[[ ZAWGYI / UNICODE ]]
၉ သိန်းနီးပါးရှိလာတဲ့ မြန်မာ စစ်ဘေးရှောင်တွေကို ဘေးကင်းစွာ ကူညီနိုင်ဖို့လိုအပ် (ကုလပြောခွင့်ရ Staphane Dujarric)
မြန်မာနိုင်ငံမှာ မနှစ်က ဖေဖေါ်ဝါရီ စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း ပြည်တွင်းမှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူက အခုဆို ၉ သိန်းနီးပါး ရှိနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Staphane Dujarric က ကြာသပတေးနေ့ ကုလရုံးချုပ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ မှာ စစ်တပ်က အာဏာသိမ်းခဲ့ချိန်က စပြီး နေရပ်ရင်းကို စွန့်ခွါပြီး ပြည်တွင်းအိုးအိမ်ပြောင်းရွှေ့ နေထိုင်ရသူ အမျိုးသား၊ အမျိုးသမီးနဲ့ကလေးငယ် အရေအတွက်က သန်းတဝက် ကျော်လာပြီဖြစ်ပြိး မြန်မာတနိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ စုစုပေါင်းက ၈၇၃ ၀၀၀ ဖြစ်ကြောင်း ပြောသွားတာပါ။
နိုင်ငံတွင်း နေရာအများအပြား အထူးသဖြင့် မြန်မာနိုင်ငံ အနောက်မြောက်နဲ့ အရှေ့တောင်ဘက် ဒေသတွေမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ တိုးလာနေသလို လူသားချင်းစာနာမှု အခြေနေနဲ့ လူ့အခွင့်ရေး အခြေနေတွေ သိပ်ကို ဆိုးဝါးနေတာကြောင့် မြန်မာနိုင်ငံတွင်းက ဌာနေ ကုလအဖွဲ့တွေ စိုးရိမ်နေရဆဲ ဖြစ်ကြောင်းလည်း ပြောပါတယ်။
၂၀၂၂ အတွက် လူသားချင်းစာနာမှု တုန့်ပြန်ဆောင်ရွက်ရေး အစီစဉ်နဲ့အကူညီပေးရမယ့် သူက ၆.၂ သန်းအထိ စံချိန်တင် ဖြစ်လာနေတာကြောင့် သူတို့ကို အကူညီပေးဖို့ ရံပုံငွေ ဒေါ်လာ ၈၂၆ သန်း တောင်းခံထားတာ ဖြစ်ပီး မြန်မာပြည်သူတွေ အတွက် လှူဒါန်းကြဖို့ လည်း အလှူရှင်တွေကို တိုက်တွန်းလိုက်ပါတယ်။
လိုအပ်နေသူတွေဆီ အကူညီတွေ ပေးနိုင်ဖို့ အကန့်အသတ်တွေ ဆက်ရှိနေချိန်မှာ လူသားစာနာမှု အကူညီလိုအပ်ချက် ဆက်ပြီး တိုးလာနေကြောင်းနဲ့ ကုလသမဂ္ဂ အနေနဲ့ အထူးသဖြင့်တိုက်ပွဲဖြစ်ပွါးနေတဲ့ နေရာတွေမှာ တိုးလာနေတဲ့ လိုအပ်တဲ့အကူအညီတွေကို လုံခြုံဘေးကင်းစွာ သွားရောက်ပေးအပ်နိုင်ဖို့ လိုကြောင်းလည်း ပြောပါတယ်။
= = = = = = = = = = =
{{ UNICODE }}