သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောင်ဒဏ်ချမှတ်မှု အတုအယောင် တရားရေးစနစ် (ကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Derak Chollet)


အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet
အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet

[[ ZAWGYI / UNICODE ]]

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ တရားရုံးက ဧပြီ ၂၇ ရက် ကြာသပတေးနေ့မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာကို ကြည့်ရင် အာဏာသိမ်းထားတဲ့ စစ်တပ်က နိုင်ငံရေးရန်သူတွေအပေါ် သူ့ရဲ့ အတုအယောင် တရားရေးစံနစ်ကို အသုံးချပြီး နှိမ်နင်းနေတာ သိနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က VOA ကို ပြောကြားလိုက်ပါတယ်။

ဒါဟာ အတုအယောင် တရားစီရင်ရေးစံနစ်ဆိုတာ ပြနေပါတယ်။ ဒါ့အပြင် ဒါဟာ ၂၀၂၁ မှာ တရားနည်းလမ်း မကျပဲ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်က သူ့နိုင်ငံရေးရန်သူတွေ အပေါ် ဒီတရားရေးစံနစ်ကို သုံးပြီး နှိမ်နင်းဖို့ ကြိုးစားနေတယ်ဆိုတဲ့ နောက်နမူနာ တခုပါ - လို့ ပြောသွားတာပါ။

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်သွားပြီး ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှု ပြန်ရတာကို မြင်လိုကြောင်းနဲ့ ဒီလို ဖြစ်လာတဲ့ အချိန်အထိ စစ်တပ်အုပ်ချုပ်သူတွေနဲ့ အမေရိကန်ပြည်ထောင်စုက ထိတွေ့ဆက်ဆံမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

ဒါကြောင့် ဝါရှင်တန်ဒီစီမှာ မကြာခင်ကျင်းပမယ့် ASEAN - အမေရိကန် အထူး ထိပ်သီးအစည်းဝေးမှာ စစ်တပ်ဘက်က ကိုယ်စားလှယ်တွေကို ပါဝင်ခွင့်ပေးမှာ မဟုတ်ပဲ၊ အာဆီယံ အစည်းဝေးတွေလိုပဲ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ မပတ်သက်တဲ့ပုဂ္ဂိုလ်တွေသာ တက်ရောက်ခွင့် ပေးမှာ ဖြစ်ပြီး မြန်မာနိုင်ငံက စစ်ခေါင်းဆောင်အနေနဲ့ ဘာလုပ်ရမယ်ဆိုတာ သိဖို့လိုအပ်ကြောင်းလည်း ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင် အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ကို လိုက်နာဖို့ လိုအပ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းပေါ် ပြန်လျှောက်ဖို့ လိုအပ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီနည်းက ရွေးကောက်တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင်တွေ အပေါ် အတုအယောင် တရားစီရင်ရေးကိုသုံးပြီး အပြစ်ဒဏ် ချမှတ်နေတာတွေ မလုပ်ဖို့ လည်း တောင်းဆိုလိုက်ပါတယ်။

အမေရိကန် အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell ကလည်း အခုလို ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်တာဟာ လုပ်ကြံချမှတ်တဲ့ စီရင်ချက်ဖြစ်ကြောင်း ဝေဖန်လိုက်သလို ပြင်သစ်အစိုးရက လည်း အပြစ်တင်ရှုတ်ချလိုက်ပြီး ဒီစီရင်ချက်ဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ကြောင်းနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို စစ်ကောင်စီက မှေးမှန်ပျောက်ကွယ်သွားအောင် လုပ်ဆောင်တာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

{{ UNICODE }}







XS
SM
MD
LG