သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CNF ဌာနချုပ်လေကြောင်းတိုက်ခိုက်ခံရမှု အိန္ဒိယဝေဖန်ခံရ


အိန္ဒိယမြန်မာနယ်စပ်မြေပုံ
အိန္ဒိယမြန်မာနယ်စပ်မြေပုံ

မြန်မာစစ်တပ်က ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ဌာနချုပ်ရှိရာကို ပြီးခဲ့တဲ့ရက်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာမှာ အိန္ဒိယက လေကြောင်းပိုင်နက်ကို အသုံးပြုခဲ့ပုံရတယ်လို့ နိုင်ငံရေး အကဲခတ်တွေက စွပ်စွဲပါတယ်။ မြန်မာဘက်က လေကြောင်းပိုင်နက်ချိုးဖေါက်မှုမလုပ်အောင်နဲ့ နိုင်ငံတကာ ဥပဒေချိုးဖေါက်မှုတွေကို ဟန့်တားပေးဖို့ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Fortify Rights အဖွဲ့ကလည်း အိန္ဒိယအစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုအောင်အောင် တင်ဆက်မှာပါ။

အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ဌာနချုပ်နယ်မြေထဲက ဝိတိုရိယစခန်းအပေါ် မြန်မာစစ်တပ်က ပြီးခဲ့တဲ့ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာမှာ အိန္ဒိယပိုင် နယ်နမိတ်ထဲအထိ တိုက်လေယာဉ်တွေ ဝင်ခဲ့တာကြောင့် စစ်တပ်က လေကြောင်းပိုင်နက်ချိုးဖေါက်တာ၊ နိုင်ငံတကာ ဥပဒေချိုးဖေါက်မှုတွေကို ဟန့်တားပေးဖို့ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Fortify Rights အဖွဲ့က အိန္ဒိယအစိုးရကို တောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံနယ်နမိတ်အတွင်းမှာပါ ဗုံးတွေကျခဲ့တဲ့အကြောင်း Fortify Rights အဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ အိန္ဒိယအစိုးရဟာ သူ့ရဲ့ အကျိုးစီးပွားအတွက် မြန်မာစစ်တပ်နဲ့ အပေးအယူကိစ္စတွေ ရှိနေကြောင်း နိုင်ငံရေး စောင့်ကြည့်သူတွေက ပြောပါတယ်။ အိန္ဒိယအစိုးရက မြန်မာစစ်တပ်ကို အကူအညီတွေပေးရုံနဲ့ သူ့ရဲ့စီမံကိန်းတွေ ဖြစ်မြောက်လာလိမ့်မယ်လို့ မထင်ကြောင်း မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ Nickey Diamond က ဗွီအိုအေကို ပြောပါတယ်။

" အိန္ဒိယက လေကြောင်းပိုင်နက် အသုံးပြုခွင့်ပေးတာက အရမ်းကို အန္တရာယ်များတယ် ဘာကြောင့်လဲဆိုရင် နယ်စပ်မှာရှိတဲ့ တော်လှန်ရေးစခန်းတွေက နယ်စပ်မျဉ်းနဲ့ အရမ်းကပ်နေပြီးတော့ သူတို့ လေကြောင်းတိုက်ခိုက်မှု လုပ်တယ်ဆိုရင် အမြဲတမ်း ဖြစ်နိုင်တဲ့ risk က နယ်စပ်ကျော်ပြီး အိန္ဒိယဘက်ကို လက်နက်ကြီးတွေ၊ ဗုံးတွေကျမယ် ပြီးရင် အိန္ဒိယပြည်သူတွေ ထိခိုက်၊ သေဆုံးတာတွေ ဖြစ်နိုင်တယ်ပေါ့။ အဲဒီတော့ အိန္ဒိယက ဘာကြောင့် ဒီမြန်မာစစ်တပ်ကို လေကြောင်းပိုင်နက် အသုံးပြုခွင့် ပေးတာလဲဆိုတော့ သူ့ရဲ့အကျိုးစီးပွားတွေက ရှိနေတယ်ပေါ့။ ရခိုင်နဲ့ ချင်းပြည်နယ်မှာ သူတို့ ကုလားတန်မြစ်ဝှမ်း စီမံကိန်းတွေမှာ အနှောက်အယှက် ဖြစ်နေတာမျိုးတွေ ရှိတယ်၊ ဆိုတော့ ကျနော်တို့ မြန်မာပြည်တွင်း တည်ငြိမ်မှုရှိမှသာ သူ့ရဲ့ စီမံကိန်းတွေ၊ အကောင်အထည် ဖော်လို့ရမှာ။ အကြမ်းဖက်စစ်တပ်ကို အကူအညီပေးနေရုံနဲ့ သူ့ရဲ့စီမံကိန်းတွေကို အကောင်အထည်ဖော်ခွင့် ရမယ်လို့ ကျနော်တော့ မယုံကြည်ဘူး၊ မထင်ဘူးပေါ့။"

