သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်ကြား တလအတွင်း တိုက်ပွဲများစွာဖြစ်ခဲ့


ကရင်အမျိုးသားအစည်းအရုံး KNU။ (ဓာတ်ပုံ- Karen Information Center - မေ ၅၊ ၂၀၂၁)
ကရင်အမျိုးသားအစည်းအရုံး KNU။ (ဓာတ်ပုံ- Karen Information Center - မေ ၅၊ ၂၀၂၁)

[Zawgyi/Unicode]

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ တပ်ဖွဲ့တွေနဲ့ န.စ.က စစ်ကောင်စီတပ်တွေကြား တလကျော်အတွင်း တိုက်ပွဲပေါင်း ၄၀၀ ကျော်ဖြစ်ခဲ့တယ်လို့ တပ်မဟာ ၅ ဘက်က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် အကျအဆုံးများတယ်လို့လည်း တပ်မဟာ ၅ က ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ မတ်လ၂၇ ရက်နေ့ကနေ မေလဆန်းထိ နှစ်ဘက် ထိပ်တိုက်ပစ်ခတ်တဲ့ တိုက်ပွဲပေါင်း ၄၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင် ၂၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

"တိုက်ပွဲပြင်းထန်တယ်လို့ ပြောလို့ရတယ်။ သူတို့ကလည်း နေရာအနှံ့လှုပ်ရှားတော့ ဒီဘက်တပ်ကလည်း နေရာအနှံ့ တပ်နေရာဖြန့်ကျက်ထားတော့ ထိတွေ့မှုက ကြိုကြား ကြိုကြားဖြစ်နေတော့ ပြန်ပြီးတော့ ရေတွက်လိုက်တာ ထိတွေ့မှုက ၄၀၀ ကျော် ရှိတယ်။ တလကျော်အတွင်းမှာပေါ့... အခုဒီရက်ပိုင်းမှာပဲ ထပ်ဖြစ်နေတယ်။ စစ်ကောင်စီဘက်ကကျတာက ဗိုလ်မှူးကြီးတယောက် ဒုတိယဗိုလ်မှူးကြီးတယောက်ရယ်၊ ဗိုလ်မှူးတယောက်ရယ်၊ ဗိုလ်ကြီးတယောက်၊ အရာခံဗိုလ်တယောက် အားလုံးပေါင်းတပ်သားတွေပါပါရင် ၁၉၄ ယောက်ရှိတယ်။"

ကေအန်ယူဘက်ကတော့ ၉ ဦးကျဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်းပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျဆုံးတယ်လို့ ကေအန်ယူပြောတာနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသလို ဗွီအိုအေကလည်း သီးခြား အတည်မပြုနိုင်ပါဘူး။

မတ်လ ၂၇ နေ့မှာ ကရင်ပြည်နယ်ထဲက သီးမူထစခန်း ဧပြီလ ၂၇ ရက်နေ့မှာ သောင်ရင်းမြစ်ကြောင်း လုံခြုံရေးယူထားတဲ့ သောလဲထနဲ့ ဦးသုထ စခန်းတွေကို တပ်မဟာ ၅ က သိမ်းပိုက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ဧပြီလ ၂၉ ရက်နေ့က လုပ်တဲ့သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကေအန်ယူဘက်ကတော့ သီးမူထနဲ့ မဲရထာစခန်းတွေကို သိမ်းခဲ့တယ်လို့ပြောထားပါတယ်။ မဲရထာကတော့ ထိုင်းဘက်ခြမ်း သောလဲထနဲ့ အနီးဆုံးဖြစ်ပြီး အများက သောလဲထလို့ခေါ်ကြပါတယ်။

မတ်လ ၂၇ ရက်နေ့မှာစပြီး တပ်မဟာ ၅ ထိန်းချုပ်တဲ့ ဖာပွန်ခရိုင်ထဲက နယ်မြေတွေအပေါ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ဧပြီလနဲ့ မေလဆန်းမှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီဒေသတွေမှာနေတဲ့ ကရင်ရွာသား သောင်းနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

အခုအထိလည်း ဖာပွန်ခရိုင်ဒေသတွေပေါ်မှာ နေ့တိုင်းနီးပါး လေယာဉ်တွေ ပျံဝဲနေတာကြောင့် အရပ်သားတွေ တောတောင်တွေထဲမှာပဲ ပုန်းအောင်းနေရတယ်လို့လည်း ဆိုပါတယ်။ မနေ့တုန်းကလည်း ညဘက်မှာ လေယာဉ် ပျံဝဲခဲ့ကြောင်းကိုလည်း ဆက်ပြောပြပါတယ်။

"လေယာဉ်က နေ့တိုင်းလိုလိုပဲ... ညဘက်ကလည်း လာသေးတယ်။ ဗုံးကြဲတာတော့မရှိဘူး။ ည၁၂နာရီကျော်ကလည်း လာတယ်။ ညအချိန်မှာလာတာ ပျံဝဲပြီး ပြန်သွားတယ်။ ဗုံးကြဲတာတော့မရှိဘူး။"

ကေအန်ယူထိန်းချုပ်ရာ ကရင်ဒေသအတွင်းက အရပ်သားတောင်ယာခင်းတွေ လူနေအိမ်တွေကို စစ်ကောင်စီဘက်က လက်နက်ကြီးကျည် ပစ်ခတ်မှု ၅၇၅ ကြိမ် ရှိခဲ့ကြောင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ကေအန်ယူတပ်မဟာ ၅ ကပြောပါတယ်။

ကေအန်ယူနဲ့ မြန်မာအစိုးရကြား နှစ်ဘက်သဘောတူ အပစ်အခတ်ရပ်စဲရေးကို ၂၀၁၂ ခုနှစ်မှာ ထိုးခဲ့ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်ကိုတော့ ၂၀၁၅ ခုနှစ်မှာ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့အတူ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကရင်နယ်မြေတွေထဲမှာ တိုက်ပွဲတွေဖြစ်နေတာဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်လို့ဖြစ်တယ်လို့ နှစ်ဘက်လုံးက အပြန်အလှန် စွပ်စွဲနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG