[[ ZAWGYI / UNICODE ]]
အာဖဂန်မြို့တော် ဗုံးပေါက်ကွဲမှု ၂ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့တော်က လူနည်းစု ရှီရိုက် မူဆလင်တွေ နေတဲ့ရပ်ကွက်မှာ စနေနေ့က ဗုံးပေါက်ကွဲတာကြောင့် အနည်းဆုံး လူ(၂)ဦး သေဆုံးပြီး (၂၂)ဦးလောက် ဒဏ်ရာရသွားတယ်လို့ တာလီလန်တာဝန်ရှိသူတွေက ပြောပါတယ်။
ကာဘူး ရဲချုပ်ရဲ့ပြောခွင့်ရအဖြစ် တာလီဘန်က ခန့်အပ်ထားတဲ့ Khalid Zadran ရဲ့အဆိုအရ ကာဘူးမြို့ အနောက်ဖက် Puli-e Sokhta ဒေသမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ၊ ဒဏ်ရာရသူတွေထဲက တဦးဟာ စိုးရိမ်ရတယ်လို့ သူက ဆိုပါတယ်။
ဒီ ဗုံးခွဲ တိုက်ခိုက်မှုက ဘယ်သူ့လက်ချက်လဲဆိုတာ ခုချိန်ထိ ဘယ်သူကမှ ထုတ်ဖေါ် ပြောဆိုတာ မရှိသေးပေမဲ့ ၊ IS စစ်သွေးကြွအုပ်စု လက်ချက် ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ အတိတ်ကာလတုန်းကလည်း IS အုပ်စုဟာ အာဖဂန်မှာရှိတဲ့ လူနည်းစု ရှီရိုက် တွေကို ကြီးမားတဲ့ တိုက်ခိုက်မှု လုပ်ခဲ့မျိုး ရှိခဲ့ပါတယ်။
ဒေသတွင်း IS စစ်သွေးကြွတွေနဲ့ လက်တွဲဖေါ်ဖြစ်ပြီး ISK လို့ လူသိများတဲ့ Khorasan ပြည်နယ်က အစွန်းရောက်အုပ်စုဟာ ၊ ပြီးခဲ့တဲ့နှစ် အာဖဂန်မှာ တာလီဘန်တွေ အာဏာပြန်ရလာချိန်ကစပြီး ဗလီကျောင်းတွေ ၊ လူနည်းစု မူဆလင်တွေအပေါ် တိုက်ခိုက်မှုတွေ တိုး-လုပ်လာခဲ့ပါတယ်။
သောကြာနေ့တုန်းကလည်း ကာဘူးမြို့ ရှီရိုက်တွေ နေတဲ့ ရပ်ကွက်ထဲက နောက်ထပ် ဗလီကျောင်းတခုနားမှာ လှည်းပေါ်မှာ ဖွက်ထားတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံး (၈)ဦး သေဆုံးပြီး၊ (၁၈)ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့ကြောင်း IS အဖွဲ့က ကြေညာခဲ့တာပါ။
====================
{{ UNICODE }}