သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းထရမ့် လိင်ပိုင်းစော်ကားမှုစွဲချက် ဒေါ်လာ ၅ သန်း လျော်ကြေးဆုံးဖြတ်


အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုစွဲချက်အတွက် တရားခွင်မှာ တရားလိုရှေ့နေ လျှောက်လဲချက်ပေးနေစဥ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုစွဲချက်အတွက် တရားခွင်မှာ တရားလိုရှေ့နေ လျှောက်လဲချက်ပေးနေစဥ်။

အကြံပေးကဏ္ဍ အမျိုးသမီးပင်တိုင်ဆောင်းပါးရှင်ကို ၁၉၉၆ ခုနှစ်က လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့အတွက် အမေရိကန်သမ္မတဟောင်းထရမ့်မှာ ဥပဒေအရ တာဝန်ရှိကြောင်း ဂျူရီအဖွဲ့က ဆုံးဖြတ်လိုက်ပြီး နစ်နာသူအမျိုးသမီးကို ဒေါ်လာ ၅ သန်းပေးဖို့ နယူးယောက်မြို့တရားရုံးက အင်္ဂါနေ့က ဆုံးဖြတ်လိုက်ပါတယ်။

မုဒိန်းမှုစွပ်စွဲချက်ကိုတော့ ဂျူရီတရားသူကြီးတွေက ပယ်ချလိုက်ကြပါတယ်။ ဒါပေမဲ့ ခုအခါမှာ အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆောင်းပါးရှင် E. Jean Carroll ကို ထရမ့်က လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ပြီး Carroll ရဲ့နာမည်ဂုဏ်သတင်းကို ထိခိုက်ပျက်စီးစေခဲ့တယ်လို့ ဆုံးဖြတ်လိုက်ကြတာပါ။ ထရမ့်က ဒီအမှုမှာ တရားရုံးကို မလာရောက်ခဲ့သလို ဆုံးဖြတ်ချက်ဖတ်ကြားတဲ့အချိန်မှာလည်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ တရားလိုဖြစ်သူ ကရိုးလ်ကို သူမသိသလို ဒီ ဆုံးဖြတ်ချက်ဟာ ကျက်သရေမဲ့၊ လုပ်ကြံစွဲချက်တွေ ဆက်လက်တင်နေတာသာ ဖြစ်တယ်လို့ တရားရုံး ဆုံးဖြတ်ချက်ကို ကြေညာပြီးပြီးချင်းမှာပဲ ထရမ့်က လူမှုမီဒီယာမှာ တုံ့ပြန်ရေးသားခဲ့ပါတယ်။

ဒီအမှုဟာ ထရမ့်အပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ စွပ်စွဲထားကြတဲ့ အမျိုးသမီးတဒါဇင်ကျော်ထဲက အမှုတမှုသာဖြစ်ပါတယ်။ ဒီအမှု က အဲဒီလို စွပ်စွဲတာတွေခိုင်လုံဖွယ်ရှိကြောင်း ပြလိုက်သလိုဖြစ်ပါတယ်။ ထရမ့်က သူ့ကို နယူးယောက် မက်ဟန်တန်အရပ်မှာရှိတဲ့ နာမည်ကြီး အဝတ်အထည်ဆိုင်ရဲ့ အဝတ်လဲခန်းမှာ ၁၉၉၆ ခုနှစ်က မုဒိန်းကျင့်ခဲ့တယ်လို့ ဆောင်းပါးရှင် E. Jean Carroll က အများပြည်သူသိအောင် ၂၀၁၉ ခုနှစ်မှာမှ ထုတ်ဖော်ပြောခဲ့တာပါ။

ကရိုးလ်ကို သူမသိ၊ ကရိုးလ်းက လုပ်ကြံလိမ်လည် ဇာတ်လမ်းဆင်တာသာဖြစ်တယ်လို့ ထရမ့် က အဲဒီတုန်းကဆိုခဲ့တဲ့အတွက် ထရမ့်ကို တရားမကြောင်းအရ ကရိုးလ်က တရားစွဲရာမှာ သူ့ ရဲ့ နာမည်ဂုဏ်သတင်းပျက်စေမှုနဲ့ပါ စွဲဆိုခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG