သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရမ် မီးရှို့ဆန္ဒပြမှု ဟန့်တားပေးဖို့ တူရကီတောင်းဆို


Turkey Denmark Protest
Turkey Denmark Protest

ဒိန်းမတ်နိုင်ငံမှာ ကိုရမ်ကျမ်း မီးရှို့ဆန္ဒပြနေတာတွေကို အလျင်အမြန် တားဆီးပေးဖို့ တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan က ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasumussen ကို စနေနေ့တုန်းက တယ်လီဖုန်းနဲ့ ဆက်သွယ်တောင်းဆို တိုက်တွန်းခဲ့တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောဆိုပါတယ်။

ကိုရမ်ကျမ်းကို အခုလို ဆိုးဆိုးရွားရွား ဆက်တိုက်ဆိုသလို စော်ကားနေတာကို ရှုတ်ချကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးကို ပြောဆိုခဲ့ပြီး၊ လွတ်လပ်စွာဖေါ်ပြခွင့်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အခုလိုလုပ်ဆောင်ခွင့်ပြုတာဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က အစ္စလမ်ဘာသာကို ဆန့်ကျင်တဲ့ အဖွဲ့ငယ်တခုက မြို့တော် ကိုပေဟေဂင် မှာရှိတဲ့ တူရကီနဲ့ အီဂျစ် သံရုံးတွေရှေ့မှာ ကိုရမ်ကျမ်းကို မီးရှို့ဆန္ဒပြခဲ့ပြီးနောက် အခုလို တူရကီနိုင်ငံခြားရေးဝန်ကြီးက တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောဆိုခဲ့တာပါ။

စနေနေ့မှာ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Rasumussen က ဒိန်းမတ်နဲ့တူရကီတို့ဟာ ရင်းနှီးတဲ့ မဟာမိတ်တွေဖြစ်ကြောင်းနဲ့ ဒီကိစ္စရပ်ကြောင့် မသင့်မတင့် အဖြစ်မခံဖို့ အရေးကြီးတယ်လို့ Platform X လူမှုကွန်ယက်မှာ ရေးသား ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းတုန်းကလည်း ဒိန်းမတ်နဲ့ဆွီဒင်နိုင်ငံတွေမှာ ကိုရမ်ကျမ်းကို မီးရှို့ဆန္ဒပြခဲ့ကြပါသေးတယ်။ ဒိန်းမတ်နဲ့ ဆွီဒင်အစိုးရတွေကတော့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို တားမြစ်တာမျိုး လုပ်လို့မရဘူးလို့ပြောဆို ထားပါတယ်။ အခုလို ကိုရမ်းကျမ်းကို မီးရှို့ဆန္ဒပြတဲ့အတွက် တူရကီ၊ အီရတ်အပါအဝင် မွတ်ဆလင်နိုင်ငံတချို့မှာ အကြီးအကျယ် ကန့်ကွက် ဆန္ဒပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG