သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားရွေးကောက်ပွဲ ဟွန်ဆန်ရဲ့ပါတီ အနိုင်ရ


ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့ ဇနီး Bun Rany တို့ မဲပေးအပြီး မှင်စွန်းနေတဲ့လက်ညှိုးတွေပြသနေပုံ၊ ဇူလိုင် ၂၃၊ ၂၀၂၃
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့ ဇနီး Bun Rany တို့ မဲပေးအပြီး မှင်စွန်းနေတဲ့လက်ညှိုးတွေပြသနေပုံ၊ ဇူလိုင် ၂၃၊ ၂၀၂၃
ကမ္ဘောဒီးယားနိုင်ငံမှာ တနင်္ဂနွေနေ့ကကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အာဏာရပါတီက လွှတ်တော်နေရာ ၁၂၅ နေရာ အားလုံးနီးပါး ရရှိပြီး အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ အာဏာရပါတီဖြစ်တဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ CPP ဟာ ရွေးကောက်ပွဲမှာ ၇၈ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှန်ုး အပြတ်အနိုင်ရခဲ့တယ်လို့ CPP ပါတီ ပြောခွင့်ရသူ Sok Eysan က ပြောပါတယ်။
နေရာ တနေရာ၊ နှစ်နေရာလောက်တော့ တခြားပါတီတွေက အနိုင်ရဖွယ်ရှိပြီး ဒါဟာ ကြီးမားတဲ့အောင်မြင်မှု အပြတ်အသတ်အနိုင်ရမှုဖြစ်တယ်လို့ Sok Eysan က ဗွီအိုအေ ခမာဌာနကို ပြောပါတယ်။ မဲပေးခွင့်ရှိသူ လူဦိးရည် ၉.၇ သန်းထဲမှာ ၈၄ ရာခိုင်နှုန်း မဲလာပေးခဲ့ကြတယ်လို့ ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မတီက ကြေညာပါတယ်။
ဒီရွေးကောက်ပွဲဟာ တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေးလိုလားတဲ့ လူထုရဲ့ဆန္ဒဖော်ပြချက်ဖြစ်တယ်လို့ လည်း CPP ပြောခွင့်ရသူက ပြောပါတယ်။ ရွေးကောက်ပွဲအတွင်း ပယ်မဲ သုံးသိန်းလောက်ရှိတယ်လို့လည်း သူက ပြောပါတယ်။ ပြည်ပရောက်နေတဲ့ ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Sam Rainsy က မဲမပေးကြဖို့၊ ပယ်မဲဖြစ်အောင်လုပ်ဖို့ သူ့ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။
ဒါပေမယ့် အခု မဲပေးသူအရေအတွက်ကိုကြည့်ရင် ကမ္ဘောဒီးယားလူထုရဲ့ ဒီမိုကရေစီမှာ ပါဝင်မှုကိုပြတာ ပဲလို့ ဝန်ကြီးချုပ် Hun Sen က အသံမိန့်ခွန်းတခုမှာ ပြောထားပါတယ်။ လက်ရှိငြိမ်းချမ်းမှုအောက်မှာ လူထုဟာ ပျော်ရွှင်ကြေနပ်နေကြပြီး၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့် အစွန်းရောက်တွေဆီကနေ ခပ်ဝေးဝေး နေလိုကြတယ်လို့ Hun Sen က ပြောခဲ့ပါတယ်။
ပြည်ပရောက်အတိုက်အခံခေါင်းဆောင် Rainsy ကတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွင်း မရိုးသားမှု တွေရှိတယ်လို့ ပြောဆိုခဲ့ပြီး မဲရေတွက်ချိန်မှာ မဲရုံအတော်များများမှာ တံခါးတွေ ပိတ်ပစ်ခဲ့တာကို ထောက် ပြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ အခုလို အဓိက အတိုက်အခံပါတီမပါပဲ ရွေးကောက်ပွဲလုပ်တာ ဒါ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။
Sam Rainsy ဦးဆောင်တဲ့ ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီကို တရားရုံးချုပ်ကနေ ၂၀၁၈ မှာ ပယ်ဖျက်လိုက်တဲ့အတွက် ရွေးကောက်ပွဲမဝင်နိုင်တော့တာဖြစ်ပါတယ်။ ၂၀၁၈ ရွေးကောက်ပွဲမှာ အာဏာရ CPP ပါတီကပဲ လွှတ်တော်နေရာ ၁၂၅ ခုလုံးကို အဲဒီ ၂၀၁၈ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။
အခုလို CPP ပါတီ အနိုင်ရမှုကြောင့် နှစ်၄၀နီးပါးကြာ အာဏာချုပ်ကိုင်လာခဲ့တဲ့ ဝန်ကြီးချုပ် Hun Sen ဆက်ပြီး အုပ်စိုးခွင့်ရမှာဖြစ်သလို တပြိုင်တည်း Hun Sen ဟာ အမေရိကန် West Point ကျောင်းဆင်းတဲ့ သားဖြစ်သူ Hun Manet ကို အာဏာလွှဲပေးနိုင်ဖို့ ပြင်ဆင်နေချိန်လည်းဖြစ်ပါတယ်။
ရွေးကောက်ပွဲ ပြီးပြီးချင်းပဲ သူ့သားဖြစ်သူ ဝန်ကြီးချုပ်ဖြစ်လာနိုင်တယ်လို့ Hun Sen က အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။ အခု ကမ္ဘောဒီးယားရွေးကောက်ပွဲကို လေ့လာဖို့ မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်အကြီးအကဲ ဦးသိန်းစိုးနဲ့ ကော်မရှင်အဖွဲ့ဝင်တဦးတို့ သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG