သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းထရမ့်အမှုအပေါ် ကန်ရောက် မြန်မာတွေရဲ့ အမြင်တချို့


ဧပြီလ ၄ ရက်နေ့က နယူးယောက်တရားရုံးမှာ အမှုရင်ဆိုင်ပြီးနောက် ဖလော်ရီဒါပြည်နယ်က နေအိမ်မှာ မိန့်ခွန့်ပြောကြားစဉ်။ (ဧပြီ ၄၊ ၂၀၂၃)  
ဧပြီလ ၄ ရက်နေ့က နယူးယောက်တရားရုံးမှာ အမှုရင်ဆိုင်ပြီးနောက် ဖလော်ရီဒါပြည်နယ်က နေအိမ်မှာ မိန့်ခွန့်ပြောကြားစဉ်။ (ဧပြီ ၄၊ ၂၀၂၃)  


{{Zawgyi/Unicode}}

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ရာဇဝတ်မှု ၃၄ မှုနဲ့ နယူးယောက်မြို့တရားရုံးမှာ အင်္ဂါနေ့ကစွဲချက်တင်ခဲ့တာအပေါ် အမေရိကန်ရောက်မြန်မာအသိုင်းအဝန်းကြားမှာလည်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ ထောက်ခံသူ၊ ကန့်ကွက်သူတွေနဲ့ အမြင်သဘောထားအမျိုးမျိုး ကွဲပြားနေပေမယ့် ဒါဟာ အမေရိကန်ဒီမိုကရေစီစနစ်နဲ့ တရားဥပဒေရေးရာ ခိုင်မာမှုကို ပြသရာရောက်တယ်လို့ ပြောဆိုကြပါတယ်။ ဒေါ်နယ်ထရမ့်အမှုပေါ် အမေရိကန်ရောက် မြန်မာတွေရဲ့အမြင်တွေကို ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြပေးထားပါတယ်။

သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို စီးပွားရေးလုပ်ငန်းဆိုင်ရာမှတ်တမ်းတွေမှာ အချက်အလက်အမှားတွေပြတာ၊ အပြာရုပ်ရှင်မင်းသမီး စတောင်းမီ ဒယ်နီယယ်စ်ကို ၂၀၁၆ ခုနှစ်တုန်းက နှုတ်ပိတ်ခ ငွေ လက်သိပ်ထိုးပေးခဲ့တာတွေနဲ့ဆက်စပ်တဲ့ အမှုတွေနဲ့ စွပ်စွဲခဲ့တာအပေါ် နိုင်ငံရေးအရ လုပ်ဆောင်တာလို့ မြန်မာ့အသိုင်းအဝန်းထဲက တချို့ကယူဆကြသလို တချို့ကလည်းထရမ့်ကိုတရားစွဲတာ ထောက်ခံကြပါတယ်။

တဘက်မှာလည်း အမေရိကန်ပြည်ထောင်စုသမိုင်းမှာ ပထမဆုံးအကြိမ် သမ္မတဟောင်း တယောက်ကို ရာဇဝတ်မှုနဲ့တရားစွဲဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ခိုင်မာအားကောင်းတာကို ပြသတယ်လို့ ရှုမြင်ကြသူတွေ ရှိပါတယ်။ တိုင်းပြည်ရဲ့မဏ္ဍိုင်ကြီးတွေ အမှီအခိုကင်း လွတ်လပ်တယ်ဆိုတာကို ထရမ့်ကိုတရားစွဲတာက ညွန်းဆိုနေတယ်လို့ လက်ရှိ အင်ဒီယားနား ပြည်နယ်မှာနေထိုင်နေတဲ့ ၁၉၉၀ မြန်မာ့ ရွေးကောက်ပွဲရဲ့ ရွေးကောက်ခံအမတ်တဦးလည်းဖြစ်၊ အမေရိကန်နိုင်ငံရေးအကြောင်း အနီးကပ်လေ့လာနေသူလည်းဖြစ်တဲ့ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“သူတို့ဆီမှာက အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပ‌ဒေပြုရေးမဏ္ဍိုင်ကြီး ၃ ခုက အပြန်အလှန် ကျော်လို့ မရ၊ လွန်လို့ မရပါဘူး။ တရားဥပဒေဘက်က ဆောင်ရွက်တာကို နိုင်ငံရေးဘက်က ဘယ်လိုပဲ မကြိုက်ဘူး၊ ကြိုက်တယ် ပြောနေပေမယ့်လို့ တရားဥပဒေလမ်းကြောင်းအရ ဆောင်ရွက်ကြတယ်လို့ ကျနော်တို့ နားလည်ရပါတယ်။”

ထရမ့်ကိုထောက်ခံကြသူတွေကတော့ အခု တရားစွဲထားတဲ့အမှုတွေက အရင်ကလည်းစွပ်စွဲနေကျတွေဖြစ်ပြီး ခိုင်မာမှုမရှိဘူးလို့ ယူဆကြပါတယ်။ နဗားဒါးပြည်နယ်က ရီပတ်ဘလန်ကန် ပါတီ ထောက်ခံသူ ဦးကံထွန်းကတော့ ပါတီအနေနဲ့ ပိုထောက်ခံမှုတောင် ရလာနိုင်တယ်လို့ မြင်ပါတယ်။

“ကျနော်မြင်တာက စွဲချက်တွေကို ကြည့်လိုက်တော့ ဒါတွေက အသစ်မဟုတ်ဘူး၊ အရင် သူသမ္မတ မပြိုင်ခင်ကလည်း ဒီစွပ်စွဲချက်တွေက ထွက်လာတာပဲ။ အဲကြားထဲကနေမှ လူထုကသူ့ကိုရွေးလိုက်ပြီး သမ္မတဖြစ်သွားတာပါ။ ဆိုတော့ သက်သက် ဒါဟာ သူ သမ္မတဝင်မပြိုင်နိုင်အောင်လုပ်တယ်လို့ ပဲ ယူဆပါတယ်။ ဆိုတော့ သိပ်ပြီးအောင်မြင်မယ်လို့တော့ မထင်ဘူးလေ။ ဒါက နောင်နှစ်မှ သူတို့ စပြီး စစ်ဆေးကြမယ်၊ တရားရုံးကလုပ်ကြမယ်ဆိုတော့ ဒါ စောင့်ကြည့်ရမှာပါ။ ပါတီအနေနဲ့ကတော့ သူ့ကို ပိုပြီးတော့တောင် နိုင်ငံရေးအရ အကွက်ဆင်တာပဲ ဆိုပြီး ထောက်ခံချက် ပိုများမယ်လို့ယူဆပါတယ်။”

ထရမ့်ကိုဆန့်ကျင်သူတွေကတော့ စွပ်စွဲထားတဲ့အမှုတွေက ခိုင်မာပြီး သက်သေအထင်အရှား ရှိတယ်လို့ ပြောကြပါတယ်။ အိုဟိုင်းယိုးပြည်နယ် စင်စင်နတီမြို့မှာနေထိုင်တဲ့ မြန်မာတဦး ဖြစ်တဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင် ဦးကိုကိုသော်ကတော့ နိုင်ငံရေးအရ တိုက်ခိုက်တယ်ဆိုတာကို လက်မခံပါဘူး။ ဒီအမှုကို (၇) နှစ်လောက် သေချာလေ့လာတည်ဆောက်ပြီး စွဲချက်တင်တာဖြစ်သလို မှတ်တမ်းမှတ်ရာအပြည့်အစုံရှိတဲ့အပြင် ထရမ့်ရဲ့ရှေ့နေဟောင်း ကိုယ်တိုင်က ထွက်ဆိုထားချက်တွေရှိလို့ ခိုင်မာတယ်လို့ သူက ထောက်ပြပါတယ်။

“သူ့ကိုစွဲထားတဲ့အမှုပေါင်း ၃၄ မှုဆိုတာ နည်းသေးတယ်လို့တောင် ထင်ပါတယ်။ နောက်ထပ် ထပ်လာဦးမှာပါ။ အခုဟာက hush money (နှုတ်ပိတ်ခ ငွေပေးတာ) လို့ ခေါ်တာပေါ့၊ ၂၀၁၆ ကတည်းက သူ ရွေးကောက်ပွဲဝင်ဖို့ လှူထားတဲ့ အလှူငွေတွေထဲကနေပြီးတော့မှ သုံးစွဲသွားတာ၊ ဒါမျိုးတွေကသူသုံးစွဲပိုင်ခွင့် မရှိဘူး။ အဲကနေစပြီး သူက ပိုက်ဆံတွေကို ဟိုကလှည့်၊ ဒီကလှည့်၊ သူ့ပိုက်ဆံတပြားမှမပါဘူး၊ အများပိုက်ဆံနဲ့ သူကလုပ်သွားတာ။ ဒါက နိုင်ငံရေး လုပ်ကြံမှု မဟုတ်ဘူး။ သူ့ အပြစ်တွေ အများကြီးရှိတယ်။ သူ လုပ်နေတာတွေကဟုတ်လည်း မဟုတ်ဘူးလို့ ကျနော်ကတော့ မြင်ပါတယ်။”

ထရမ့်အမှုက လူထုကြားမှာ အယူအဆအမျိုးမျိုး ကွဲပြားစေပေမယ့် ဒီလို ထောက်ခံ၊ ကန့်ကွက်နဲ့ မတူညီကြတာကိုက ဒီမိုကရေစီရဲ့အခြေခံဖြစ်သလို လွတ်လပ်စွာပြောဆိုခွင့်နဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထုတ်ဖော်ပြသနေတယ်လို့ ဒေါက်တာတင့်ဆွေကတော့ ရှုမြင်ပါတယ်။ ဒါပေမယ့် အခုအမှုတွေက ထရမ့်ကို ရွေးကောက်ပွဲမဝင်နိုင်အောင် လုပ်တယ်ဆိုတာကတော့ ဥပဒေအရမမှန်ဘူးလို့ ဒေါက်တာတင့်ဆွေက အခုလို ရှင်းပြပါတယ်။

“ဘာကြောင့်လဲဆိုတော့ သူ့ ဥပဒေအရကို သူဟာ အမှုရင်ဆိုင်တာ၊ ထောင်ထဲမှာ နေဦးတော့ သူဟာ ရွေးချယ်ခံခွင့်ရှိတယ်။ ရွေးချယ်ခံတဲ့အခါမှာလည်း လူတွေရဲ့ထုံးစံအရ စာနာမှုမဲတွေတောင် သူ ရကောင်းရနိုင်တယ်ဆိုတဲ့ အနေအထားရှိတဲ့အတွက် သူ့ကို နိုင်ငံရေးလုပ်ကြံဆိုတဲ့ စွပ်စွဲချက်က အခြေအမြစ် သို့မဟုတ် ခိုင်မာမှုမရှိဘူးလို့ မြင်ပါတယ်။”

တခါ ဒီအမှုမဖြစ်လည်း ဒေါ်နယ်ထရမ့် သမ္မတပြန် ဖြစ်နိုင်ခြေက သိပ်အားမကောင်းဘူးလို့ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။ သူ့ရဲ့ ရီပတ်ဘလင်ကန်ပါတီထဲမှာတောင် သူ သမ္မတ လောင်းဖြစ်အောင် အတော်ကြိုးစားရဦးမယ်လို့ ဆိုပါတယ်။ ဒါကို ရီပတ်ဘလင်ကန်ပါတီရဲ့ အမာခံ ဦးကံထွန်းကလည်း သဘောတူပါတယ်။

“သူ (ဒေါ်နယ်ထရမ့်) ကတော့ ဒဏ်ရာဒဏ်ချက်တွေက များနေပြီလေ။ ကျနော်မြင်တာကတော့ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်မှူးဆိုရင်တော့ ပါတီကအများစုက လက်ခံလိမ့်မယ်လို့ ထင်ပါတယ်။ နောက်တယောက်ကတော့ တောင်ကယ်ရိုလိုင်းနားက နစ်ကီဟေလီ။ အဲဒီ နှစ်ယောက်ပေါ့လေ။ ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်မှုုးက သမ္မတ၊ နစ်ကီဟေလီက ဒုသမ္မတလောင်းအနေနဲ့ အဲဒီလို တွဲပြီးပြိုင်ရင်တော့ ရီပတ်ဘလင်ကန်ပါတီအတွက်က တော်တော် အားကောင်းမယ်လို့ ကျနော် မြင်ပါတယ်။”

ဒီလို သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ ပြစ်မှုစွဲချက် နောက်ဆက်တွဲ ဂယက်တွေကြားမှာ သူ သမ္မတရွေးကောက်ပွဲ ရှုံးတုန်းကလို သူ့ကိုထောက်ခံသူတွေ အင်အားသုံးဆန့်ကျင်တာမျိုး ဖြစ်လာမလားလို့ စိုးရိမ်ခဲ့ကြတာတွေရှိပေမယ့် ကြီးကြီးမားမားကန့်ကွက်တာမျိုးကိုတော့ အခုအထိ မတွေ့ရသေးပါဘူး။ ထရမ့်ဟာ သမ္မတမဖြစ်ခင်က စီးပွားရေးလုပ်ငန်းရှင်၊ ရုပ်သံဇာတ်လမ်းနာမည်ကျော်အဖြစ်ထင်ရှားခဲ့လို့ အခုအချိန်မှာလည်း သူ့ကို ချစ်သူ၊ မုန်းသူ၊ ထောက်ခံသူ၊ ကန့်ကွက်သူတွေ အမြင်အမျိုးမျိုးကွဲနေကြပေမယ့် ဒီအမှုဖြစ်စဉ်တွေတလျှောက် လူစိတ်ဝင်စားမှု ရေချိန်မြင့်တက်မှုကတော့ အမေရိကန်ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ဆက်လက် ရှိနေပါဦးမယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}















XS
SM
MD
LG