သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေနံတင်သင်္ဘောပေါက်ကွဲမှု သေဆုံးခဲ့သူတွေကို ထိုင်းလျော်ကြေးပေး 


ဆီတင်ယာဉ်သင်္ဘောပေါက်ကွဲမှုမှာ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက လျော်ကြေးပေး (ဓါတ်ပုံ- ထိုင်းအလုပ်သမားဝန်ကြီးဌာန)
ဆီတင်ယာဉ်သင်္ဘောပေါက်ကွဲမှုမှာ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက လျော်ကြေးပေး (ဓါတ်ပုံ- ထိုင်းအလုပ်သမားဝန်ကြီးဌာန)

ထိုင်းနိုင်ငံမှာ စမုဆွန်ခါခရိုင်၊ မဲခေါင်မြစ်ခွဲမှာ ပြုပြင်ထိန်းသိမ်းဖို့ရပ်နားထားတဲ့ ရေနံတင်သင်္ဘော Smooth Sea C22 ပေါက်ကွဲမှုမှာ မြန်မာအလုပ်သမား ၇ ယောက်အပါအဝင် သေဆုံးခဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက တယောက်ကို ဘတ်ငွေ ၈ သိန်းကျော်စီ လျော်ကြေးပေးခဲ့ပါတယ်။ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူတွေကိုလည်း တာဝန်ယူကုသပေးမယ့် အစီအစဉ်အကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့က Smooth Sea C22 ရေနံတင်ပေါက်ကွဲခဲ့တာကြောင့် မြန်မာအလုပ်သမား ၇ ဦး အပါအဝင် ၈ ဦးသေဆုံးခဲ့ပြီး၊ မြန်မာလုပ်သားတွေ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ သေဆုံးသူတွေအတွက် အသက်အာမခံကြေး၊ လုပ်သက်ပင်စင်နဲ့ နာရေးပြုလုပ်ဖို့ တယောက်ကို ဘတ်ငွေ ၈ သိန်းကျော်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကျန်ရစ်သူ မိသားစုကို ပေးခဲ့ပါတယ်။ လျော်ကြေးပေးတာနဲ့ပါတ်သက်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

"ဆာမွတ်ဆုံခါခရိုင် ဆီတင်သင်္ဘောပေါက်ကွဲမူ့က ဇန်နဝါရီလ ၁၇ ရက်မှာဖြစ်ပွားခဲ့တယ် အဲဒီမှာ ထိုင်း အလုပ်သမား ၁ ယောက်နဲ့ မြန်မာ ၇ ယောက် သေဆုံးခဲ့တယ်၊ သေဆုံးတဲ့မြန်မာတွေအတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးကိုယ်တိုင်အနီးကပ်ကြီးကြပ်ပြီး ဖြစ်ရပ်နဲ့ပတ်သက်တဲ့ အသက်ဖိုးလျော်ကြေးတွေ သက်ကြီးပင်စင်ကြေးတွေ နာရေးပြုလုပ်ဖို့အတွက် လိုအပ်တဲ့နစ်နာကြေးတွေပေးခဲ့တယ်။ နာရေးလုပ်ဖို့ အတွက် ဘတ် ၅ သောင်းပေးတယ်၊ အသက်ဖိုးလျော်ကြေးအဖြစ် ၇ဦးအတွက် တဦးကိုဘတ်ငွေ ၇၇၀၉၅၂ဘတ်ပေးတယ် နောက်တခုကတော့ သက်ကြီးပင်စင်ကြေးရတယ်။ ဒါကတော့သူတို့လုပ်သက်အလိုက်ရတယ်။ လုပ်သက်သက်တမ်းကို ပြန်လည်တွက်ချက်ပြီးရမယ် လောလောဆယ်ရတာကတော့ နာရေးလုပ်ဖို့ဘတ်၅သောင်းနဲ့ အသက်ဖိုးလျော်ကြေး ၇၇၀၉၅၂ ဘတ်အရင်ရမယ်"

ရေနံတင်သင်္ဘော ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ရောဂါပျောက်ကင်းတဲ့အထိ ကုသမူတွေပေးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

"တဆက်တည်း တခြားဒဏ်ရာရသူတွေအတွက် ရောဂါပျောက်ကင်းတဲ့အထိ ကုသစရိတ်တွေရမယ်၊ ဆေးဝါးကုသခွင့်ရမယ်။ ဒါကတော့ထိုင်းအလုပ်သမားဝန်ကြီးဌာနက လူမူဖူလုံရေးဌာနက ပြန်ပေးမှာဖြစ်ပါတယ်။ အပြည့်အဝနီးပါးရတဲ့အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက အလုပ်သမားတွေအတွက်စီမံကိုင်တွယ်တာက ချီးကျူးလေးစားစရာဖြစ်ပါတယ်"

ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေကို ၁၀ နှစ်အထိ လုပ်အားခရဲ့ ၇၀% ကိုနေ့စဉ်ပေးသွားမှာဖြစ်တယ်လို့လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

"ကိုယ်အင်္ဂါဆုံးရှုံးတာကတော့ သေဆုံးသူတွေ မဟုတ်တော့ဘူး၊ သူက ဒဏ်ရာအနာတရရတဲ့သူတွေထဲက ကိုယ်အင်္ဂါဆုံးရှုံးမယ်ဆိုရင် ထိုင်းဥပဒေအတိုင်း ၁၀နှစ်အထိ သူခံစားခွင့်ရမယ်။ လူမှုဖူလုံရေးဌာနနဲ့ကျန်းမာရေးဌာနက ညှိနှိုင်းပြီး သူက အလုပ်မလုပ်နိုင်တော့ဘူးဆိုရင် သူ့ လုပ်အားခရဲ့ ၇၀ ရာခိုင်နှုန်းကိုနေ့စဉ် ၁၀ နှစ်အထိ ရရှိသွားမှာဖြစ်ပါတယ်"

ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေနဲ့ အိမ်နီးနားချင်းနိုင်ငံတွေက တရားဝင်အလုပ်လာလုပ်သူတွေဆိုရင် အသက်သေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေရှိရင် အာမခံကြေး ရပိုင်ခွင့်အကျိုးခံစားခွင့် အလုပ်သမားသမားတိုင်း ရရှိခံစားစေမှာ ဖြစ်တယ်လို့လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကပြောဆိုခဲ့ပါတယ်။ ဆီတင်ယာဉ်ပေါက်ကွဲမှုဟာ ထိုင်းလူမှုကွန်ရက်တွေသတင်းတွေမှာကျယ်ကျယ်ပြန့်ပြန့် ပါရှိခဲ့ပြီး နိုင်ငံတကာသတင်းတွေမှာလည်း ပါရှိခဲ့ပါတယ်။ အခုဆိုရင် ဒီပေါက်ကွဲမှုမှာအသက်ဆုံးရှုံးခဲ့သူတွေနဲ့ပတ်သက်လို့ ပေါက်ကွဲမူဖြစ်ခဲ့အပြီး အသက်အာမခံလျော်ကြေး မြန်မြန်ဆန်ဆန်ရရှိခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]










XS
SM
MD
LG