သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဟာ ကျရှုံးတိုင်းပြည်အခြေအနေဦးတည်နေဟု The Elders သတိပေး


ဧပြီလ ၃ ရက်နေ့က မန္တလေးမြို့ ဆန္ဒပြပွဲတခုက မြင်ကွင်း။ (ဧပြီ ၃၊၊ ၂၀၂၁)
ဧပြီလ ၃ ရက်နေ့က မန္တလေးမြို့ ဆန္ဒပြပွဲတခုက မြင်ကွင်း။ (ဧပြီ ၃၊၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံတဝန်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ပေါ်ပေါက်လာပြီး ကျရှုံးတိုင်းပြည်အဆင့် ရောက်မသွားအောင် တားဆီးရေး မြန်မာစစ်ဘက်ခေါင်းဆောင်တွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပိုပေးဖို့ The Elders လို့ခေါ်တဲ့ ကမ္ဘာ့ အထင်ကရ ဝါရင့်ခေါင်းဆောင်ကြီးများအဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

"မြန်မာနိုင်ငံဟာ လက်ရှိမှာ ကျရှုံးတိုင်းပြည်အခြေအနေကို ဦးတည်တဲ့ အန္တရာယ်ကြီးတဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေပါတယ်။ စစ်အာဏာသိမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အခိုင်အမာ ဆန့်ကျင်ကြရပါမယ်။ ဘာမှမလုပ်ဘဲနေတာ၊ လျစ်လျူရှုထားတာကနေ စစ်အာဏာသိမ်းမှု အောင်မြင်သွားစေမယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်ရေး အခြေပြုထားတဲ့ စည်းမျဉ်းစည်းကမ်းအခြေခံ နိုင်ငံတကာအခင်းအကျင်းကို နောက်ထပ် ခြိမ်းခြောက်မှု ဖြစ်လာပါလိမ့်မယ်။ ဒီအကျပ်အတည်းရဲ့ တခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ သက်ဆိုင်သူအားလုံးကြား အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာ စစ်ဘက်ကို နားချပြောဆိုဖို့ ဒေသတွင်းနိုင်ငံတွေ၊ အထူးသဖြင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ သူတို့စွမ်းအားရှိသမ ျှ အသုံးချလုပ်ဆောင်သင့်ပါတယ်။" လို့ The Elders အဖွဲ့ရဲ့ဥက္ကဋ္ဌ၊ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးဟောင်း Mary Robinson က ဒီကနေ့ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဟာ မြန်မာနိုင်ငံကို အုပ်ချုပ်ဖို့ တရားဝင်မှု ဒါမှမဟုတ် အာဏာပိုင်မှု မရှိဘူးလို့ The Elders အဖွဲ့က ထောက်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလရွေးကောက်ပွဲမှာ မဲအများစုနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖျက်သိမ်းမယ်ဆိုပြီး စစ်တပ်က ခန့်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခြိမ်းခြောက်ပြောဆိုတာဟာ စစ်ကောင်စီရဲ့ တရားဝင်မှုကို ထပ်ပြီးယုတ်လျော့သွားစေသလို မြန်မာလူထုပေါ် ကြောက်ရွံ့မှုကိုလည်း ဖွင့်ချလိုက်တာပဲဖြစ်တယ်လို့ The Elders အဖွဲ့ကပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်းမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကိုင်တွယ်လုပ်ဆောင်ဖို့ သဘောထားကွဲပြားနေတာဟာ တညီတညွတ်ထဲ အရေးယူလုပ်ဆောင်ဖို့ ဆက်ပြီး ကြန့်ကြာစေတယ်လို့ The Elders အဖွဲ့က ပြောပါတယ်။ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကမ္ဘာလံုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရမယ့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ လုံခြုံရေးကောင်စီရဲ့ တာဝန်ဝတ္တရားကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရေး လုပ်ဆောင်ကြပါလို့လည်း The Elders တွေက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG