(zawgyi/unicode)
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂ နှစ်အတွင်း စစ်ကိုင်းတိုင်းတွင်းမှာ စစ်ကောင်စီကိုဆန့်ကျင်တဲ့ ခုခံတော်လှန်စစ် တစထက်တစ ပိုအားကောင်းလာခဲ့သလို၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF စိုးမိုးနယ်မြေတချို့မှာ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရလက်အောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ တရားစီရင်ရေးကိုပါ ဆောင်ရွက်လာကြပါတယ်။ အခု ၂၀၂၃ ထဲမှာတော့ စစ်ကိုင်းတိုင်းအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့လည်း စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။
ဗမာလူမျိုးအများစုရှိပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၃သောင်း ၆ ထောင်ကျော်ရှိတဲ့ စစ်ကိုင်းတိုင်းဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံစစ်အားကောင်းစွာနဲ့ တော်လှန်ဆန့်ကျင်နေကြတဲ့ နေရာလည်းဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ် အစောပိုင်းလတွေမှာ စစ်ကိုင်းတိုင်းဟာလည်း အခြားတိုင်းတွေနည်းတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရင်း အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့ကြတာပါ။ ၂၀၂၁ ခုနှစ် ဧပြီ ၂ ရက်မှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေတဲ့ ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာ ဆရာတော်ကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးတာမှာ အနီးပတ်ဝန်းကျင် ကျေးရွာတွေက တူမီး သေနတ်တွေနဲ့ ပြန်လည်ခုခံရာကနေ စစ်ကိုင်းတိုင်းရဲ့ လက်နက်ကိုင်ခုခံတော်လှန်စစ် အစပြုခဲ့တယ်လို့ ပြောစမှတ် ပြုကြပါတယ်။
အဲ့ဒီကနေမှတဆင့် စစ်ကိုင်းတိုင်းမြို့တော်ဖြစ်တဲ့ မုံရွာမြို့အထိပါ လက်နက်ကိုင် ခုခံတော်လှန်စစ်က ကျယ်ပြန့်သွားခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ပြည့်ချိန်မှာတော့ စစ်ကိုင်းတိုင်း နေရာတချို့မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက အုပ်ချုပ်ရေး တရားစီရင်ရေးတွေ လုပ်ဆောင်နိုင်တဲ့အထိ တိုးတက်လာခဲ့ပါတယ်။ မြန်မာစစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်တာတွေရှိပေမယ့်၊ အဲဒီ ထိုးစစ်ကို ခုခံနေရင်းနဲ့ပဲ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကိစ္စတွေကိုပါ ဆောင်ရွက်လာနိုင်တယ်လို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင် ကိုကျော်စိုးဝင်းက ပြောပါတယ်။
“စစ်ကောင်စီထိုးတဲ့စစ်ကြောင်းတွေကို တိုက်ခိုက်ရင်းဖြေရှင်းရင်းကနေ ကျွန်တော်တို့ စိုးမိုးမှုရတဲ့အချိန်မှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ ကာကွယ်ရေးအဖွဲ့ အကုန်လုံးစီရင်ဆောင်ရွက်နိုင်ခဲ့တယ်ခင်ဗျ။ ထောင်ဒဏ်ချရမယ့်လူကို ထောင်ချထားတယ်။ ပြန်ပြီးလွှတ်ပေးလို့ရမယ့်လူကို ရပ်ကျေး ပအဖ ပကဖတွေကနေ ခံဝန်တွေနဲ့ ဒဏ်ငွေသော်လည်းကောင်း ထောင်သော်လည်းကောင်း ကျွန်တော်တို့ ပုလဲမြို့နယ်မှာ ထောင်တွေလည်းလုပ်ထားတယ်။ တရားစီရင်ရေးမှာလည်း ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်တယ်။”
လက်ရှိအချိန်ထိ ဖြေရှင်းဆောင်ရွက်ခဲ့တဲ့ အမှုပေါင်း ၄၀ ကျော်ရှိပြီး ထောင်ဒဏ်ချမှတ်ထားတဲ့သူတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် ခင်ဦးမြို့နယ်တွင်းမှာဆိုလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့မှာ တရားရေးရုံးကို ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တဆက်တည်းမှာပဲ စစ်ကိုင်းတိုင်း အောက်ပိုင်းနဲ့ အထက်ပိုင်းကို ဆက်သွယ်ကူးလူးသွားလာရာမှာ အရေးပါတဲ့ ချင်းတွင်းမြစ်တလျှောက်မှာလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မြစ်ကြောင်းတဖက်တချက်ကိုစိုးမိုးထားနိုင်ပြီး၊ မြန်မာစစ်ကောင်စီတပ်ရဲ့ စက်လှေတွေကို တိုက်ခိုက်ဖျက်ဆီးတာတွေ ရှိနေပါတယ်။
အစပိုင်းမှာ တူမီးတွေနဲ့ ခုခံတော်လှန်စစ်ကိုစတင်ခဲ့ရပေမယ့် နောက်ပိုင်းမှာ ရေမြှုပ်မိုင်းတွေအထိပါ အဆင့်မြှင့်တင်လာနိုင်ခဲ့တယ်လို ကျောက်လုံးကြီး ကာကွယ်ရေးတပ်က တာဝန်ရှိသူ တဦး ကပြောပါတယ်။
“တိုးတက်မှုအနေနဲ့က ကနီတမြို့နယ်လုံးမှာဆိုရင် သူတို့ စကစနဲ့ စကစ လက်အောက်ခံတွေ ရှိတဲ့နေရာဆိုလို့ ၃ နေရာပဲရှိတယ်။ ကျန်တဲ့နေရာတွေက ကျွန်တော်တို့ PDF တွေက စိုးမိုးထားပြီးပါပြီခင်ဗျ။ ဒီနှစ်ဆိုရင် စကစ ထောက်ပို့ စက်လှေ တစီးကိုလည်း ချင်းတွင်းမြစ်ထဲ မြှုပ်နှံ့နိုင်ခဲ့တယ်ပေါ့။ စုစုပေါင်းဆို စကစ စက်လှေ ၂ စီးပေါ့။ ၂ စီးရှိသွားပြီပေါ့ ကျွန်တော်တို့ ရေမြှုပ်နှံ့နိုင်ခဲ့ပြီ။ စစချင်းကျွန်တော်တို့ တူမီးတွေနဲ့ တိုက်တယ်။ တူမီးတွေနဲ့တိုက်လို့ စက်လှေကို တူမီးတွေနဲ့ အဆင်မပြေဘူးဆိုပြီး တဆင့်ထပ်တိုးတယ်။ ၄ လက်မ သံပိုက်နဲ့ ပစ်တယ်။ ၈ လက်မ ၆ လက်မ ၁၄ လက်မ အဲ့လို သံပိုက်တွေနဲ့ ပစ်တာပေါ့နော်။ အခုနောက်ပိုင်း ရေမြှုပ်မိုင်းတွေပါ စမ်းသပ်အောင်မြင်ထားပြီဆိုတော့ တိုးတက်မှုက တော်တော်လေးရှိပါတယ်။”
မြန်မာစစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းအောက်ပိုင်းကနေ အထက်ပိုင်းကို ရိက္ခာ လူ လက်နက်တွေကို သယ်ယူရာမှာ ချင်းတွင်းမြစ်ကို အသုံးပြုနေတာလည်းဖြစ်ပြီး၊ မကြာခဏဆိုသလို ချင်းတွင်းမြစ်ဘေးက ကျေးရွာတွေမှာ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၀၃ ခုနှစ် နယ်လှည့်ခရီးစဉ်မှာ တိုက်ခိုက်ခံခဲ့ရလို့ ကမ္ဘာကသိရှိခဲ့တဲ့ ဒီပဲယင်းမြို့နယ်ဟာဆိုရင်လည်း အခုအခါမှာတော့ စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်စစ် အပြင်းအထန်ဆင်နွှဲနေတဲ့ နေရာတခုဖြစ်နေပါပြီ။
ဒီပဲယင်းမြို့နယ်ထဲမှာ မြန်မာစစ်တပ် နယ်မြေရှင်းလင်းတဲ့ ၂ လအတွင်း ကျေးရွာ ၄၀ က နေအိမ် ၆ ထောင်နီးပါး မီးလောင်ကျွမ်းသွားပြီဖြစ်ပါတယ်။ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ရှိနိုင်တဲ့ နေရာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ပေမယ့် တော်လှန်ရေးအင်အားစုတွေ အားပိုကောင်းလာတယ်လို့ ပြောလာတဲ့သူကတော့ ဒီပဲယင်းမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ ကောင်းကင်ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူပါ။
“မီးရှို့ခံရတဲ့အတွက် အချို့အိုးမဲ့အိမ်မဲ့တွေဖြစ်သွားတယ်။ အိုးမဲ့အိမ်မဲ့တွေဖြစ်သွားတော့ သူတို့ရဲ့ တော်လှန်ချင်တဲ့စိတ်က နည်းသွားလားဆိုတော့ မဟုတ်ဘူး။ အိမ်မရှိတော့တဲ့အတွက် ငါတို့ တော်လှန်ရေး သီးသန့်လုပ်လို့ရတယ်ဆိုတဲ့စိတ်ကို ပိုပြီးဝင်လာတယ်။ အဲ့စိတ်တွေဝင်လာတဲ့အတွက် ဒီပဲယင်းမြို့နယ်ရဲ့ တော်လှန်ရေးအင်အားစုက နည်းမသွားဘဲနဲ့ ပိုပြီး အားကောင်းလာတယ်။”
ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်းကျေးရွာဟာဆိုရင်လည်း မြန်မာစစ်တပ်က လေကြောင်းကနေ ပစ်ခတ်လို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ကလေးငယ်တွေအပါအဝင် ၁၃ ဦးအထိ သေဆုံးခဲ့ရပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံတဝှမ်းလုံး တိုက်ပွဲပေါင်း ၇၈၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းမှာတော့ တိုက်ပွဲပေါင်း ၉၀၀ ကျော်ဖြစ်ပွားခဲ့ကာ တနိုင်ငံလုံးမှာ ဒုတိယအများဆုံးဖြစ်ခဲ့တယ်လို့ မြန်မာ့ မဟာဗျူဟာနဲ့မူဝါဒလေ့လာရေး အင်စတီကျုရဲ့ စာရင်းတွေအရ သိရပါတယ်။
မြန်မာစစ်ကောင်စီကတော့ PDF အဖွဲ့တွေဟာ ကျေးရွာတွေကိုအခြေပြုပြီး အကြမ်းဖက်မှုတွေကျူးလွန်သလို၊ ကျေးရွာနေအိမ်တွေကို မီးရှို့တာ လူသတ်တာတွေလည်း ရှိတယ်လို့ တန်ပြန်စွပ်စွဲပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အချို့ကျေးရွာတွေမှာတော့ စစ်ကောင်စီလိုလားတဲ့ ပျူစောထီးလို့ခေါ်တဲ့ ပြည်သူ့စစ်အဖွဲ့တွေရှိပြီး၊ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ အပြန်အလှန်တိုက်ခိုက်တာတွေလည်းရှိပါတယ်။
ဒီ ၂၀၂၃ ခုနှစ်ထဲမှာတော့ စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်သလို လက်နက်ပိုင်းမှာ အားနည်းနေတာတွေ ရှိနေသေးတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတဦးက အခုလို သုံးသပ်ပါတယ်။
“စစ်ကိုင်းတိုင်းမှာ စစ်ရေးပဋိပက္ခတွေ များပြားလာတာနဲ့အမျှ စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေပေါ့နော် ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဟာ တဆင့်မြင့်တက်လာနိုင်တဲ့ အနေအထားရှိမယ်။ အဓိက အခက်အခဲက လက်နက်ပါပဲ NUG နဲ့ ဆက်သွယ်ထားပေမယ့် လက်နက်နဲ့ အထောက်အကူပစ္စည်းတွေ ပံ့ပိုးမှုမှာ စစ်ကိုင်းတိုင်းဟာ အတော်လေး အားနည်းနေတဲ့အခြေအနေဖြစ်ပါတယ်။ အဲ့အခြေအနေကို ဖြည့်ဆည်းနိုင်တာနဲ့အမျှ စစ်ကိုင်းတိုင်းရဲ့အခြေအနေဟာ ဒေသတခုလုံးကိုထိန်းချုပ်နိုင်ပြီး အပြန်အလှန် ထိုးစစ်တွေ လုပ်လာနိုင်တဲ့ အခြေအနေတွေ ရောက်ရှိသွားနိုင်တယ်လို့ မျှော်လင့်တယ်။”
လက်ရှိမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ မြန်မာစစ်တပ်ကို ခုခံတိုက်ခိုက်ရာမှာ လက်နက်အင်အား အကန့်အသတ်ရှိနေသလို၊ လက်နက်ထုတ်လုပ်ရေးပိုင်းမှာလည်း ကုန်ကြမ်းအရင်းအမြစ်ရှားပါးလာတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှိလက အာဏာသိမ်းပြီး ၆ လအကြာမှာ တနိုင်ငံလုံးအနေနဲ့ ခုခံစစ် ဆင်နွှဲကြဖို့ ကြေငြာခဲ့ပါတယ်။ အဲ့လို ကြေငြာပြီး ၁ နှစ်ပြည့်ချိန်မှာတော့ စိုးမိုးနယ်မြေများစွာ တည်ဆောက်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ်ကိုလည်း တိုက်ပွဲရဲ့ အဆုံးအဖြတ် နှစ်တနှစ်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
လက်တွေ့မြေပြင်မှာ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေ အရင်ကထက်ပိုအဖြစ်များလာပြီး၊ မြန်မာစစ်ကောင်စီဘက်က မြေပြင်ထိုးစစ်ထက် လေကြောင်းချီတပ်နဲ့ တိုက်ခိုက်တာ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တာတွေ ပိုပြီး လုပ်လာနေပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂ နှစ်အတွင်း မြေပြင်မှာ စိုးမိုးနယ်မြေတွေ တည်ဆောက်နိုင်ခဲ့တဲ့အထိ တိုးတက်လာတယ်ဆိုပေမယ့် ဝေဟင်က တိုက်ခိုက်မှုတွေကိုတော့ အခုချိန်ထိ ပြန်လည်ခုခံနိုင်တဲ့ အခြေအနေမရှိဘူးလို့ အားလုံးက တညီတညွတ်တည်း ပြောပါတယ်။
(unicode)