Sharqiya အစွန်းရောက်အဖွဲ့ ခေါင်းဆောင် ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး
ဘင်္ဂလားဒေ့ရှ်ရဲတွေဟာ Jamaat al Ansar fil Hindal Sharqiya အစ္စလမ် အစွန်းရောက်အဖွဲ့ ခေါင်းဆောင် Shamin Mahfuz ကို ဒက်ကာမြို့တော်က သူ ပုန်းအောင်းနေရာမှာ ဖမ်းဆီးလိုက်တယ်လို့ စနေနေ့မှာ ကြေညာပါတယ်။
ဒီရှာကီယာ အဖွဲ့ကိုတည်ထောင်တဲ့ ခေါင်းဆောင် Mahfuz ဟာ ဘင်္ဂလာဒေ့ရှ်က တည်ငြိမ်မှု မရှိတဲ့ စစ်တကောင်းတောင်တန်းဒေသမှာ စစ်သွေးကြွတွေ လေ့ကျင့်သင်တန်းပေးတဲ့ စခန်းတွေ ဖွင့်နိုင်အောင် အကူညီပေးနေတယ်လို့ စွပ်စွဲပြီး သူတို့အဖွဲ့ကို ခြေမှုန်းဖို့ လနဲ့ချီ ကြိုးစားနေတာ ဖြစ်ပါတယ်။
Mahfuz ကို သူ့ဇနီးနဲ့အတူ သောကြာညနေပိုင်းမှာ ဒက်ကာက စက်မှုလုပ်ငန်းတွေရှိရာ ဆင်ခြေဖုန်းရပ်ကွက်မှာ ဖမ်းဆီးရမိတာဖြစ်ပြီး သူတို့နဲ့အတူ ပစ်စတို သေနတ်တလက်၊ ဖေါက်ခွဲရေး ပစ္စည်းတွေ၊ ဗုံးပြုလုပ်တဲ့ ပစ္စည်းတွေနဲ့ အတူ ဖမ်းမိတယ်လို့ ရဲက ပြောပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပြစ်မှုကျူးလွန်မှုနဲ့ သူ့ကို စွဲချက်တင်ထားပြီး ၁၀ ရက်အတွင်း မေးမြန်းမှာဖြစ် ေကြာင်း ဒက်ကာမြို့တော် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာအဖွဲ့က တာဝန်ရှိသူ Asaduzzaman က ပြောပါတယ်။ သူ့ရှေ့နေတွေဘက်ကတော့ ဘာမှ တုံ့ပြန်တာ မရှိသေးပါဘူး။
Sharqiya အဖွဲ့ကို တည်ထောင်သူ Mahfuz ကို ၂၀၁၄ မှာ ပထမဆုံး ဖမ်းမိခဲ့တာဖြစ်ပြီး သူဟာ အကျဉ်းထောင်ထဲမှာ ရှိစဉ်အတွင်း အစွန်းရောက်အဖွဲ့တွေနဲ့ အဆက်အသွယ် ရခဲ့တယ်လို့ Asaduzzaman က ပြောပါတယ်။ ဒါ့အပြင် Mahfuz ဟာ KNF ကူကီး ချင်းအမျိုးသားတပ်ဦးအဖွဲ့ရဲ့ လေ့ကျင့်ရေး စခန်းတွေဖွင့်လှစ်ဖို့ လုပ်နေတဲ့ အဖွဲ့အစည်းအတွက် ပွဲစားအဖြစ် လုပ်ဆောင်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ KNF အဖွဲ့ကတော့ Sharqiya အဖွဲ့နဲ့ သူတို့ မပတ်သက်ကြောင်း မနှစ်က ဖေ့စ်ဘုတ်ကနေ ပြောဆိုခဲ့တာပါ။