သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



please wait

No media source currently available

0:00 0:03:42 0:00

တရုတ်ပြည် မှာ နိုင်ငံရေး ဖိနှိပ်မှုတွေကြောင့် အမေရိကန် ပြည်ထောင်စု အပါအဝင် တခြား တိုင်းပြည်တွေ မှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူတွေ တစ်နှစ် တစ်နှစ် ထောင်ချီရှိလာပါတယ်။

(zawgyi)
တရုတ်ပြည် မှာ နိုင်ငံရေး ဖိနှိပ်မှုတွေကြောင့် အမေရိကန် ပြည်ထောင်စု အပါအဝင် တခြား တိုင်းပြည်တွေ မှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူတွေ တစ်နှစ် တစ်နှစ် ထောင်ချီရှိလာပါတယ်။ လူမျိုး၊ ဘာသာ၊ နိုင်ငံသား၊ နိုင်ငံရေး သဘောထား ဒါမှမဟုတ် တခြား အကြောင်းအချက်တွေကြောင့် အရေးယူခံရမှာ ဒါမှမဟုတ် ကျိုးကြောင်းခိုင်ခိုင် ကြောက်ရွံ့နေရပါတယ်လို့ လျှောက်ထားသူတွေ က ဆိုပါတယ်။ မတူတဲ့ လမ်းကြောင်းတွေ ကနေ အမေရိကန် နိုင်ငံ ကို ပြောင်းရွှေ့လာကြသူ နှစ်ယောက် နဲ့ ဗွီအိုအေ သတင်းထောက် Mike O’Sullivan က တွေ့တုံခဲ့တာ ကို ဦးတင်မောင်သန်း က တင်ပြပါလိမ့်မယ်။

Bugra Arkin ဘူဂရာ အာကင်း ဟာ လော့စ်အိန်ဂျယ်လိစ် မြို့ မှာ ဝီဂါ စားသောက်ဆိုင် တဆိုင် ပိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စု မှာ သူက အစိုးရ မူဝါဒ ဘာသာရပ် ကို လေ့လာခဲ့ပါတယ်။ သူ က တရုတ်ပြည်၊ စင်ကျန်း ပြည်နယ်က ဝီဂါ မူဆလင် တိုင်းရင်းသား တစ်ယောက်ပါ။ အဲဒီ ပြည်နယ်မှာပဲ သူ့ အဖေ စာအုပ်ထုတ်ဝေသူ အပါအဝင် ဝီဂါ မူဆလင် ၁ သန်း ကို အစိုးရ ပညာပေးစခန်းတွေ မှာ ထိန်းသိမ်းထားခဲ့တာပါ။ ဝီဂါတွေ နဲ့ သူတို့ ရဲ့ ယဉ်ကျေးမှု အပေါ် တရုပ် ရဲ့ ဖိနှိပ်မှုတွေ ကို အမေရိကန် နဲ့ လူ့အခွင့်အရေး အဖွဲ့တွေ က လူမျိုးတုံး သတ်ဖြတ်မှု လို့ ခေါ်ကြပါတယ်။ ဘူဂရာ က ခုလို ပြောပါတယ်။

“၂၀၁၈ မှာ ကျွန်တော့် အဖေ၊ ကျွန်တော့် ဦးလေး၊ ကျွန်တော့် တစ်ဝမ်းကွဲတွေ၊ ကျွန်တော့် သူငယ်ချင်း တချို့ .. သူတို့အားလုံး ပျောက်သွားကြတယ်။ နောက်တော့ အကျဉ်းစခန်း ကို ခေါ်သွားတယ် လို့ ကြားရပါတယ်။”

သူ့ မိသားစု အနေနဲ့ ဘာသတင်းမှ မရရှိကြပါဘူး။ ရှေ့နေ အကူအညီလည်း မရနိုင်ကြပါဘူး။ ၂၀၁၈ မှာ နိုင်ငံရေး ခိုလှုံခွင့် သူ ရပါတယ်။ သူ့ ဇနီးကလည်း ဝီဂါ တစ်ယောက် ဖြစ်ပြီး အမေရိကန် ကနေ ဘွဲ့ရတဲ့ ရှေ့နေတစ်ယောက်ပါ။ အမေရိကန် လေတပ် ကို ဝင်ခဲ့တဲ့သူပေါ့။ ဒီနှစ် အစောပိုင်း မှာ တရုတ်စကားပြော ဖုန်းခေါ်သူ တစ်ယောက်ဆီ က ကြောက်စရာ ဖုန်း ၂ ခါ ခေါ်တာ ရရှိခဲ့ပါတယ်။
နိုင်ငံရေး ခိုလှုံခွင့်ရ ဘူဂရာ၊ က ခုလို ပြောပါတယ်။

“ဖုန်းခေါ် တဲ့ အမျိုးသမီး က ကျွန်တော့် ကို ခြိမ်းခြောက်ပါတယ်။ ကျွန်တော့် ၂ နှစ် သမီး ရဲ့ အသက် ကိုတောင် ခြိမ်းခြောက်တယ်ဗျ။ နင်တို့ ကို ငါတို့ အနီးကပ် စောင့်ကြည့်နေတယ်။ နင်တို့ ကို ငါတို့ က သတ်မှာပဲ။ နင်တို့ သေလိမ့်မယ် တဲ့”

