သုံးရလွယ်ကူစေသည့် Link များ

တိုင်းပြည်ကိုကာကွယ်လို့ ရာဇဝတ်မှုနဲ့ တရားစွဲခံရတာလို့ သမ္မတဟောင်းထရမ့်ပ်တုံ့ပြန်


နယူးယောက်ပြည်နယ် မန်ဟက်တန်တရားရုံးမှာ ပထမဆုံးရုံးချိန်တက်ရောက်ပြီးနောက် ဖလော်ရီဒါပြည်နယ်က သူပိုင် Mar-a-Lago အပန်းဖြေစခန်းမှာ မိန့်ခွန်းပြောနေတဲ့ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ် (ဧပြီ ၄၊ ၂၀၂၃)
နယူးယောက်ပြည်နယ် မန်ဟက်တန်တရားရုံးမှာ ပထမဆုံးရုံးချိန်တက်ရောက်ပြီးနောက် ဖလော်ရီဒါပြည်နယ်က သူပိုင် Mar-a-Lago အပန်းဖြေစခန်းမှာ မိန့်ခွန်းပြောနေတဲ့ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ် (ဧပြီ ၄၊ ၂၀၂၃)

တိုင်းပြည်ကို ဖျက်ဆီးမယ့်သူတွေ လက်ထဲက ကာကွယ်ဖို့ ကြိုးစားတာက သူ့အတွက် ရာဇဝတ်ပြစ်မှု ဖြစ်ခဲ့ရပြီး သူ့ကို တရားစွဲတာဟာ တိုင်းပြည်ကို စော်ကားတာလို့ မနေ့က ရာဇဝတ်ပြစ်မှု စွဲချက် ၃၄ ခုနဲ့ တရားစွဲခံလိုက်ရတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောဆိုပါတယ်။ ၂၀၁၆ တုန်းက သူအနိုင်ရခဲ့တဲ့ သမ္မတရွေးကောက်ပွဲ မတိုင်ခင်မှာ အရင်က သူနဲ့ဖောက်ပြားခဲ့ဖူးတဲ့ လိင်ဖျော်ဖြေရေး အပြားဇာတ်လမ်း မင်းသမီး Stormy Daniels ကို နုတ်ပိတ်ခ ငွေပေးခဲ့တာနဲ့ ဆက်စပ်ပြီး လုပ်ငန်းဆိုင်ရာမှတ်တမ်း လိမ်လည်မှုတွေနဲ့ နယူးယောက် မန်ဟန်တန် တရားရုံးမှာ မနေ့က တရားဝင်စွဲချက် ၃၄ ခုနဲ့ ထရမ့်ကို တရားစွဲလိုက်တာပါ။ ထရမ့်ကတော့ သူ့ဘက်က အပြစ်ကျူးလွန်တာ ဘာမှမရှိခဲ့တဲ့အကြောင်း ထပ်မံပြောဆိုပြီး မနေ့က ဖလော်ရီဒါပြည်နယ်မှာ သူ့ကိုထောက်ခံသူ ရာနဲ့ချီကို မိန့်ခွန်းပြောခဲ့ပါတယ်။

"အမေရိကန်ပြည်ထောင်စုမှာ ဒီလိုအခြေအနေမျိုး တွေ့ရဖို့ တွေးတောင် မတွေးကြည့်မိခဲ့ဖူးပါဘူး။ ကျနော့်အနေနဲ့ အပြစ်ကျူးလွန်တာဆိုလို့ ဒီနိုင်ငံကို ဖျက်စီးဖို့ ကြိုးစားသူတွေထံကနေ ကာကွယ်ဖို့ ရဲရဲဝံ့ဝံ့ ကြိုးပမ်းခဲ့တာသာ ဖြစ်ပါတယ်ဆိုပြီး သမ္မတထရမ့်ပ်က မနေ့က ဖလော်ရီဒါပြည်နယ်မှာ သူ့ကိုထောက်ခံသူတွေကို မိန့်ခွန်းပြောတဲ့အချိန် ပြောဆိုသွားတာပါ။ သူ့ကို ခုလို တရားစွဲတာဟာ တိုင်းပြည်ကို စော်ကားတာလို့လည်း ထရမ့်က ပြောပါတယ်။ ထရမ့်ဟာ မနေ့က နယူးယောက်ပြည်နယ် တရားရုံးမှာ လူကိုယ်တိုင် လာရောက်ပြီး တရားရုံး လုပ်ထုံးလုပ်နည်း အစီအစဉ်တွေကို လိုက်နာဆောင်ရွက်ရင်း အပြစ်မရှိကြောင်း ချေပသွားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း တယောက်ကို ရာဇဝတ်မှုနဲ့တရားစွဲဆိုတာ ဒါပထမဆုံးဖြစ်ပါတယ်။ ထရမ့်ပ်ဟာ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှု ကျဆင်းစေနိုင်တဲ့ အချက်အလက်တွေကို ဖုံးကွယ်ပြီး လုပ်ငန်းဆိုင်ရာ မှတ်တမ်းတွေကို ထပ်ခါတလဲလဲ လိမ်ညာခဲ့တယ်လို့ နယူးယောက်မြို့ Manhattan ခရိုင် တရားသူကြီး Alvin Bragg က ပြောဆိုသွားတယ်။ လိင်ဖျော်ဖြေရေး သရုပ်ဆောင် Stormy Daniels က ပြီးခဲ့တဲ့ ဆယ်စုနှစ်တခု စောစောပိုင်း သူနဲ့ ထရမ့်ပ်တည ပတ်သက်ခဲ့တယ်လို့ ပြောဆိုထားပြီး ဒါကို နုတ်ပိတ်ဖို့ ဒေါ်လာ တသိန်း သုံးသောင်း ပေးနိုင်အောင် ထရမ့်ပ်က တဆင့်ခံနဲ့ စီစဉ်ခဲ့တာကို စွဲဆိုချက်ထဲမှာ ထည့်သွင်းထားပါတယ်။ ထရမ့်ပ်ဘက်က ငွေပေးခဲ့တာကို မငြင်းဆိုပေမယ့်လည်း သူနဲ့ Stormy Daniels ပတ်သက်မှု မရှိခဲ့ဘူးဆိုပြီး ပြောဆိုပါတယ်။

ဒါ့အပြင် ၂၀၀၆ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တုန်းက ထရမ့်ပ်နဲ့ တလကြာ‌ ပတ်သက်ခဲ့တယ်ဆိုတဲ့ Karen McDougal ဆိုသူ အမျိုးသမီး ရေးထားတဲ့စာကို မဖော်ပြအောင်လို့ National Enquirer အပျော်ဖတ် စာစောင်ကနေတဆင့် ဒေါ်လာ တသိန်းခွဲပေးဖို့ အားပေးအားမြှောက်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်လည်း ပါဝင်ပါတယ်။ ဒီစွဲဆိုချက်ကိုလည်းထရမ့်ပ်ဘက်က ငြင်းဆိုထားပါတယ်။ ထရမ့်ပ်အပါအဝင်၊ သူ့ရဲ့ ရှေ့နေတွေနဲ့ ရီပတ်ဘလစ်ကန်ပါတီဝင် တော်တော်များများကတော့ ဒီမိုကရက်ပါတီဘက်က ရွေးချယ်ထားတဲ့ ခရိုင်အစိုးရရှေ့နေ Alvin Bragg ဟာ နိုင်ငံရေးအရ တမင်၊ မသမာတဲ့နည်းနဲ့ စွဲချက်တွေ တင်ခဲ့တာလို့ တုံ့ပြန်ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG