သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအရေး စင်္ကာပူ တာဝန်ရှိသူတွေနဲ့ ကန်အတိုင်ပင်ခံ ဆွေးနွေးမည်


=== [[ ZAWGYI ]] ===

မြန်မာအရေး စင်္ကာပူ တာဝန်ရှိသူတွေနဲ့ ကန်အတိုင်ပင်ခံ ဆွေးနွေးမည်

ဧပြီလ ၁၃ ရက်ကနေ ၁၇ ရက်နေ့အထိ အာရှဒေသခရီး သွားရောက်မယ့် အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet ဟာ စင်္ကာပူမှာ မြန်မာအပါအဝင် ဒေသတွင်း စိန်ခေါ်မှုအရေးကိစ္စတွေကို ဆွေးနွေးမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အတိုင်ပင်ခံ Chollet ဟာ အမေရိကန်-စင်္ကာပူ မဟာဗျူဟာကျ မိတ်ဖက်ဖြစ်တည်မှုဆိုင်ရာကို စင်္ကာပူအကြီးတန်း အရာရှိကြီးတွေနဲ့ ဆွေးနွေးဖို့ရှိသလို မြန်မာနဲ့ ဒေသတွင်းအပြင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေအတွက် ပူးပေါင်းဆောင်ရွက်မှုတွေကိုပါ ဆွေးနွေးမှာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် စင်္ကာပူဘဏ်တွေရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ပါ စီစဉ်ထားပါတယ်။ ဒီတွေ့ဆုံပွဲမှာ အတိုင်ပင်ခံ Chollet နဲ့အတူ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒဏ်ခတ်အရေးယူမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက သံအမတ် Jim O’Brien လည်း တက်ရောက်မှာ ဖြစ်ပြီး မြန်မာအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှု ဆိုင်ရာတွေကို ပြန်လည်သုံးသပ်ဖို့ ရှိကြောင်းလည်း ဖေါ်ပြထားပါတယ်။

စင်္ကာပူနိုင်ငံမှာ သောကြာနေ့ Bloomberg သတင်းဌာနရဲ့တွေ့ဆုံမေးမြန်းခန်းမှာတော့ အတိုင်ပင်ခံ Derek Chollet က တရုတ်နဲ့ အမေရိကန်တို့ဟာ ဥတုရာသီပြောင်းလဲမှု ဆိုင်ရာမှာရော မြန်မာအရေးမှာပါ လက်တွဲလုပ်ဆောင် နိုင်ခြေရှိကြောင်းနဲ့ မြန်မာနိုင်ငံ တည်ငြိမ်မှုရှိဖို့ ၂ နိုင်ငံစလုံးက လိုလားတဲ့အတွက် ဒီကိစ္စကို တရုတ်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုတဲ့ ဆန္ဒရှိကြောင်း ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ဦးဆောင်တဲ့အဖွဲ့ဟာ စင်္ကာပူအပြင် တောင်ကိုရီးယားကိုလည်း သွားရောက်ဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===







XS
SM
MD
LG