တိတ်တိတ်နေဖို့ သူ့ ကို ပြောပေမဲ့ သူ က နေလိမ့်မယ် မဟုတ်ဘူး လို့ သူ က ခုလို ဆက်ပြောပါတယ်။

“အဲဒီလို ခြိမ်းခြောက်တာကြောင့် ကျွန်တော့် အဖေ နဲ့ ဝီဂါ ပြည်သူတွေ အတွက် စကားပြောဖို့ ပိုတောင် အားရှိလာပါတယ်။”

နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူ နောက်တစ်ယောက် Jie Lijian ကလည်း အဲဒီလို ခြိမ်းခြောက်တဲ့ ဖုန်းတွေ ရတယ်လို့ ပြောပါတယ်။ တရုတ် က သူ့ ကို စောင့်ကြည့်နေပြီး နှုတ်ပိတ်ထားဖို့ ပြောတယ်လို့ ဆိုပါတယ်။ တရုတ်ပြည်မှာတုန်းက သူ ထောင် အချခံခဲ့ရပါတယ်။ စီးကရက်မီးနဲ့ အထိုးခံရတယ်။ အရိုက်အနှက် ခံရတော့ သွားတွေ အများကြီး ကျိုးခဲ့ရပါတယ်။ ရှန်ဒေါင်း ပြည်နယ် က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အတွက်တော့ အမှတ်ရစရာတွေ က ထင်ထင်ရှားရှား ရှိနေဆဲပါ။ စိတ်ရောဂါ ကု ဆေးရုံမှာ အဓမ္မ ထားလို့ နေခဲ့ရတာ ၂ ကြိမ် နဲ့ ၂၀၀၉ ခုနှစ် ရဲဌာန မှာ အနှိပ်စက်ခံရတာတွေ ကို သူ က ခုလို ပြန်ပြောပါတယ်။

“ဝင်းထဲရောက်တော့ ရေတိုင်ကီ အကြီးကြီးထဲ ကို ကျွန်တော့် ခေါင်း ကို ဆွဲနှစ်တယ်ဗျ။ ဒီလိုမျိုး နှီပ်စက်ဖို့ လေ့ကျင့်ထားတော့ သေအောင်တော့ ခင်ဗျား ကို မလုပ်ဘူး။ ဒါပေမဲ့ ကောင်းလိမ့်မယ်လို့လည်း မထင်နဲ့ဗျ။ သေလုနီးနီး မွန်းကြပ်နေအောင် သူတို့ က လုပ်တာပေါ့ဗျာ။”

၂၀၁၅ နဲ့ ၂၀၁၈ ကြား တိန်အင်မင် နှစ်ပတ်လည် ပွဲတွေ မှာ Jie ပါဝင်ခဲ့ပါတယ်။ တရုပ်ပြည် ကို ပြန်ဝင်တော့ သူ အဖမ်းခံရ၊ ညှင်းပန်း နှိပ်စက်ခံရပါတယ်။

“တရုတ် အစိုးရ က သုံးလို့ရတဲ့ နည်းမှန်သမျှ နဲ့ သူ့ နိုင်ငံသားတွေ ကို ညှဉ်းဆဲပါတယ်။ သတ်ရင်သေတယ်။ မသန် မစွမ်းအောင် လုပ်ရင် မသန်မစွမ်းဖြစ်တယ်။ အစိုးရ ကို တလွဲလုပ်နေတယ်လို့ စွပ်စွဲရင်၊ ခင်ဗျား ကို ဆက်ဖမ်းလိမ့်မယ်။ ခင်ဗျား ကို စောင့်နေမှာ က ထောင်ပဲ။ အဲဒီ ထောင် ဆိုတာ က စိတ်ရောဂါကု ဆေးရုံ။”


ထိန်းသိမ်းထားသူတွေ ကို မတော်မတရား လုပ်တာ မရှိဘူး လို့ တရုတ် က ငြင်းပါတယ်။ ဒါပေမဲ့ သံသယ ရှိသူတွေ နဲ့ လှုပ်ရှား တက်ကြွသူတွေ အပေါ် မှာ ညှဉ်းပန်းနှိပ်စက်တာ၊ ဝီဂါ လူမျိုးစုတွေ အပေါ် မှာ အစုလိုက်အပြုံလိုက် အကျဉ်းချတာတွေ ရှိနေတယ် လို့ လူ့အခွင့်အရေး အဖွဲ့တွေ က မှတ်တမ်းတင် ပြောကြပါတယ်။ တရုတ်ပြည် မှာ ကျန်ခဲ့တဲ့ မိသားစုတွေ အတွက် သူတို့ နှစ်ယောက်လုံးက စိုးရိမ်ကြပါတယ်။ ဒါပေမဲ့ နှစ်ယောက်လုံး က သူတို့ ပြောမှ ဖြစ်မယ်လို့လည်း ခံစားကြရပါတယ်။

(unicode)














XS
SM
MD
LG