သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဇီလန်ဝန်ကြီးချုပ်Ardern ရာထူးကနှုတ်ထွက် 


နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဇင်ဒါအာဒန် (Jacinda Ardern)
နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဇင်ဒါအာဒန် (Jacinda Ardern)

နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန် (Jacinda Ardern) က ရာထူးကနေ အနားယူတော့မှာဖြစ်ပြီး အထွေထွေရွေးကောက်ပွဲ ဝငင်တော့မှာ မဟုတ်ဘူးလို့ ဒီကနေ့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ရုတ်တရက် ကြေညာလိုက်ပါတယ်။ ဝန်ကြီးချုပ်တာဝန်ကို သူထက်ပိုပြီး စွမ်းဆောင်နိုင်မယ့်သူတွေ ရှိတယ်လို့ ယုံကြည်တဲ့အတွက် ရာထူးကနေ ဆင်းပေးမှာဖြစ်တယ်လို့ မျက်ရည်ထိန်းရင်း ကြေညာခဲ့တာဖြစ်ပါတယ်။

နိုင်ငံ့တာဝန်ထမ်းဆောင်ဖို့ အထူးအခွင့်အရေးနဲ့အတူ တာဝန်တွေလည်း တွဲပါလာပါတယ်။ အဲဒီတာဝန်တွေထဲမှာ ကိုယ်က ဦးဆောင်နိုင်သူဖြစ်သလား မဖြစ်သလား ဆိုတာ ခွဲခြားနိုင်မှုလည်းပါဝင်ပါတယ်။ ဒီရာထူးရဲ့ တာဝန်ကြီးမှုကို သိသလို ကိုယ့်အနေနဲ့ လုပ်နိုင်စွမ်း မရှိတော့ဘူးဆိုတာကိုလည်း သိတဲ့အတွက် နှုတ်ထွက်တာဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်အာဒန်က သတင်းထောက်တွေကို ဝမ်းနည်းစွာနဲ့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ဟာ သူမအနေနဲ့ ဝန်ကြီးချုပ်အဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်တဲ့နေ့ဖြစ်မယ်လို့လည်း ကြေညာခဲ့ပါတယ်။ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း စိန်ခေါ်မှုတွေအများအပြားနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ခက်ခဲလွန်းတဲ့အတွက် ရာထူးက နှုတ်ထွက်တာ မဟုတ်ဘူးလို့လည်း ပြောကြားပါတယ်။ သူ့နေရာမှာ အစားထိုးဖို့ လက်ရှိအာဏာရ Labour ပါတီအတွက်ခေါင်းဆောင်သစ်ရွေးပွဲကို လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာ ၁၄ ရက်ကျရင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ သူ့ရဲ့ Labour ပါတီ ပြန်အနိုင်ရဖို့ ကြိုးစာနေရချိန်မှာ ဝန်ကြီးချုပ်တာဝန်ကနေ နှုတ်ထွက်မယ်လို့ ကြေညာတာလည်းဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကာလအတွင်း တင်းကြပ်တဲ့ စည်းကမ်းတွေ ချမှတ်ပြဌာန်းခဲ့ပေမယ့် နယူးဇီလန်နိုင်ငံဟာ နိုင်ငံတကာမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်၊ သေဆုံးမှုအနည်းဆုံးနိုင်ငံအဖြစ် ရပ်နိုင်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့်လည်း သူမကို နိုင်ငံတကာက ချီးကျူးခဲ့ကြသလို ပြည်တွင်းမှာ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

အခု အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဂျက်စင်ဒါ အာဒန်ဟာ လွန်ခဲ့တဲ့ ၅ နှစ်ခွဲက နယူးဇီလန်မှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် ပထမဆုံး ရွေးကောက်တင်မြောက်ခံရတဲ့ အမျိုးသမီးတဦးဖြစ်ပြီး လက်ဝဲယိမ်း အုပ်စုတွေအပါအဝင် လူအတော်များများရဲ့ ချီးမွမ်း သဘောကျခံရသူတဦးလည်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေစဉ်မှာပဲ ကလေးမွေးဖွားခဲ့တဲ့ ဒုတိယမြောက် ကမ္ဘာ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]






XS
SM
MD
LG