မြန်မာစစ်တပ်က လေယာဉ်နဲ့ တိုက်ခိုက်တာမှာ ဗုံးအနည်းဆုံး ၂လုံး၊ ၃လုံးလောက်က အိန္ဒိယဘက်ကို ကျခဲ့ပြီး ဒါတွေကို ဓာတ်ပုံ၊ ဗွီဒီယိုနဲ့ တိတိကျကျ ရိုက်ကူးထားတာတွေရှိကြောင်း ချင်းအမျိုးသားတပ်ဦးရဲ့ CNF ရဲ့ ဒုဥက္ကဋ္ဌ(၂) ဖြစ်တဲ့ ဒေါက်တာလျှုံမှုန်းဆာခေါင်း ကပြောပါတယ်။ ဒါကို အိန္ဒိယအစိုးရက တုံ့ပြန်မှုတွေ ရှိသင့်ကြောင်း သူကပြောပါတယ်။

" အခုကျနော်တို့ ချင်းလူမျိုးတွေကို တိုက်ခိုက်ရင်းနဲ့ အိန္ဒိယရဲ့ နိုင်ငံတကာ လေကြောင်းနယ်နမိတ်ကို ကျူးကျော်ဖြတ်ဝင်သွားတဲ့ ဟာမျိုးကလည်း လုံးဝမဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ ဒီအချိန်မှာ ကျနော်တို့အနေနဲ့ အိန္ဒိယအစိုးရကိုလည်း တောင်းဆိုချင်ပါတယ်။ သူတို့ရဲ့ လေကြောင်းနယ်နမိတ်ကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ကောင်စီကို သူတို့အနေနဲ့ ရှုတ်ချသင့်တယ်၊ မပူးပေါင်းသင့်ဘူး၊ အဲဒီအတွက် အိန္ဒိယအစိုးရအနေနဲ့ ဒီကိစ္စကို တိတိကျကျ ဆောင်ရွက်သင့်တယ် ဆိုပြီးတော့ ကျနော်တို့ မီဒီယာကနေတဆင့် ပြောချင်ပါတယ်။"

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်တချို့ ပျက်စီးခဲ့သလို၊ CNF ရဲ့ ရဲဘော်တချို့လည်း သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယသတင်းဌာန Rediff ကတော့ အိန္ဒိယဘက်ကို ဗုံးကျရောက် ပေါက်ကွဲတာမရှိကြောင်း အိန္ဒိယအာသံရိုင်ဖယ် နယ်စပ်လုံခြုံရေးတပ်ကို ကိုးကားပြီး သတင်းဖော်ပြခဲ့ပါတယ်။

အိန္ဒိယက မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ကွယ်ပြုတာ၊ စစ်ကောင်စီကို စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့နေတာကို အရပ်ဘက်အဖွဲ့တွေက ရှုတ်ချနေပါတယ်။ အိန္ဒိယကတော့ မီဇိုရမ်ပြည်နယ် ဖွံ့ဖြိုးလာဖို့အတွက် မြန်မာပြည်အနောက်ခြမ်းမှာ နယ်မြေအေးချမ်းဖို့ပဲ အဓိက လိုလားနေကြောင်း သတင်းတချို့က ဝေဖန် ထောက်ပြနေပါတယ်။

၂၀၂၂ နိုဝင်ဘာလထဲမှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်ကောင်စီနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်ရေးတင်းမာနေတဲ့ ရခိုင်လက်နက်ကိုင် AA/ULA နဲ့ စစ်ကောင်စီတို့ အပစ်ရပ်စဲလိုက်တာပါ။ အဲဒီနောက် အိန္ဒိယ အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေဆိပ်ကမ်းကို ဖွင့်လှစ်ဖို့ အပြီးသတ်လုပ်ငန်းတွေ စတင်လာပါတယ်။ ရခိုင်ကနေ အိန္ဒိယ မီဇိုရမ်ပြည်နယ်အထိ ကုန်သွယ်ရေးလမ်းကြောင်းကတော့ ရခိုင်နဲ့ ချင်းပြည်နယ်က တိုက်ပွဲတွေကြောင့် အိန္ဒိယဘက်က လုပ်ငန်းတွေ အပြီးမသတ်နိုင်သေးပါဘူး။

အိန္ဒိယအစိုးရကတော့ သူ့နယ်စပ်က ပဋိပက္ခနဲ့ပတ်သက်လို့ ပေါ်ပေါ်တင်တင် ပြောကြားတာ မရှိသေးပါဘူး။ ဒါပေမဲ့ မီဇိုရမ်ပြည်နယ်၊ မီဇိုးလူငယ်အသင်းကတော့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို ကိုင်တွယ်ဖြေရှင်းဖို့ အိန္ဒိယအစိုးရကို တွန်းအားပေး တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}











XS
SM
MD
LG