[[Zawgyi/Unicode]]
ကန်ရဲ့ NDAA အကူအညီ NUG ဘယ်လောက်မျှော်လင့်ထားလဲ
အခုရက်ပိုင်းအတွင်း NUG/PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်တွေကို သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီဖက်က ကြေညာတာတွေ မမှန်ကန်ဘဲ သူတို့ဘက်ကရှုံးနိမ့်မှုကို ဖုံးကွယ်ဖို့ ဝါဒဖြန့်ချီတာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု NDAA ဥပဒေအရ အကူအညီတွေရရှိဖို့ကိုတော့ ERO တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးတွဲညှိနှိုင်းသွားမယ်လို့လည်း ပြောပါတယ်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို ကိုသားညွန့်ဦးဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ဦးရည်မွန်ခင်ဗျ။ တလောတုန်းက TNLA နယ်မြေပေါ့နော်၊ ကုန်းသာဘက်မှာ မြန်မာစစ်တပ်က PDF စခန်းကို လက်နက်တိုက်ကို ဝင်တိုက်တယ်လို့ ကြေညာတယ်၊ လက်နက်တွေမိတယ်ဆိုပြီးတော့ ပြောပါတယ်ခင်ဗျ။ အဲဒါ ဘယ်လောက်အထိ မှန်ကန်မှုရှိပါသလဲ။
ဖြေ။ ။ ဟုတ်ကဲ့၊ အဲဒါ သတင်းအမှားလို့ပဲ ကျနော်တို့ပြောရမယ်။ အထူးသဖြင့် သတင်းမှားဆိုတာထက်ကို သတင်းလိမ်ပေါ့။ လုပ်ကြံသတင်းလိမ်တခုပါ။ TNLA နယ်မြေကို ပြောမယ်ဆိုရင် စစ်ကောင်စီက မိုက်မိုက်မဲမဲကို (၃၅ စက္ကန့်) ....... ကြွေးကြော်ခဲ့တာ။ စစ်ကောင်စီအတွက် အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတဲ့တိုက်ပွဲတခုလို့ ပြောရမှာပါ။ တကယ်တန်းပြောမယ်ဆိုရင် အဲဒီစစ်ပွဲမှာ PDF လက်နက်ပစ္စည်းများ တစုံတရာ ဆုံးရှုံးခဲ့တာ မရှိပါဘူး။ သေချာတာကတော့ စစ်ကောင်စီတပ်တွေပဲ ရာဂဏန်း ထိခိုက်သေဆုံးခဲ့တာရှိမယ်။ တချို့ကို လက်ရ သုံ့ပန်းအဖြစ် ကျနော်တို့ဖမ်းမိတာတွေရှိမယ်။ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တချို့ ကျနော်တို့ ထိခိုက်ခဲ့တာတွေ ရှိလိမ့်မယ်။ စစ်ကောင်စီရဲ့လက်နက်ပစ္စည်းတွေလည်း လက်ရဖမ်းဆီးရမိခဲ့တာရှိတယ်။ အဲဒီတော့ ဒီတိုက်ပွဲကို ပြန်ကြည့်ရင် အကြမ်းဖက်စစ်ခေါင်းဆောင်တွေ ဘယ်လောက် သူတို့ရဲ့စစ်ရေးပညာနိမ့်ပါးနေသလဲဆိုတာကို ဖော်ပြလိုက်တယ်လို့ပဲကျနော်က မြင်ပါတယ်။ အဲဒီတော့ သူတို့ရဲ့ လက်အောက်ငယ်သားတွေရဲ့အသက်ပေါ့...ဒါကို သူတို့က လုံးဝမငဲ့ကွက်ဘဲနဲ့ အတင့်ရဲပြီးတော့ စစ်ခင်းတဲ့အခါမှာ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတယ်။ အဲဒါကို ဖုံးကွယ်ဖို့ PDF လက်နက်ပစ္စည်းတွေ သူတို့သိမ်းပိုက်ရရှိတယ်ဆိုတာမျိုး သတင်းလိမ်တပုဒ်နဲ့ ဝါဒဖြန့်တယ်လို့ပဲ ပြောရပါမယ်။
မေး။ ။ ကျနော် တဆက်တည်းမေးချင်တာက အမေရိကန်က အမျိုးသားကာကွယ်ရေးဥပဒေပေါ့နော်-NDAA ပြဌာန်းလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အချက်တွေ ထည့်သွင်းပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ERO တွေလည်းပါတယ်။ အဓိက PDF တွေပေါ့နော်။ Non-lethal assistance - လက်နက်မဟုတ်တဲ့ အကူညီအထောက်အပံ့တွေ ပေးသွားမယ်ဆိုတာ အတိအကျဖော်ပြထားပါတယ်။ ဒီဥပဒေကလည်း မကြာခင်မှာ သမ္မတလက်မှတ်ထိုးပြီးတော့ အတည်ဖြစ်တော့မှာပါ။ အဲဒီတော့ NDAA နဲ့ပတ်သက်လို့ ဘယ်လောက်အထိ မျှော်မှန်းထားလဲ။ အကူအညီတွေ ဘယ်လောက်ထိ ရမယ်လို့ မျှော်လင့်ထားပါသလဲ။
ဖြေ။ ။ ဒီဥပဒေမှာ ကျနော်တို့သိရသလောက်တော့ PDF နဲ့ ERO များကို နှစ်ခု ကူညီမယ်ပေါ့ဗျာ။ တခုကတော့ technical support -နည်းပညာဆိုင်ရာ အကူအညီတွေပေးနိုင်တယ်။ ဒုတိယအကူအညီက Non-lethal assistance - လက်နက်မဟုတ်တဲ့ ပစ္စည်းတွေ အကူအညီပေးနိုင်တယ်လို့ ကျနော်တို့နားလည်ရပါတယ်။ အဲဒီတော့ လက်တွေ့မှာကတော့ ဘယ်လိုအကူအညီမျိုးတွေရမလဲဆိုတာကတော့ လိုအပ်တဲ့ဆက်သွယ်ညှိနှိုင်းမှုတွေတော့ လုပ်ရဖို့ ရှိပါလိမ့်မယ်။ ကျနော်တို့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ကလည်း လိုအပ်တဲ့ပြင်ဆင်မှုတချို့တော့ စလုပ်နေပါပြီ။ technical support နဲ့ပတ်သက်ရင် ကျနော်တို့ ဘာတွေလိုအပ်သလဲ။ Non-lethal assistance နဲ့ပတ်သက်ရင်ရော ကျနော်တို့ ဘာတွေရချင်သလဲ၊ ဒါတွေကို ကျနော်တို့ ဖော်ထုတ်သွားဖို့ရှိတယ်။ ပြီးရင် ကျနော်တို့ရဲ့ မဟာမိတ် ERO များနဲ့လည်း ညှိနှိုင်းမှုတွေ ဆက်ပြီးတော့ လုပ်ရဖို့ရှိလိမ့်မယ်။ နောက်ဆက်တွဲအနေနဲ့မှ ကျနော်တို့ဒီအကူအညီတွေလက်တွေ့ရရှိနိုင်ပြီဆိုတာကတော့
ဆက်ပြီးတော့ အစီအစဉ်ချပြီးတော့ ဆောင်ရွက်သွားရမယ့်ကိစ္စလို့ ကျနော်တို့ နားလည်ပါတယ်။
မေး။ ။ ဟုတ်ကဲ့၊ အဲဒါ အမေရိကန်အစိုးရ၊ အမေရိကန်အာဏာပိုင်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးတော့ လုပ်နိုင်မလားခင်ဗျ။
ဖြေ။ ။ ဟုတ်ကဲ့၊ ဒီလိုလုပ်နိုင်မယ့်အနေအထားမျိုး NUG မှာရှိပါတယ်။ အထူးသဖြင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် တာဝန်ယူထားတာကတော့ အဓိကအားဖြင့် NUG မှာ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက လိုအပ်တဲ့ညှိနှိုင်းမှုတွေ ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်။
ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့၊ဦးရည်မွန် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။
PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို ဘယ်လို စုဆည်း ထိန်းကျောင်းမလဲ၊ တဘက်မှာ ကျင့်ဝတ်နဲ့မညီတာတွေကို ဘယ်လိုအရေးယူမလဲ၊ PDF တပ်တွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဘယ်လောက်ဆက်စပ်နိုင်ပြီလဲ ဆိုတာတွေအပေါ် NUG ကာကွယ်ရေးဝန်ကြီးနဲ့ဆက်သွယ်မေးမြန်းချက်အသေးစိတ်ကိုတော့ လာမယ့်စနေနေ့ သီတင်းပတ်စဉ်ရုပ်သံအစီအစဉ်မှာ စောင့်မျှော်နားဆင်နိုင်ပါတယ်။
-------------------
[[Unicode]]