သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းထရမ့်ပ်ကို ဖယ်ဒရယ်ဥပဒေချိုးဖောက်မှုနဲ့ စွဲချက်တင်


အိုင်အိုဝါပြည်နယ် Des Moines မြို့က သမ္မတမဲဆွယ်စည်းရုံးရေးလုပ်အားပေးများကို သွားရောက်လည်ပတ်နေတဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ်ကိုတွေ့ရစဉ် (ဇွန် ၁၊ ၂၀၂၃)
အိုင်အိုဝါပြည်နယ် Des Moines မြို့က သမ္မတမဲဆွယ်စည်းရုံးရေးလုပ်အားပေးများကို သွားရောက်လည်ပတ်နေတဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ်ကိုတွေ့ရစဉ် (ဇွန် ၁၊ ၂၀၂၃)

သီးသန့်တာဝန်ရှိသူတွေသာဖတ်ခွင့်ရှိတဲ့ လျှို့ဝှက်အချက်အလက်တွေကို သမ္မတတာဝန်ပြီးဆုံးချိန်မှာ ကိုင်တွယ်ဆောင်ရွက်သင့်တဲ့အတိုင်း မလုပ်ခဲ့တဲ့အတွက် သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ်ကို ဖယ်ဒရယ်အစိုးရဥပဒေချိုးဖောက်မှုနဲ့ ဖလော်ရီဒါပြည်နယ်တရားရုံးမှာ စွဲချက်တင်လိုက်ပါတယ်။ ဖလော်ရီဒါပြည်နယ်တရားရုံးက တာဝန်ပေးထားတဲ့ Grand ဂျူရီအဖွဲ့က ဖယ်ဒရယ်အစိုးရဥပဒေ ပြစ်မှုတွေနဲ့ စွဲချက်တွေတင်လိုက်တာကြောင့် သူဟာ အမေရိကန်သမိုင်းမှာ ဖယ်ဒရယ်ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲခံရတဲ့ ပထမဆုံး သမ္မတဟောင်းအဖြစ် သမိုင်းတွင်သွားပါတယ်။ ပြစ်မှု ၇ ခုကျူးလွန်တယ်ဆိုပြီး ထရမ့်ပ်အပေါ် တရားစွဲဆိုလိုက်တဲ့ထဲမှာ အမျိုးသား ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ သိမ်းထားခဲ့တယ်ဆိုတဲ့ အမှုလည်းပါပါတယ်။ အဲဒီအမှုမြောက်တယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။

မိုင်ယာမီမြို့မှာရှိတဲ့ တရားရုံးကို လာရောက်ဖို့ သူ့ကို ဆင့်ခေါ်ထားတဲ့အကြောင်း သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ်က Truth Social လူမှုကွန်ရက်ပေါ်မှာ ပြောကြားပါတယ်။ သူ့မှာ အပြစ်မရှိကြောင်းနဲ့ တရားရေးဌာနဟာ FBI ကိုအသုံးချပြီး သူ့ကို အပြစ်ရှာနေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အခုလို သမ္မတဟောင်း ထရမ့်ပ်ကို စွဲချက်တင်တာဟာ တရားမျှတမှု မရှိဘူးဆိုပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်အမတ် Kevin McCarthy နဲ့ တခြား အထင်ကရ ရီပတ်ဘလစ်ကန်အမတ်တွေက Twitter တွစ်တာ လူမှုကွန်ယက်မှာ တုံ့ပြန်ရေးသားခဲ့ကြပါတယ်။ တရားဥပဒေကို ဗြောင်ကျကျ ချိုးဖေါက်တဲ့ လုပ်ရပ်ဆိုပြီး ဒေါ်နယ်ထရမ့်ပ်နဲ့ အတူ ရပ်တည်ဖို့ ဆော်ဩနေကြပါတယ်။

ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ယှဉ်ပြိုင်ဖို့ ရှေ့ဆုံးက ပြေးနေတဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ်ဟာ သတ်မှတ်ထားသူတွေသာ ဖတ်ခွင့်ရှိတဲ့ မှတ်တမ်းအမြောက်အများကို သမ္မတတာဝန်ပြီးဆုံးချိန်မှာ နိုင်ငံတော် မှော်ကွန်းတိုက်ကို ပြန်မအပ်ခဲ့တဲ့အပြင် ကိုင်တွယ်ဆောင်ရွက်ပုံ မှားယွင်းမှုနဲ့ ဖလော်ရီဒါပြည်နယ်တရားရုံးမှာ တရားစွဲခံရတာပါ။ ဒီအမှုအပြင် ထရမ့်ပ်စီးပွားရေးလုပ်ငန်းတွေမှာ ငွေကြေးလိမ်လည်မှုတွေနဲ့ နယူးယောက်ပြည်နယ်အစိုးရက တရားစွဲထားတဲ့အမှုတွေနဲ့လည်း တရားရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG