သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ထရမ့်ကို ကြီးလေးတဲ့ပြစ်မှု ၃၇ ခုနဲ့ စွဲချက်တင်


အမေရိကန် သမ္မတဟောင်း Donald Trump အပေါ် Florida ပြည်နယ်တရားရုံး ဂျူရီလူကြီးအဖွဲ့က စွဲချက်တင်တဲ့ အမှု ၃၇ မှု ရဲ့ အသေးစိတ် အချက်အလက်တွေကို တရားရေးဌာန အထူးစုံစမ်းရေးမှူးက သောကြာနေ့မှာ လူသိရှင်ကြား ထုတ်ပြန် ရှင်းပြခဲ့ပါတယ်။

အမေရိကန်ရဲ့ နျူကလီးယား အစီအစဉ်တွေ၊ စစ်ရေးအရ အစီအမံတွေပါဝင်တဲ့ အမေရိကန်လုံခြုံရေးနဲ့ ပတ်သက်လို့ လျှို့ဝှက်ထားရမယ့် အချက်အလက် မှတ်တမ်းတွေကို သိခွင့်မရှိသူတွေကို သမ္မတဟောင်း Trump က ပြသမျှဝေခဲ့ပြီး နိုင်ငံကို အန္တရာယ်ဖြစ်စေအောင် လုပ်ခဲ့တယ်လို့ အထူးစုံစမ်းရေးမှူး Jack Smith က ပြောကြားခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စု လုံခြုံရေးအတွက် သိပ်ကိုအရေးကြီးတဲ့ ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေ မပေါက်ကြားအောင် ဥပဒေတွေနဲ့ ကာကွယ် တားမြစ်ထားပါတယ်။ အဲဒီဥပဒေတွေအတိုင်း လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်” လို့ တရားရေးဌာနက တာဝန်ပေးထားတဲ့ အထူးစုံစမ်းရေးမှူး Jack Smith က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ တာဝန်ပြီးဆုံးပြီးနောက်မှာ ဥပဒေအရ နိုင်ငံတော် မော်ကွန်းတိုက်ကို ပြန်အပ်ရမယ့် စာရွက်စာတမ်း မှတ်တမ်းတွေကို သမ္မတဟောင်း Trump က ပြန်မအပ်တဲ့အပြင်၊ ကိုင်တွယ်ဆောင်ရွက်သင့်တဲ့ အတိုင်း မလုပ်ခဲ့တဲ့အတွက် Florida ပြည်နယ်တရားရုံးက တရားသူကြီးအဖွဲ့က Trump ကို မေလ ၈ ရက်နေ့က စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။ အစိုးရ စာရွက်စာတမ်းတွေ ပြန်တောင်းတဲ့ တာဝန်ရှိသူတွေကို လိမ်လည်ပြောဖို့ သူ့ရှေ့နေတွေနဲ့ Trump တိုင်ပင်ဆွေးနွေးခဲ့တယ်လို့ စွဲချက်ထဲမှာ ပါပါတယ်။

တချို့ စာရွက်စာတမ်းတွေကို ရေချိုးခန်းနားမှာ ပုံးတွေထဲထည့် ဖွက်ထားခဲ့သလို၊ သူ့ရဲ့ Florida ပြည်နယ်က Mar-a-Lago စံအိမ်မှာလည်း ဖွက်ထားခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။ ဒါတင်မက ကာကွယ်ရေးဆိုင်ရာ အထူးလျှို့ဝှက်မှတ်တမ်းတွေကို စာရေးဆရာတယောက်နဲ့ သူ့ဝန်ထမ်း ၂ ယောက်အပါအဝင် လုံခြုံရေးအရ သိခွင့်မရှိတဲ့ မသက်ဆိုင်သူတွေကို ပြသခဲ့တယ်လို့လည်း စွဲချက်တွေမှာ ပါဝင်ပါတယ်။

၂၀၂၄ သမ္မတ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ လုပ်နေတဲ့ သမ္မတဟောင်း Trump ကတော့ သူ့အနေနဲ့ အမှားမလုပ်ခဲ့ဘူးလို့ ငြင်းဆန်ပြီး နိုင်ငံရေးအရ သူ့ကို ပစ်မှတ်ထားနေတာလို့ တုံ့ပြန်နေပါတယ်။ စွဲချက်တွေရင်ဆိုင်ဖို့ လာမယ့် အင်္ဂါနေ့ကျရင် Miami မြို့က ပြည်နယ်တရားရုံးကိုလာဖို့ သူ့ကို ဆင့်ခေါ်ထားပါတယ်။

XS
SM
MD
LG