သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တစ်နှစ်အတွင်း လူဦးရေထက်ဝက် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ မြန်မာ့ကျန်းမာရေး ရည်မှန်းထား


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တော်ခန်းမမှာ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဇန်နဝါရီ ၂၇၊ ၂၀၂၁)
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တော်ခန်းမမှာ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဇန်နဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်လောက်ကို တနှစ်အတွင်း ထိုးပေးဖို့ ရည်မှန်းထားကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူက ပြောဆိုလိုက်တဲ့သတင်းကို တင်ဆက်ပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဇန်နဝါရီ ၂၇၊ ၂၀၂၁)
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဇန်နဝါရီ ၂၇၊ ၂၀၂၁)

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရောဂါကာကွယ်ဆေး Covishield ၁,၅၀၀,၀၀၀ ကို ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာရှင်ဝန်ထမ်းတွေကို ပထမအသုတ်အနေနဲ့ စတင်ထိုးနှံပေးနေတာပါ။ ကာကွယ်ဆေးပထမဆုံး ထိုးနှံပေးနေတဲ့ နှစ် ရက်တာကာလအတွင်းမှာ လူဦးရေ ၆၈,၀၀၀ ကျော်ကို ထိုးနှံပေးခဲ့ပြီးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက နှစ်နိုင်ငံအစိုးရကြား ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးထားတဲ့ ဒီကာကွယ်ဆေးတွေကို ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ဦးစားပေးအဆင့်လိုက် ပြည်သူတွေကိုစတင် ထိုးနှံပေးသွားဖြစ်ပြီး တနှစ်အတွင်း လူဦးရေထက်ဝက်လောက်ကို ထိုးနှံပေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ကျမတို့ အခုလက်ရှိမှာ ကာကွယ်ဆေးတွေသည် အိန္ဒိယကနေ Covishield သန်း ၃၀ ဝယ်ပါတယ်။ သန်း ၃၀ သည် ကျမတို့ စုစုပေါင်း လူဦးရေရဲ့ ၂၆၊ ၂၇ ရာခိုင်နှုန်းလောက်ရှိပါတယ်။ WHO ရဲ့ COVAX အဖွဲ့အစည်းကနေပြီးတော့ ရနိုင်တာက ကျမတို့ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းရမှာဖြစ်ပါတယ်။ အဲဒီတော့ ၂၀ နဲ့ ၂၆ နဲ့ပေါင်းရင် ၄၆ ရာခိုင်နှုန်းလောက်ကတော့ ၂၀၂၁ အတွင်းမှာ ဒါခြုံငုံမိနိုင်တယ်၊ ထိုးနှံနိုင်တယ်လို့ တွေးလို့ရပါတယ်။”

အိန္ဒိယကနေ ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေထဲက ဆေးအလုံးရေ ၂,၀၀၀,၀၀၀ ကို ဖေဖော်ဝါရီလအစောပိုင်းမှာ ရောက်ဖို့ရှိနေပြီး COVAX အဖွဲ့ဝင်နိုင်ငံတွေဆီ ပေးပို့မယ့် ကာကွယ်ဆေးတွေကိုလည်း မြန်မာနိုင်ငံအနေနဲ့ မတ်လအတွင်းမှာ ရရှိနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ပြည်တွင်းမှာ အသုံးပြုသွားမယ့် ကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့ ဒေါက်တာခင်ခင်ကြီးက …

“အခုကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့ရှိရင် အိန္ဒိယကာကွယ်ဆေးကို သုံးတယ်။ WHO ရဲ့COVAX ကနေ လာတဲ့ ကာကွယ်ဆေးတွေ သုံးမယ်။ ဒါ့အပြင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ နိုင်ငံတော်ကောင်စစ်ဝန် မစ္စတာဝမ်ယိလာတုန်းကလည်း ကာကွယ်ဆေး ၃၀၀,၀၀၀ လှူဒါန်းမယ်ဆိုပြီးတော့ ပြောထားတာရှိပါတယ်။ တရုတ်ရဲ့ ဘယ်ကာကွယ်ဆေးပေးမလဲတော့ မသိပါဘူး။ လက်ရှိအနေအထားအရတော့ တရုတ်ရဲ့ကာကွယ်ဆေး ၄ မျိုးဟာဆိုရင် Early or Limited Use စာရင်း ၈ ခုထဲမှာ သူတို့ ၄ ခုပါပါတယ်။ ရုရှားကာကွယ်ဆေး ၂ ခုပါပါတယ်။ အောက်စ်ဖို့ ၁ ခုဖြစ်ပါတယ်။ ပြီးရင် Bharat Biotech က ၁ ခု ဖြစ်ပါတယ်။ ဒါကတော့ ခုဏကပြောသလို Early or Limited Use ထဲမှာပါတဲ့ ၈ ခုဖြစ်ပါတယ်။ ၈ ခုမှာမှ တရုတ်က ၄ ခုထဲမှာ ဘယ်ကာကွယ်ဆေးရရှိမလဲ... ဒါနဲ့ပတ်သက်ရင်တော့ မသိသေးပါဘူး။ သက်ဆိုင်ရာအဖွဲ့တွေက ဒါညှိနှိုင်းပေါင်းစပ်ပြီးတော့ ဆောင်ရွက်နေဦးမှာဖြစ်ပါတယ်။”

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေနဲ့ ကိုဗစ်ရောဂါကူးစက်ခံနေရသူတွေအပါအဝင် ရောဂါပျောက်ကင်းတာ ၁၄ ရက်မပြည့်သေးသူတွေအပြင် အသက် ၁၈ နှစ်အောက်ရှိသူတွေက လွဲလို့ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်အမှားတွေကို မယုံကြဖို့ကိုလည်း ဒေါက်တာခင်ခင်ကြီးက သတိပေးထားပါတယ်။

“နောက်ထပ် ဘယ်ကာကွယ်ဆေးတွေ ဝယ်မလဲဆိုတာကတော့ လက်ရှိကာကွယ်ဆေးတွေရဲ့ သူ့ရဲ့စိတ်ချရမှု၊ ဘေးကင်းလုံခြုံမှုက ထပ်ထပ်ပြီးတော့ ထွက်လာနိုင်ပါတယ်။ အချုပ်အားဖြင့်ပြောချင်တာကတော့ ကျမတို့မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် အာနိသင်ကောင်းမွန်တဲ့ စိတ်ချရတဲ့ကာကွယ်ဆေးကိုသာ ထိုးနှံပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့ သတင်းမှားတွေကို မယုံပါနဲ့၊ သတင်းမှားတွေကို မ share ပါနဲ့။ အသေးစိတ်သိချင်တာရှိရင်လည်း 2019 ကိုမေးပါ။ ”

နိုင်ငံတွင်း ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးနေချိန်မှာပဲ အတည်ပြုလူနာ တနေ့ကိုပျမ်းမျှ ၃၀၀ ကျော် လောက်ရှိနေပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့စာရင်းအရ ပြည်တွင်းမှာကပ်ရောဂါကြောင့် သေဆုံးသူ ၃,၁၀၀ ကျော်နဲ့ ရောဂါကူးစက်ခံရသူပေါင်းက ၁၃၉,၀၀၀ ကျော်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG