သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှု အပေါ် သုံးသပ်သူတွေရဲ့ အမြင်


နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ အစည်းအဝေးအတွင်း အမှာစကားပြောနေတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဇူလိုင် ၁၃၊ ၂၀၂၃)
နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ အစည်းအဝေးအတွင်း အမှာစကားပြောနေတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဇူလိုင် ၁၃၊ ၂၀၂၃)

မြန်မာစစ်တပ်ရဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဟာ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန နေရာအပြောင်းအလဲတွေကို သြဂုတ်လ ၃ ရက်နေ့က ပြန်လည် ပြင်ဆင် ဖွဲ့စည်းလိုက်ပြီး ကာကွယ်ရေးနဲ့ ပြည်ထဲရေး ဝန်ကြီးနေရာတွေလည်း အပြောင်းအလဲ ဖြစ်လာပါတယ်။ ဒီအပေါ် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတွေရဲ့ အမြင် ဘယ်လိုရှိပါလဲ။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုဥာဏ်ဝင်းအောင်က တင်ပြထားပါတယ်။


အာဏာသိမ်း စစ်ကောင်စီဟာ ကာကွယ်ရေးနဲ့ ပြည်ထဲရေး အပါအဝင် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းကြောင်း သြဂုတ်လ ၃ ရက်နေ့က ကြေညာလိုက်တာပါ။ စစ်ခေါင်းဆောင်တချို့ ရာထူးက အနားပေး ခံရတာရှိသလို၊ လူသစ် အစားထိုးတာ၊ ပြောင်းလဲ နေရာချ ထားတာတွေလည်း ရှိပါတယ်။

ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ကာကွယ်ရေး ဝန်ကြီးနေရာက ဖယ်ရှားပြီး သူ့နေရာမှာ အရင် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး နေရာယူထားတဲ့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို အစားထိုး ခန့်အပ်လိုက်သလို၊ ပြည်ထဲရေးဝန်ကြီး နေရာကိုတော့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အစား ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကို ပြောင်းလဲ ခန့်ထားလိုက်ပါတယ်။ စစ်ကောင်စီရဲ့ အခုလို အပြောင်းအလဲတွေဟာ စစ်ရေးအရ အရှိန်မြှင့်ဖို့ ရည်ရွယ်တာမျိုး ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ လွတ်လပ်သော ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ်က တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက သူ့ရဲ့အမြင်ကို ပြောပါတယ်။

"ဌာနကြီးတခုကို အကြီးအကဲထားတယ် ဆိုတာက ကာလအတိုင်းအတာ တခုအထိထားရတဲ့ အနေအထားရှိတယ်။ ဒါမှသာလျှင် သူက ဌာနနဲ့ ရင်းနှီးပြီးတော့ ဌာနရဲ့ လုပ်ငန်းဆောင်တာတွေကို နည်းလမ်းမှန်မှန် သူ့အနေနဲ့ ရေးဆွဲလို့ရမယ်။ ညွှန်ကြားပြသလို့ရမယ့် အနေအထားရှိတယ်။ သို့သော် အခုဖြစ်နေတဲ့ အခြေအနေမှာက အဲဒီဌာနရဲ့ ထိပ်ပိုင်းတွေကို အလွယ်တကူ အရွှေ့အပြောင်း လုပ်နေတဲ့ကိစ္စက စစ်ရေးအမြင်နဲ့ ကြည့်ရင်တော့ ဘယ်လိုမှ မသင့်တော်ဘူးလို့ မြင်တယ်။ တနည်းအားဖြင့် ဒါက ကိုယ့်တပ်ကို ကိုယ်ပြန်နင်းတာနဲ့လည်း တူတယ်။ တဘက်မှာလည်း သူတို့နိုင်ငံရေးအရ တရားဝင်မှုကို လိုချင်တဲ့ အခြေအနေသစ် တခုကို ဖန်တီးတယ်လို့ မြင်သလို၊ တဘက်မှာကလည်း စစ်ရေးကို အရှိန်မြှင့်ဖို့အတွက် လူပြောင်း၊ နေရာပြောင်းတဲ့ အနေအထားမျိုး တွေ့ရတယ်။"

အစိုးရအဖွဲ့ အပြောင်းအလဲကြားမှာ တာဝန်အနားပေး ခံလိုက်ရသူတွေ၊ ဌာနပြောင်း ခံလိုက်ရသူတွေနဲ့ အသစ် ထပ်တိုးလိုက်သူတွေ ဘယ်လိုပဲရှိလာပါစေ၊ စစ်တပ်အုပ်ချုပ်ရေး ဖြစ်နေလို့ ဒါဟာ ဥက္ကဋ္ဌအမိန့်နဲ့သာ ဆက်ပြီးသွားနေမှာ ဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာ သုံးသပ်သူ ဦးဖေသန်းကလည်း သူ့ရဲ့ အမြင်ကို ပြောပါတယ်။

"စစ်တပ်အုပ်ချုပ်ရေး ဆိုတာကလေ အမှန်ပြောရရင် ထိပ်ပိုင်းခေါင်းဆောင် တယောက်ယောက်က အမိန့်အာဏာနဲ့ အုပ်ချုပ်တဲ့သဘောပဲ။ ဆိုတော့ အောက်ခြေမှာ ဘယ်လိုပဲပြောင်းပြောင်း ကစားကွက်ပြောင်းတဲ့ သဘောပေါ့နော်။ သူတို့လူတွေချည်းပဲ။ ဆိုတော့ အသစ်ပြောင်း လိုက်ရင်၊ နေရာအစားထိုး လိုက်ရင်လည်း ပိုပြီးတော့ စွမ်းရည်ထက်မြက်လာမယ့် အခြေအနေ မရှိဘူး။ အဓိက သူတို့လုပ်ရမှာက နိုင်ငံတည်ငြိမ် အေးချမ်းခြင်းဆိုရင် တော်လှန်ရေး အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ ဆွေးနွေးခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။"

မြန်မာစစ်တပ်က လုပ်ငန်းစဉ်နဲ့ ဦးတည်ချက်တွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အခုလို ပြင်ဆင်ဖွဲ့စည်း လိုက်တယ်ဆိုပေမဲ့ လူတွေသာပြောင်းလဲပြီး၊ မူဝါဒ မပြောင်းလဲရင် နိုင်ငံအတွက် ကောင်းကျိုးဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ဦးဖေသန်းက ဆက်ပြောပါတယ်။

"ဘယ်လောက်ပဲ ကိုယ့်ဘက်က ကဏ္ဍကောင်းကောင်း၊ အဖွဲ့အစည်းကောင်းကောင်း၊ ဒါမျိုးက ဒီနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော်လာပြီပေါ့နော်။ တဖွဲ့နဲ့ တဖွဲ့ အပြတ်တိုက် နိုင်တယ်ဆိုတာ မရှိဘူး။ တိုင်းပြည်ပဲ ဆင်းရဲတွင်း နက်လာပြီးတော့၊ ပြည်သူလူထုပဲ ဒုက္ခရောက်တာရှိတယ်။ ဒါကြောင့် တကယ်တမ်း တိုင်းပြည်ကို ကောင်းစားစေချင်ရင် လူပြောင်းရုံနဲ့ မရဘူး၊ မူပြောင်းပြီးတော့ အလုပ်ဖြစ်အောင် ဆွေးနွေးဖို့ လိုတယ်လို့ ပြောချင်ပါတယ်။"

စစ်ကောင်စီဟာ သိပ်မကြာခင်ကပဲ အရေးပေါ်ကာလ သက်တမ်း ၆ လ ထပ်တိုးပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ ဝန်ကြီးဌာန အပြောင်းအလဲတွေ လုပ်ဆောင်လာခဲ့တာပါ။ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်ဘက်အရာရှိတွေကို အရပ်ဘက်နေရာတွေမှာ ပြောင်းလဲ နေရာချထားတာ၊ ရာထူးက ဖယ်ရှားတာ၊ အသစ်ခန့်အပ်တာတွေကို အာဏာသိမ်းပြီးနောက်ပိုင်း မကြာခန လုပ်လေ့ရှိပါတယ်။

အခုတကြိမ် အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်တာမှာတော့ ဝန်ကြီးဌာန နေရာတွေကို အဓိက ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ဒီအထဲမှာ လစ်လပ်နေတဲ့ ပြည်ထောင်စု တရားသူကြီးချုပ် နေရာကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌ ဦးသာဌေး၊ လူ့အခွင့်အရေး ကော်မရှင်သစ်အဖြစ် အငြိမ်းစား သံအမတ်ကြီး ဦးပေါ်လွင်စိန်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဟိုတယ် ခရီး ဝန်ကြီးဟောင်း ဦးအောင်သော်ခန့်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥက္ကဋ္ဌအသစ် အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကြံပေးဟောင်း ဦးစစ်အေး၊ သာသနာရေးနဲ့ ယဥ်ကျေးမှု ဝန်ကြီး အဖြစ် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌဟောင်း ဦးတင်ဦးလွင်၊ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီး အဖြစ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဟောင်း ဒေါက်တာသက်သက်ခိုင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး အဖြစ် ဒေါက်တာစိုးဝင်း တို့ကို တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စု စာရင်းစစ်ချုပ်၊ လျှပ်စစ်စွမ်းအား ဝန်ကြီး၊ စွမ်းအင်ဝန်ကြီးနဲ့ အလုပ်သမား ဝန်ကြီးနေရာတွေကိုတော့ လူသစ်တွေနဲ့ အစားထိုး ခန့်အပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG