သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီဥပဒေသစ်ဟာ အရှက်မဲ့ ကြိုးပမ်းခြင်းတရပ်ဖြစ် (Derek Chollet)


အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလေး(Derek Chollet) ကို ဗွီအိုအေမြန်မာပိုင်း သီးသန့်တွေ့ဆုံမေးမြန်းခန်းအတွင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်းနှင့် အတူတွေ့ရစဉ်
အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလေး(Derek Chollet) ကို ဗွီအိုအေမြန်မာပိုင်း သီးသန့်တွေ့ဆုံမေးမြန်းခန်းအတွင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်းနှင့် အတူတွေ့ရစဉ်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဟာ အနာဂတ်မှာ စစ်တပ်က ထင်သလို ထိန်းချုပ်လုပ်ဆောင်မယ့် ရွေးကောက်ပွဲတွေမှာ စစ်တပ်က သေချာပေါက် အနိုင်ရဖို့ အရှက်မဲ့ ကြိုးပမ်းချက်တစ်ရပ် ဖြစ်တယ်လို့ နိုင်ငံခြားရေးန အတိုင်ပင်ခံ ဒဲရစ်ရှိူလေး (Derek Chollet) က ဒီနေ့ ပြောလိုက်ပါတယ်။ ပြည်သူလူထုရဲ့ နိုင်ငံရေး နယ်ပယ်တွေ စစ်အစိုးရက ဖယ်ရှားပစ်တာကို ကျွန်တော်တို့ အဖြစ်မခံနိုင်ဘူးလို့ တွစ်တာ လူမှုစာမျက်နှာပေါ်မှာ ဒဲရစ်ရှိူလေးက ဇန်နဝါရီ ၂၉ ရက်နေ့ ရက်စွဲနဲ့ ရေးခဲ့တာဖြစ်ပါတယ်။

ဒီအတွက် မြန်မာစစ်ကောင်စီအပေါ် သံတမန်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးမှုတွေ တိုးပေးပြီး NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အတိုက်အခံ အင်အားစုတွေကို ပိုပြီးထောက်ခံရပါမယ်လို့ ဗွီအိုအေ မြန်မာဌာနရဲ့ အမေးကို သူက ပြန်လည်ဖြေကြားပါတယ်။

အမေရိကန်အစိုးရက လွှဲပြောင်းခွင့် ကန့်သတ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာငွေ ဒေါ်လာ ၁ ဘီလီယံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို လွှဲပြောင်းပေးဖို့ NUG ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဗွီအိုအေက မေးမြန်းတဲ့အခါမှာတော့ “ဒါဟာ ဘဏ္ဍာရေး နဲ့ ဥပဒေဆိုင်ရာ ခက်ခဲရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်ပါတယ်” လို့ ဖြေကြားပါတယ်။ အမေရိကန်နိုင်ငံမှာ ထိန်းသိမ်းထားတဲ့ မြန်မာအစိုးရ ပိုင် ဒေါ်လာ ၁ ဘီလီယံကို စစ်ဗိုလ်ချုပ်တွေ မတော်မတရား ယူသွားမှာကို ကာကွယ်နိုင်မယ့် အလုပ်တွေကို အမေရိကန်အစိုးရက လုပ်ထားပါတယ်လို့ ၂၀၂၁ ခုနှစ်က သမ္မတဘိုင်ဒန် ပြောခဲ့တဲ့ စကားကိုပဲ ကိုးကားဖြေဆိုသွားပါတယ်။

NUG နဲ့ ဒီမိုကရေစီအရေး‌ ထောက်ခံနေတဲ့ အင်အားစုတွေကို ပိုပြီး အဓိပ္ပါယ်ရှိရှိ ထောက်ခံပံ့ပိုးနိုင်ဖို့ ကြိုးစားနေကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးတွေ ရရှိဖို့ မြန်မာနိုင်ငံအတွင်း အရပ်ဖက်အဖွဲ့အစည်းတွေ မြန်မာပြည်သူတွေနဲ့ အနီးကပ်လက်တွဲဆောင်ရွက်သွားမယ့်အကြောင်း ဗွီအိုအေ မြန်မာဌာနကို ပြောပါတယ်။

NUG အစိုးရကို တရားဝင် အသိအမှတ်ပြုရေး မေးခွန်းနဲ့ပတ်သက်ပြီး၊ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ အနာဂတ်ကို တည်ထောင်နိုင်ဖို့နဲ့ အကျပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ဖို့ NUG ကြားကလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ တိုင်းရင်းသား လူနည်းစု အဖွဲ့အစည်းတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဆက်လက်တိုင်ပင်ဆွေးနွေးသွားမယ့်အကြောင်းလည်း ဒဲရစ်ရှိူလေး (Derek Chollet)က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]







XS
SM
MD
LG