သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုကြောင့် ကာကွယ်ရေးစရိတ် တိုးဖို့ ဆွီဒင်ဝန်ကြီးချုပ် တိုက်တွန်း


ဆွီဒင် ဝန်ကြီးချုပ် Magdalena Andersson
ဆွီဒင် ဝန်ကြီးချုပ် Magdalena Andersson

[[ ZAWGYI / UNICODE ]]

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုကြောင့် ကာကွယ်ရေးစရိတ် တိုးဖို့ ဆွီဒင်ဝန်ကြီးချုပ် တိုက်တွန်း

ယူကရိန်းအပေါ် ရုရှားရဲ့ကျုးကျော် တိုက်ခိုက်မှုကို ထောက်ပြပြီး ဆွီဒင်နိုင်ငံမှာ ကာကွယ်ရေး အသုံးစရိတ် သိသိသာသာ တိုးမြှင့်သတ်မှတ်ဖို့ ဝန်ကြီးချုပ် Magdalena Andersson က တိုက်တွန်းလိုက်ပါတယ်။ တိုင်းပြည်ကုန်ထုတ်လုပ်မှု ပမာဏ (GDP) ရဲ့ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမယ့် အစီအစဉ်ကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ဖို့လည်း ကြာသပတေးနေ့ကပဲ တိုက်တွန်းလိုက်တာပါ။

တိုင်းပြည် ကာကွယ်ရေးစွမ်းရည်ကို အကြီးအကျယ် ခိုင်မာအားကောင်းအောင် လုပ်ရမယ်ဆိုတာကို ဆွီဒင်အစိုးရက ပြည်သူတွေနဲ့ ကမ္ဘာကြီးကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်ကြောင်းလည်း စတော့ဟုမ်းမြို့တော်မှာ သတင်းထောက်တွေကို ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ ဆွီဒင်နိုင်ငံ နယ်နမိတ်အတွင်း လုံခြုံရေးအခြေအနေတွေ တဖြည်းဖြည်း ယိုယွင်းလာနေရာမှာ ယူကရိန်းကို ရုရှားက တိုက်ခိုက်မှုကြောင့် ပိုဆိုးလာရတယ်လို့လည်း ပြောဆိုခဲ့တာပါ။

ဆွီဒင်နိုင်ငံရဲ့ လက်ရှိကာကွယ်ရေး အသုံးစရိတ်ဟာ ဒေါ်လာ ၇.၁၈ ဘီလီယံ လောက်ရှိပြီး GDP ရဲ့ ၁.၃ ရာခိုင်နှုန်းလောက် ရှိတယ်လို့လည်း ဘဏ္ဍာရေးဝန်ကြီး Mikael Damberg က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်ကတော့ GDP ရဲ့ ၂ ရာခိုင်နှုန်း အသုံးစရိတ်သတ်မှတ်ဖို့ အစီအစဉ်နဲ့ ပတ်သက်လို့ အချိန်အတိအကျ မပြောပေမဲ့ ဆယ်နှစ်အတွင်း ဖြစ်စေချင်တဲ့ သဘောမျိုးပြောဆိုခဲ့တာပါ။ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်တဲ့ အစီအစဉ်နဲ့အတူ လူငယ်တွေ စစ်မှုထမ်းဖို့ ပြင်ဆင်ထားသင့်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ကာကွယ်ရေးအသုံးစရိတ်ကို တိုင်းပြည် GDP ရဲ့ ၂ ရာခိုင်နှုန်းသုံးစွဲဖို့ မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့ကလည်း သတ်မှတ်ထားပေမဲ့ လက်တွေ့မှာတော့ အဖွဲ့ဝင်တွေ အပြည့်အ၀ မလိုက်နာတာတွေ ရှိတယ်လို့လည်း သတင်းတွေက ဖော်ပြဖူးပါတယ်။ ဆွီဒင်နိုင်ငံဟာ NATO အဖွ့ဲဝင် မဟုတ်ပေမဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီး၊ အိမ်နီးချင်း ဒိန်းမတ်နိုင်ငံကတော့ မဟာမိတ်အဖွဲ့ စတင်ထူထောင်စဉ်ကတည်းက အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

= = = = = = = = =

{{ UNICODE }}






XS
SM
MD
LG