သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ဆေး အရေးပါပုံ


A migrant worker receives his first dose of the Sinopharm vaccine
A migrant worker receives his first dose of the Sinopharm vaccine

သမိုင်းတလျှောက် လူသန်းချီ အသက်ဆုံးခဲ့ရတဲ့ ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးနိုင်တဲ့အထိ ကာကွယ်ဆေးတွေက အရေးပါတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

ဧပြီလ နောက်ဆုံးပတ်ကို ကမ္ဘာ့ကာကွယ်ဆေးထိုး ရက်သတ္တပတ်အဖြစ် နိုင်ငံတိုင်းမှာ ကျင်းပခဲ့ချိန်မှာ လွန်ခဲ့ရာစုနှစ်များစွာက အသက်အန္တရာယ်ပေးခဲ့တဲ့ ရောဂါတွေ (ဥပမာ ကျောက်ရောဂါ) ပပျောက်ခဲ့တာ၊ ပပျောက်ဖို့နီးပါး (ဥပမာ ပိုလီယို အကြောသေရောဂါ) ဖြစ်ခဲ့တာနဲ့ တိုက်ဆိုက်လာပါတယ်။ အရင် အမေရိကန်သမ္မတ တစ်ဦးတောင် ဖြစ်ခဲ့ပြီး လူအများ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ပိုလီယိုအကြောသေရောဂါက အခုလို ကာကွယ်ဆေးကြောင့် ပပျောက်ခါနီးချိန်မှာ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့် ဒီကာကွယ်ဆေးလုပ်ငန်း ထိခိုက်ခဲ့ပြီး နှောင့်နှေးခဲ့ရပေမဲ့၊ မကြာခင် ပပျောက်နိုင်ခြေ ရှိနေပါတယ်။

အရင် ရာသီတုပ်ကွေးတွေကြောင့် လူသန်းပေါင်းများစွာ သေခဲ့ရတာကနေ အခု ကာကွယ်ဆေးကြောင့် အများကြီး လျော့သွားသလို၊ မကြာခင်က ဖြစ်ခဲ့တဲ့ ကိုဗစ်ကြောင့် သေဆုံးမှုလည်း တစုံတရာ လျော့ကျလာပြီး၊ ဝက်သက်နဲ့ ဂျိုက်သိုးကြောင့် အများခံစားရတာလည်း နည်းလာနေပါပြီ။

အခုလို အကျိုးများလွန်းတဲ့ ကာကွယ်ဆေးတွေက အန္တရာယ်ကင်းပြီး ဘေးထွက်ဆိုးကျိုးလည်း မဆိုနိုင်သလောက်ကို နည်းလွန်းပါတယ်။ ဒီကာကွယ်ဆေးတွေကို အန္တရာယ်ကင်းအောင် အချိန်ယူစမ်းသပ်စစ်ဆေးပြီးမှ ထုတ်တာနဲ့၊ ထုတ်ခွင့်ရပြီး ထိုးချိန်နဲ့ နောက်ပိုင်းဆယ်စုနှစ်ချီအထိလည်း စောင့်ကြည့်တဲ့လုပ်ငန်းစဉ်တွေ အခိုင်အမာရှိထားကာ၊ ကမ္ဘာမှာ နှစ်စဉ် ကလေးသန်းပေါင်းများစွာချီ ထိုးပေးနေတာကနေ ထူးထူးထွေထွေ အန္တရာယ်ရှိတာ မတွေ့ထားပါဘူး။

ကာကွယ်ဆေးထိုးတာကြောင့် အများဆုံးဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးကတော့ ထိုးတဲ့နေရာမှာ အနည်းငယ်နာပြီး ရောင်ရမ်းတာ တခါတရံ အနည်းငယ်ဖျားတာတွေပဲ ဖြစ်တာမို့ ရေခဲ၊ ရေအေးပတ် တင်တာ (သို့မဟုတ်) သာမန် အကိုက်အခဲပျောက် အဖျားကျဆေး (ဥပမာ ပါရာစီတမော) သောက်တာနဲ့ အလွယ်တကူ သက်သာစေနိုင်ပါတယ်။ ကာကွယ်ဆေးကြောင့်ဖြစ်နိုင်တဲ့ ပြင်းထန်နိုင်တဲ့ သွေးမတဲ့တာ (Severe Allergic Reaction) ကလည်း ဖြစ်တောင့်ဖြစ်ခဲပြီး၊ ကာကွယ်ဆေးထိုးသူ တစ်သန်းမှာ တစ်ယာက်လောက်သာဖြစ်တာကို တွေ့ထားပါတယ်။ အကယ်၍ အခုလို သွေးမတဲ့တာ ဖြစ်လာခဲ့လျှင်တောင် အသက်ကယ်ဖို့ အနားမှာရှိနေမဲ့၊ ကာကွယ်ဆေးထိုး သူနာပြုတွေကို သင်ထားပေးပြီး လိုတဲ့ဆေးတွေလည်း အသင့်ထားပေးပြီးသားမို့ မစိုးရိမ်သင့်ပါဘူး။

ဒါကြောင့် ကာကွယ်ဆေးမှာ ရင်းနှီးမြုပ်နှံလျှင် အဆပေါင်းများစွာ အကျိုးရတယ်လို့ တွေ့ရှိ၊ အသိအမှတ်ပြုထားချိန်မှာ သတ်မှတ်ချိန်အတိုင်းထိုးဖို့တော့ အရေးကြီးပါတယ်။ ကာကွယ်ဆေး အများစုကို ကလေးငယ်စဉ်ထဲက စထိုးရတာက မွေးကင်စမှာ ကိုယ်ခံအားစနစ် မဖွံ့ဖြိုးသေးတာကြောင့်၊ အနားက ပိုးတွေ လွယ်လွယ်ဝင်ပြီး အသက်ဆုံးရှုံးရတဲ့အထိ ပြင်းထန်တတ်လို့ပါ။ ဒါကြောင့် ကလေးငယ်လေ သတ်မှတ်ထားတဲ့ ကာကွယ်ဆေးထိုးဖို့ ပိုအရေးပါလေ ဖြစ်ရတာပါ။

ကိုဗစ်နဲ့ တခြားရောဂါအနည်းငယ်ကသာ လူကြီးမှာ ပိုဖြစ်တတ် ပြင်းထန်တတ်လို့ လူကြီးကို အဓိက စထိုး ပေးပါတယ်။ တခြားကာကွယ်ဆေးအများစုအတွက် ငယ်ငယ်ထဲကထိုးလျှင် ငယ်စဉ်ကပင် ကိုယ်ခံအားစရပြီး ကူးစက်ရောဂါဒဏ် ပြင်းပြင်းထန်ထန် မခံစားရတော့ပါဘူး။ တချို့မိဘတွေကတော့ ကလေးကို မူကြိုထားတော့မှ တခြားလူတွေနဲ့ ထိတွေ့ရောဂါကူးခံနိုင်ရချိန်မှာ ထိုးချင်တယ်ဆိုပေမဲ့၊ တကယ်က ကလေးက ရောဂါကူးခံရနိုင်တဲ့ မိသားစုဝင်တွေနဲ့ ထိတွေ့ပြီးသားဖြစ်ကာ အလားတူ ကူးစက်ခံနိုင်ရတာမို့ ဆိုင်းမထားဘဲ သတ်မှတ်ချိန် အတိုင်းထိုးနိုင်လျှင် အကောင်းဆုံးပါ။ အကယ်၍ မတတ်နိုင်တဲ့ အကြောင်းကြောင်းကြောင့် အခုလို အချိန်မီ မထိုးနိုင်ခဲလျှင်လည်း မီတဲ့အချိန် အမြန်ဆုံး ပြန်စထိုးပေးဖို့ အရေးကြီးပါတယ်။

ကာကွယ်ဆေးအများစုကတော့ စထိုးပြီးချိန်ကနေ ကာလတစ်ခုအကြာမှာ အားကျသွားတတ်တာကြောင့် ထပ်ဆောင်း (Booster) ထိုးဖို့ အရေးကြီးပါတယ်။ ကာကွယ်ဆေး ဖန်တီးထားပုံက ရောဂါပိုးကို ပျော့အောင် (သို့မဟုတ်) သေအောင်လုပ်ပြီး၊ ဒါမှမဟုတ် ပိုးရဲ့ အစိတ်အပိုင်းမျိုးလေးကို ယူပြီး ခန္တာကိုယ်ထဲ ထည့်ပေးကာ ရောဂါ အပျော့စားလေးမျိုးသာ (လုံးဝ ပြင်းပြင်းထန်ထန်မခံစားရတာသာ) ဖြစ်စေကာ၊ ခံနိုင်ရည်အားထုတ်ယူတာမို့ ကာလတခုအကြာမှာတော့ ဒီထုတ်နိုင်တဲ့ ကိုယ်ခံအားပဋိပစ္စည်း (Antibody) ကျသွားလေ့ရှိပါတယ်။ ဒီအတွက် နှစ်၊ လ ကြာ ကာလတစ်ခုမှာ ပြန်အားဖြည့်ပေးတဲ့အနေနဲ့၊ အခုလို အားဖြည့်ကာကွယ်ဆေး ထပ်ဆောင်းထိုးဖို့ လိုအပ်လာတာပါ။ တချို့ရောဂါတွေ (ဥပမာ ရာသီတုတ်ကွေးမျိုး) အတွက်တော့ နှစ်စဉ် ပိုးမျိုးကွဲသစ်တွေ ပေါ်လေ့ရှိတောကြောင့်လည်း၊ ဒီမျိုးကွဲသစ်ကို ပစ်မှတ်ထားထုတ်တဲ့ ထိရောက်မဲ့ ကာကွယ်ဆေး အတိအကျကို ထပ်ထိုးဖို့ အရေးကြီးသွားပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်သူ၊ ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစားဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG