သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AP ဓါတ်ပုံသတင်းထောက်ပြန်လွတ်မြောက်


AP သတင်းဌာနက ဓါတ်ပုံသတင်းထောက် ဦးသိန်းဇော်။ (မတ် ၂၄၊ ၂၀၂၁)
AP သတင်းဌာနက ဓါတ်ပုံသတင်းထောက် ဦးသိန်းဇော်။ (မတ် ၂၄၊ ၂၀၂၁)

[Zawgyi/Unicode]

ရန်ကုန် ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်းဖမ်းဆီးခံရတဲ့ သတင်းထောက်တွေထဲက AP သတင်းဌာနက ဓါတ်ပုံသတင်းထောက် ဦးသိန်းဇော် ပြန်လည်လွတ်မြောက်လာပါပြီ။ သူ့အပေါ် စွဲချက်တင်ထားတဲ့အမှုကိုလည်း ပြန်လည်ရုပ်သိမ်းထားတယ်လို့ သိရပါတယ်။ ရန်ကုန်ကရတဲ့သတင်းကို မခင်ဖြူထွေး ပြောပြပါမယ်။

ရန်ကုန်က အာဏာသိမ်းမှုကန့်ကွက်ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွဲမှုတွေနဲ့ပတ်သတ်ပြီး သတင်းရယူနေရင်း AP သတင်းဌာနက ဓာတ်ပုံသတင်းထောက် ဦးသိန်းဇော် အပါအဝင် ၆ ဦး ဖမ်းဆီးခံခဲ့ရတာပါ။ ဒီသတင်းထောက် ၆ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းက ပုဒ်မ ၅၀၅ (က) ဆိုတဲ့ တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု/လုပ်ဆောင်မှု ပုဒ်မနဲ့ တရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ မတ် ၂၄ ရက်နေ့ မှာ တရားလိုက အမှုရုပ်သိမ်းခဲ့တဲ့အတွက် ပြန်လည်လွတ်မြောက်ပြီဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်တင်ဇာဦးက ဗွီအိုအေကိုပြောပါတယ်။

"သူက ဂွင်းလုံးကျွတ် အပြီးအပြတ်လွတ်သွားတာပါရှင့်။ တရားလိုကိုယ်တိုင်က အမှုရုပ်သိမ်းလိုက်တဲ့အတွက်ကြောင့်မို့ ဥပဒေကြောင်းအရ ကန့်ကွက်မယ့်သူမရှိဘူး။ ကျမတို့ကလည်း မကန့်ကွက်တော့ တရားသူကြီးက ရာဇဝတ်ကျင့်ထုံး ၄၉၄ အရ ခြွင်းချက် မရှိ အပြီးသတ်ရုပ်သိမ်းလိုက်တာပါရှင့်။"

ပြန်လွတ်လာတဲ့ AP ဓါတ်ပုံသတင်းထောက်ဦးသိန်းဇော်ကလည်း တခြားသတင်းဌာနက သတင်း ထောက်တွေပါ ပြန်လွှတ်ပေးဖို့ အတွက် ဒီကနေ့ ပြန်လွတ်လာချိန်မှာ တောင်းဆိုသွားပါတယ်။

"ကျေးဇူးအများကြီးတင်ပါတယ် အခုလို လွတ်လာတဲ့အတွက်။ လွတ်မြောက်မှုအတွက် အားလုံး ဝိုင်းပြီးကြိုးစားပေးတဲ့အတွက်လည်း ကျေးဇူးတင်ထိုက်သူ အကုန်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။ စိတ်မကောင်းတာတော့ လုပ်ဖော်ကိုင်ဖက်တွေတချို့ ကျန်ရှိနေသေးတယ်။ အဲဒီအတွက်လည်း အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပါတယ်။"

ကမာရွတ်မြို့မ ရဲစခန်းက ဒုရဲမှူးမျိုးဦးက တရားလိုလုပ်ပြီး ဦးသိန်းဇော်အပါအဝင် 7Day သတင်းဌာနက သတင်းထောက် ဦးအောင်ရဲကို၊ ဇီးကွက်သတင်းဌာနက သတင်းထောက် ဦးဟိန်းပြည့်ဇော်၊ အလွတ်တန်း သတင်းထောက် ဦးဗညားဦး၊ MPA သတင်းဌာနက ဦးရဲမျိုးခန့် တို့ကို ရုံးထုတ်ရှိခဲ့တာမှာ ဦးသိန်းဇော်တယောက်ပဲ အမှုပိတ်သိမ်းပေးပြီး ပြန်လွှတ်ပေးတာဖြစ်ပါတယ်။

ကျန်တဲ့ သတင်းထောက်တွေကိုတော့ မူလအတိုင်းအမှုဆွဲထားပြီး မနက်ဖြန်မှာ Myanmar Now သတင်းထောက် မကေဇွန်နွေးကို ထောင်တွင်းယာယီတရားရုံးမှာပဲ ရုံးထုတ် စစ်ဆေးမှာဖြစ်တယ်လို့ 7Day သတင်းဌာနနဲ့ Myanmar Now သတင်းဌာနတို့က သတင်းထောက်တွေရဲ့ ရှေ့နေ ဒေါ်နီလာခိုင်က ဗွီအိုအေကိုပြောပါတယ်။

"အခု ဒီသတင်းထောက်က တရားလိုပေါ့နော်... တရားလိုဆိုတာ အကုန်လုံး ကမာရွတ်ကနေစွဲရင် စခန်းမှူးက တရားလိုပဲ။ တရားလိုကနေပြီးတော့မှ အမှုကို ရုပ်သိမ်းတာ။ ဒါကလည်း သူက အပေါ်ကညွှန်ကြားချက်အရ ရုပ်သိမ်းတာဖြစ်လိမ့်မယ်။ တပြေးညီရုပ်သိမ်းတာ မဟုတ်ဘူး။ ဒီညွှန်ကြားချက်က By name နဲ့လာလို့။ သူ့ရှေ့နေတောင်မသိဘူး၊ ဒီလိုလျှောက်တာကိုလေ။ ဆိုတော့ ဒါကသာမန်ဖြစ်စဉ်မဟုတ်ဘူး။ ဒီသတင်းထောက်က နိုင်ငံခြားနဲ့ပတ်သတ်တဲ့ သတင်းထောက်ဖြစ်တဲ့အတွက် အပေါ်ကနေပြီးတေ့ တစုံတရာရဲ့ ညွှန်ကြားချက်ကြောင့် တရားလိုဖြစ်တဲ့ ရဲကနေ အမှုရုပ်သိမ်းတာပါရှင့်။ ပုံမှန်အတိုင်းတော့မဟုတ်ဘူး။ ပြည်တွင်းသတင်းထောက်တွေကျတော့ ရုပ်သိမ်းခွင့် သူတို့ မလျှာက်ဘူးလေ။ တရားလိုကိုယ်တိုင်က ရုပ်သိမ်းခွင့် လျှောက်မှရတာဆိုတော့ ကျမတို့က ချတဲ့ အမိန့်ပေါ်မှာ ကြည့်ပြီးတော့ လုပ်ဆောင်သွားရမှာတွေတော့ ရှိပါတယ်။ အာမခံရဖို့လည်း ကျမတို့ ဆက်ပြီးတော့ လုပ်ဆောင်ပေးမယ်။ အခုဒီ နောက် AP သတင်းထောက်ကိုလည်း တရားလိုက ရုပ်သိမ်းသွားတယ်ပေါ့နော်။ ဖြစ်စဉ်တွေကို ကျမတို့က သာဓကထားပြီးတော့ ကျန်တဲ့ သတင်းထောက်တွေ လွတ်မြောက်ဖို့အတွက် ကျမဆက်ပြီးတော့ ကြိုးစားသွားမှာပါ။"

လက်ရှိအခြေအနေမှာ ဖမ်းဆီးခံရတဲ့သတင်းထောက်တွေအတွက် အာမခံရရှိရေး ကိုကြိုးစား နေတယ်လို့ အမှုလိုက်ရှေ့နေတွေက ပြောပါတယ်။ 7Day သတင်းဌာန၊ ဇီးကွက်သတင်းဌာန၊ MPA သတင်းဌာနတို့က သတင်းထောက်တွေနဲ့ အလွတ်တန်းသတင်းထောက်တဦးတို့ကို လာမယ့် ဧပြီ ၆ ရက်နေ့ ရုံးချိန်း ပြန်ချိန်းထားတယ်လို့ ဒေါ်နီလာခိုင်ကပြောပါတယ်။

ဒီပုဒ်မ၅၀၅ (က) နဲ့ အပြစ်ရှိတယ်လို့ တရားရုံးကအမိန့်ချရင်တော့ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချခံရနိုင်ပါတယ်။ ဒီပုဒ်မဟာ အာမခံရနိုင်တဲ့ ပုဒ်မမျိုးမဟုတ်ပေမဲ့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အာမခံပေးနိုင်တဲ့ ပုဒ်မဖြစ်တယ်လို့ ရှေ့နေတွေကပြောပါတယ်။

ဒီလူတွေလိုပဲ တခြားပြည်နယ်တိုင်းတွေဖြစ်တဲ့ နေပြည်တော်၊ ပုသိမ်မြို့၊ မြိတ်မြို့၊ ပြည်မြို့၊ ပဲခူးမြို့ တို့မှာလဲ ဖမ်းဆီးခံထားရသူတွေရှိသလို အလွတ်တန်း ဓာတ်ပုံသတင်းထောက် အပါအဝင် တခြား သတင်းထောက်တချို့၊ အယ်ဒီတာချုပ်နဲ့ သတင်းတိုက်တွဲဖက်တည်ထောင်သူတချို့လည်း ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။

လက်ရှိမှာ အကျဉ်းကျခံရတဲ့ ဖမ်းဆီးခံသတင်းထောက်ပေါင်း တဒါဇင် ကျော် ရှိနေပါတယ်။ ဒီထဲက တချို့သတင်းသမားတွေမှာ ဘယ်နေရာမှာ ချုပ်နှောင်ထားသလဲဆိုတာမသိရသလို၊ ဘယ်ပုဒ်မနဲ့ အမှုဖွင့်ထားလည်းဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်ကြီးမြို့မှာ နိုင်ငံခြားသား အလွတ်တန်းသတင်းထောက် ပိုလန်နိုင်ငံသားဟာ သတင်းရယူနေစဉ် ဖမ်းခံခဲ့ရပါတယ်။

အလွတ်တန်းသတင်းထောက် ဦးစိုးရာဇာထွန်းအပါအဝင် တခြားအလွတ်တန်းသတင်းထောက် တချို့လည်း ဖမ်းဆီးထိန်းသိမ်းခံထားရတာတွေ ရှိပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်က အာဏာရယူခဲ့ပြီးနောက် အခုချိန်ထိ သတင်းမီဒီယာ အသီးသီးက သတင်းထောက် ၄၀ ဦးနဲ့အထက် သတင်းရယူနေရင်း ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပြီး ၁၀ ဦးထက်မနည်း ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

















XS
SM
MD
LG