သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းမှုနောက်ပိုင်း အစုလိုက်သတ်ဖြတ်မှု ၁၅၀ နီးပါးရှိ 


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ကတည်းကနေ ဒီနှစ် ဇူလိုင်လအထိ လူ ၅ ဦးထက်ပိုတဲ့ အစုလိုက် သတ်ဖြတ်မှုပေါင်း ၁၅၀ နီးပါး ဖြစ်ပွားခဲ့ပြီး အယောက် ၁,၆၀၀ နီးပါး အသတ်ခံခဲ့ရတယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ၂၀၂၂ ခုနှစ် တနှစ်တည်းမှာတင် အစုလိုက် သတ်ဖြတ်ခံရမှု ၈၅ ကြိမ် ရှိခဲ့ပြီး အများစုက စစ်ကိုင်းတိုင်း အတွင်းမှာ ဖြစ်ခဲ့တာလို့လည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန် က ပေးပို့လာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။

စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ဒီနှစ် ၂၀၂၃ ဇူလိုင်လ ၃၁ ရက်နေ့ထိ ကောက်ယူထားတဲ့စာရင်းတွေအရ မြန်မာနိုင်ငံတဝန်း အစုလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ပေါင်း ၁၄၄ ကြိမ်ရှိခဲ့တယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီး ဌာနက ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။ လူ ၅ ဦး နဲ့အထက် သတ်ဖြတ်ခံရမှုကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုလို့ NUG က သတ်မှတ် ဖော်ပြတာ ဖြစ်ပြီး အာဏာသိမ်းပြီးကတည်းကနေ ဒီနှစ် ဇူလိုင်လ အထိ ဒီလို သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ပြည်သူ ၁,၆၀၀ နီးပါး အသတ်ခံခဲ့ရတယ်လို့ NUG က ပြောပါတယ်။ ဒါဟာ အဆိုးရွားဆုံး စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။

"ဒီလိုမျိုးလုပ်ဆောင်မှုတွေက အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်မှုပါ။ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေကို ကြည့်ရင် လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုတွေလက်နက်ကြီးနဲ့ရွာထဲကို မဆင်မခြင်ပစ်ခတ်မှုကြောင့် သေဆုံးမှုတွေ တချို့ကျတော့လည်း တွေ့သမျှလူကို ဘာမှမဟုတ်ဘဲ သတ်ဖြတ်တာတွေကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ တွေ့ရတယ်။ ဒီအချက်တွေက ရည်ရွယ်ချက်ရှိရှိနဲ့ တကယ် စစ်ရေးဗျူဟာတရပ် အနေနဲ့ လုပ်ဆောင်နေတာ။ ပြည်သူကို ကာကွယ်ပေးရမယ့် အစား ရန်သူလို သတ်မှတ်ပြီး လုပ်ဆောင်တယ်။ လက်နက်ကိုင် ပဋိပက္ခကာလအတွင်း ကျူးလွန်တာ ဖြစ်တဲ့အတွက် စစ်ပွဲဆိုင်ရာ ရာဇဝတ်မြောက်တယ်လို့ ကျနော်တို့ ရဲရဲကြီးပြောလို့ ရပါတယ်။"

၃ နှစ်စာပေါင်းပြီး ထုတ်ပြန်တာမှာ ၂၀၂၁ ခုနှစ်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၁၁ ကြိမ် ဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ အကြိမ် ၉၀ နီးပါးအထိ တိုးလာခဲ့သလို၊ ဒီနှစ် ၂၀၂၃ ခုနှစ်အတွင်းမှာလည်း ၄၈ ကြိမ် ဖြစ်ခဲ့ပြီးပြီလို့ NUG က ပြောပါတယ်။ ဒီအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို စစ်ကောင်စီဘက်က ကျူးလွန်တာ ဖြစ်တယ်လို့ ဖော်ပြထားတာမို့ စစ်ကောင်စီပြောခွင့်ရကိုရော၊ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ကော်မရှင်ကိုပါ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမဲ့ တုံ့ပြန်ချက် တစုံတရာ မရရှိသေးပါဘူး။

ကောက်ယူရရှိထားတဲ့ မှတ်တမ်းတွေအရ စစ်ကောင်စီရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေထဲ နောက်ဆုံး ဖြစ်ခဲ့တာကတော့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်း ကျေးရွာမှာ ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုလို့ ဆိုပါတယ်။ အဲဒီသတ်ဖြတ်မှုမှာ အသက်မပြည့်သေးတဲ့ (၁၈) နှစ်အောက်ကလေး (၄) ဦး ပါဝင်ခဲ့ပြီး အပြစ်မဲ့ပြည်သူ (၁၄) ဦး အစုလိုက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီလို ကျူးလွန်မှုတွေ အတွက် တရားမျှတတဲ့ အပြစ်ပေးအရေးယူမှုတွေ ဖြစ်လာဖို့ ဆက်လက် အားထုတ် ကြိုးပမ်းသွားမယ်လို့လည်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

"ကျနော်တို့လိုချင်တာ နောက်တခါ ဒါမျိုးမဖြစ်ဖို့အတွက် သမိုင်းသင်ခန်းစာယူပြီးတော့ တရားမျှတမှု ဖော်ဆောင်ချင်တာပါ။ တရားမျှတမှု ဖော်ဆောင်တဲ့အပိုင်းမှာ အပြစ်ရှိတဲ့သူကို အရေးယူတဲ့ အပိုင်းက အဓိကဖြစ်ပါတယ်။ ခံစားရတဲ့ ပြည်သူတွေကို သူတို့ရဲ့နစ်နာမှုတွေ သေဆုံးမှုတွေကို အသိအမှတ်ပြုမှုတွေ၊ နောက်တခါ ဒါမျိုးမဖြစ်အောင် လုပ်ဆောင်ပေးဖို့တွေ၊ ဒါတွေ ဆက်လက် ဖော်ဆောင်ပေးမှာပါ။ မြန်မာနိုင်ငံ အနေအထားအရ တရားဥပဒေကို ဖော်ဆောင်ဖို့ ခက်ခဲနေတုန်းပဲ။ ဒါပေမဲ့ နိုင်ငံတကာ တရားဥပဒေကို အသုံးပြုပြီးတော့ ဖော်ဆောင်နိုင်ဖို့ ဆက်လက် ကြိုးပမ်းနေတယ်။"

NUG ရဲ့ စာရင်းတွေအရ သေဆုံးသူတွေထဲမှာ ကလေးငယ် ၁၂၃ ယောက် ပါဝင်ပါတယ်။ အစုလိုက်သတ်ဖြတ်ခံရမှု အများစုက စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာဖြစ်ပြီး ဖြစ်ရပ်ပေါင်း ၉၀ အထိ ရှိခဲ့ပါတယ်။ မကွေးတိုင်းမှာတော ၁၅ ကြိမ်၊ ချင်းမှာ ၇ ကြိမ်၊ ကချင်နဲ့ ရှမ်းမှာ ၅ ကြိမ်စီနဲ့ တခြား ပြည်နယ်နဲ့ တိုင်းဒေသ အတော်များများမှာလည်း တကြိမ်ထက်မနည်း ရှိတဲ့အကြောင်း NUG လူ့အခွင့်အရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG