သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘယ်လက်နက်ကိုင်မှ သူတို့ရွာမှာ တပ်မစွဲဖို့ တောင်းဆိုလိုက်တဲ့ ကွတ်ခိုင်မြို့နယ်ကရွာသားများ


MNDAA ကိုးကန့် တပ်ဖွဲ့ဝင်များ (Photo: The Kokang FB page )
MNDAA ကိုးကန့် တပ်ဖွဲ့ဝင်များ (Photo: The Kokang FB page )

[[ ZAWGYI / UNICODE ]]

ဘယ်လက်နက်ကိုင်မှ သူတို့ရွာမှာ တပ်မစွဲဖို့ တောင်းဆိုလိုက်တဲ့ ကွတ်ခိုင်မြို့နယ်ကရွာသားများ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်က ဇွပ်အောင်စစ်ရှောင်စခန်းနဲ့ ကပ်လျက်က ကာလိုင်ကျေးရွာမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တပ်မစွဲဖို့ကို ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေက တောင်းဆိုထားပါတယ်။ တိုက်ပွဲဒဏ်ကြောင့် စစ်ရှောင်စခန်းနဲ့ ကျေးရွာထဲ လက်နက်ကြီးကျတာတွေ ရှိနေပြီး လူသေဆုံးတဲ့အထိဖြစ်နေလို့ တပ်စွဲနေရာယူထားတာတွေ အခုလနောက်ဆုံးထား ဖယ်ပေးဖို့ကို တောင်းဆိုထားတာပါ။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာရှိတဲ့ ဇွပ်အောင်စစ်ရှောင်စခန်းမှာ အခုလ ၁၇ ရက်၊ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက လက်နက်ကြီးကျလို့ စစ်ဘေးရှောင် ၂ ဦးသေဆုံးပြီး၊ အပြင်းအထန်ဒဏ်ရာရသူ ၁ ဦးရှိခဲ့ပါတယ်။ စစ်ရှောင်စခန်းထဲမှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ကိုးကန့်အဖွဲ့ တပ်စွဲထားပြီး၊ အနီးဝန်းကျင်က ကာလိုင်ကျေးရွာမှာလည်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့ တပ်စွဲထားတယ်လို့ ဇွပ်အောင်စစ်ရှောင်စခန်းက ဒုက္ခသည်တဦးက ပြောပါတယ်။

"ဒီလ ၁၇ ရက်နေ့က ကျနော်တို့ စစ်ရှောင်စခန်းထဲမှာ ဖြစ်သွားတဲ့အဖြစ်အပျက် မဖြစ်ခင်ကလည်း စစ်ရှောင်စခန်းထဲမှာ တပ်စွဲနေတဲ့ MNDAA တွေကို ကျနော်တို့ ကိုယ်တွေ့သွားပြောတာရှိတယ်။ ဒီစခန်းအတွင်းထဲက ရှောင်ပေးဖို့ပေါ့နော်။ ကျနော်တို့က စကားလည်းမပေါက်တော့ ဘာသာပြန် ၂ ယောက်လည်းခေါ်သွားတယ်။ သူတို့ကိုသွားတွေ့တဲ့အချိန်မှာ သူတို့က လက်နက်တွေဘာတွေနဲ့ ခြိမ်းခြောက်ပြီးပြန်မောင်းထုတ်တယ်။ အော်ငေါက် ဆဲဆိုတာတွေလည်းလုပ်တယ်။ အဲဒီနောက်ပိုင်း တိုက်ပွဲမဖြစ်ဘဲနဲ့ လက်နက်ကြီးကျလို့ ကျနော်တို့စစ်ရှောင်စခန်းထဲက ပြည်သူ ၂ ဦး ဆုံးသွားပြီ။ အဲဒီနောက်မှာ ဒီရပ်မိရပ်ဖတွေရယ်၊ ဒီထဲက ဘာသာရေးဆရာတွေရယ်၊ ယဉ်ကျေးမှုခေါင်းဆောင်တွေရယ်၊ ပြီးတော့ ဒီမှာနေတဲ့ ပြည်သူတွေအကုန်လုံး တိုင်ပင်ပြီးတော့ စစ်ရှောင်စခန်းအတွင်းမှာရယ်၊ ကာလိုင်ကျေးရွာအတွင်းမှာရယ် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမှ တပ်စွဲ စခန်းချနေထိုင်ခြင်း မပြုဖို့ပေါ့နော် ကျနော်တို့ တောင်းဆိုထားတာ ဟုတ်ပါတယ်။"

စစ်ရှောင်စခန်းနဲ့ အနီးဝန်းကျင်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တပ်စွဲနေထိုင်ကြသလို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် တိုက်ပွဲဒဏ်တွေကို ဒုက္ခသည်တွေနဲ့ ဒေသခံတွေမှာ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ အဲဒီအတွက်ကြောင့်လည်း အခုလို အနီးဝန်းကျင်မှာ တပ်မစွဲဖို့ကို တောင်းဆိုလိုက်တာပါ။ အခုဇွန်လ နောက်ဆုံးထားပြီး လက်နက်ကိုင်အဖွဲ့တွေ ထွက်သွားပေးဖို့ကို တောင်းဆိုထားပေမယ့် အခုချိန်ထိ တုန့်ပြန်မှုတစုံတရာ မရသေးဘူးလို့ ပြောပါတယ်။ TNLA ဘက်ကတော့ ကာလိုင်ကျေးရွာမှာ သူတို့အဖွဲ့တွေ တပ်စွဲထားတာမရှိပေမယ့် အဝင်အထွက်တော့ ရှိတယ်လို့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး မိုင်အိုက်ကျော်က ပြောပါတယ်။

"တပ်စွဲထားတာတော့ မဟုတ်ဘူး။ သူတို့ဆီမှာ အဲဒီလိုတပ်စွဲထားတာ မရှိဘူး။ သူတို့ဆီမှာ Mobile ပေါ့နော် ဝင်လိုက် ထွက်လိုက် အဲလိုမျိုးတော့ရှိတယ်။ သူတို့ပြောတဲ့ ရွာသားတွေရှောင်ဖို့ဆိုတာလည်း ပြောထားတာမရှိပါဘူး။ တတ်နိုင်သမျှ ဒီရွာတွေမှာ ပြည်သူတွေရှိတဲ့နေရာ တိုက်ပွဲမဖြစ်အောင် ရှောင်ပြီးတော့မှ... သူတို့ပြောတဲ့ အဲဒီလို ရွာထဲမှာ တပ်စွဲပြီးတော့မှ ရှောင်ခိုင်းတာ အဲလိုပုံစံမျိုး မရှိဘူး။"

ဇွပ်အောင်စစ်ရှောင်စခန်းနဲ့ ကပ်လျက်က ကာလိုင်ကျေးရွာမှာ စခန်းချနေထိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ရံဖန်ရံခါ တိုက်ပွဲတွေဖြစ်လေ့ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကြောင်းထိုးတဲ့ လမ်းခုလတ်မှာ စစ်ကောင်စီတပ်နဲ့ KIA ၊ ပူးပေါင်းအဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်တဲ့ အခြေအနေတွေလည်း ရှိတယ်လို့ ပြောပါတယ်။ အခုလို လက်နက်ကိုင်ပဋိပက္ခဒဏ်ကို ဒုက္ခသည်တွေနဲ့ ရွာသားတွေ မကြာခဏဆိုသလို ရင်ဆိုင်နေရတာကြောင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ အနေနဲ့လည်း အရပ်သားတွေနား စခန်းချတာကို ဝိုင်းဝန်းဖိအားပေးကြဖို့ ဒုက္ခသည်တဦးက တောင်းဆိုထားပါတယ်။

"ကျနော်တို့ တောင်းဆိုတဲ့ဟာကိုလည်း နိုင်ငံတကာအဖွဲ့အစည်းကရော၊ မြန်မာနိုင်ငံထဲက အဖွဲ့အစည်းတွေအားလုံးလည်း ဝိုင်းဝန်းပြီးတော့ ဖိအားပေးဖို့အတွက်ပေါ့နော်။ ဒီစစ်ရှောင်စခန်းထဲကနေ ထွက်သွားဖို့ရယ်၊ ပြီးတော့ ကျနော်တို့ စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေကနေ မီတာ ၁,၀၀၀ အနီးပေါ့နော်၊ စခန်းချနေထိုင်ခြင်း မပြုဖို့ရယ်။ တပ်မတော်ဘက်ကိုလည်း ကျနော်တို့ပြောချင်တာရှိတယ်။ စစ်ရှောင်စခန်းတွေနဲ့ ကျေးရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ မပစ်ဖို့အတွက်ပေါ့နော်၊ အဲဒါမျိုး တောင်းဆိုချင်တာရှိပါတယ်ဗျ။"

ဇွပ်အောင်စစ်ရှောင်စခန်းမှာ ဒုက္ခသည်အရေအတွက် ၁,၂၀၀ ကျော်ရှိပါတယ်။ ကိုယ်ထူကိုယ်ထ ရုန်းကန်နေရတဲ့ ဒီဒုက္ခသည်စခန်းမှာ မိုးတွင်းကာလဖြစ်လို့ အရင်ကထက်ပိုပြီး ဘေးဒုက္ခတွေ ကျရောက်နေပါတယ်။ စခန်းထဲက နေအိမ်တချို့မှာ အိမ်ခေါင်မိုးနဲ့ အမိုးအကာတွေဟာ လက်နက်ကြီးဒဏ်ကြောင့် ဇကာပေါက်လိုဖြစ်နေလို့ မိုးယိုတဲ့ဒဏ် ခံနေရပါတယ်။ အခြေခံ ကျန်းမာရေးပြဿနာတွေကြောင့် ဆေးဝါးလိုအပ်ချက်ရှိနေသလို စိတ်ကျန်းမာရေးချို့တဲ့သူတွေပါ ရှိလာနေတယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။

= = = = = = = = = = = =

{{ UNICODE }}










XS
SM
MD
LG