖြစ်တဲ့အတွက်ကြောင့် စိတ်ချလက်ချနဲ့ ကာကွယ်ဆေးထိုးနှံဖို့ လိုပါတယ်။

“ဒီနေရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးလေးတွေက ရောဂါဖြစ်ပွားမှုနဲ့ နှိုင်းစာလို့ရှိရင် ဘာမှ နောက်ဆက်တွဲ ဆိုးကျိုးက မှုလောက်စရာ စကားထဲတောင် ထည့်ပြောလောက်စရာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ကျမတို့နိုင်ငံမှာ ရောဂါဖြစ်ပွားမှုက ၁၄၀,၀၀၀ နီးနီးရှိနေတယ်။ ဆုံးတဲ့သူကလည်း ၃,၁၀၀ လောက်ရှိပြီလေ။ ဒီမှာဆိုရင် အသက် ၇၅ နှစ်အထက် ရောဂါဖြစ်ပွားမှုနဲ့ ၇၅ နှစ်အထက် သေဆုံးမှုကို ကြည့်မယ်ဆိုရင် ၂၁ ရာခိုင်နှုန်းလောက် သေဆုံးမှုရှိပါတယ်။ ဒါဆိုရင် ၇၅ နှစ်အထက် ရောဂါဖြစ်ပွားသူ ၅ ယောက်ဆိုရင် ၁ ယောက်သေတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ၆၁ နဲ့ ၇၅ ကြားမှာဆိုရင်တော့ ၁၀ ရာခိုင်နှုန်းလောက် ရှိတဲ့အတွက် အဲဒီလို ၆၁ နဲ့ ၇၅ ကြား အသက်အရွယ်တွေမှာသာ ရောဂါကူးစက်ခံရလို့ရှိရင် ၁၀ ယောက်မှာ ၁ ယောက်သေတဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့အနေနဲ့ လုံးဝပေါ့ဆလို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။

“ကာကွယ်ဆေးနဲ့ ပတ်သက်လို့ သိလိုတာတွေရှိရင် ၂၀၁၉ ကို Call Center ကို ရုံးချိန်အတွင်း မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဆက်သွယ်လို့ရပါတယ်။ ဒါ့အပြင် MOHS ကနေ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ လူတွေသိသင့် သိထိုက်တဲ့ အချက်ကို သေသေချာချာ ဘက်ပေါင်းစုံကနေ ပြင်ဆင်ပြီးတော့ ဘက်ပေါင်းစုံကနေ သေချာထုတ်ပြန်ထားတာ ဖြစ်တဲ့အတွက် ဒါတွေကို စနစ်တကျ သေချာဖတ်ပါ။ သေချာဖတ်ပြီးရင် အများလည်း ဖတ်ရအောင် Share ပါ။ Sharing is Caring ဖြစ်ပါတယ်။ ဒါဟာလည်း ဇီဝိတဒါန ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Share တချက်ကြောင့် နည်းမှန်လမ်းမှန် အကြောင်းချင်းရာကို ကိုယ်က Share လိုက်လို့ အများပြည်သူ ဖတ်ရတယ်ဆိုရင် ဒါဟာ ဇီဝိတဒါနကုသိုလ်ကို အပန်းမကြီးဘဲ ရရှိသွားမှာ ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။ မနေ့ကတော့ ကျမ ကာကွယ်ဆေး ထိုးပါတယ်။ ဒီနေ့ဆိုရင် ကျမ ၂၄ နာရီ ပြည့်တော့မှာ ဖြစ်ပါတယ်။ ကျမ ဒေါင်ဒေါင်မြည်ဖြစ်ပါတယ်။ အလုပ်တွေလည်း မနားနိုင်ဘဲ ကျမ အလုပ်လုပ်နေရပါတယ်။ အခုလည်း ပြည်သူတွေအနေနဲ့ သိသင့်တဲ့ အကြောင်းအရာလေးတွေကို ပိုပြီးတော့ ပြည်သူတွေ Awareness ပိုရှိဖို့ ကာကွယ်ဆေးထိုးဖို့ စိုးရိမ်ကြောင့်ကြ မရှိစေဖို့ ကျမအနေနဲ့ မေတ္တာရှေ့ထားပြီး ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ဆွေးနွေးတိုင်ပင်ခွ့င် ရတဲ့အတွက်လည်း အထူးဝမ်းသာပါတယ်။ မြန်မာပြည်သူပြည်သားတွေ COVID-19 အန္တရာယ်ကနေ အမြန်ဆုံး ကင်းဝေးပါစေ။ ကမ္ဘာသူ ကမ္ဘာသားတွေလည်း COVID-19 အန္တရာယ်ကနေ ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။”

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)














XS
SM
MD
LG