သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဒဏ်ကြောင့် ကရင်နီဒေသမှာ ဒုက္ခသည် ထောင်ချီတိုး


ကယား(ကရင်နီ)ပြည်နယ် စစ်ဘေးရှောင်တွေအတွက် ဆန်လိုအပ်နေ (ဓာတ်ပုံ​-ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
ကယား(ကရင်နီ)ပြည်နယ် စစ်ဘေးရှောင်တွေအတွက် ဆန်လိုအပ်နေ (ဓာတ်ပုံ​-ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ခြမ်းမှာ သီတင်းတပတ်အတွင်း စစ်ပြေးဒုက္ခသည် ၄,၀၀၀ လောက် တိုးလာတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ ကရင်နီဒေသမှာ စစ်ရေး ပဋိပက္ခတွေကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် တနေ့တခြား တိုးလာနေပြီး စားနပ်ရိက္ခာ မလုံလောက်တဲ့အတွက် လူတိုင်းကို မကူညီနိုင်တဲ့ အခြေအနေ ရောက်နေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ကလည်း ပြောပါတယ်။ ဖရူဆိုဒေသက စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေ သတင်းပေးပို့ချက်ကို အလိမ္မာ က တင်ပြပေးပါမယ်။

ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြား လမ်းမကြီးတလျှောက်မှာ ဒီလ ဆန်းပိုင်းက စလို့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေအကြား ၁၀ ရက်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ခုချိန်ထိ နှစ်ဘက် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပါတယ်။ အရင်က ဖရူဆိုမြို့နယ် အနောက်ခြမ်းမှာ ပြည်တွင်း စစ်ပြေးဒုက္ခသည် ၆,၀၀၀ လောက် ရှိရာက အခုနောက်ဆုံး တိုက်ပွဲတွေကြောင့် သီတင်းတပတ်အတွင်းမှာကိုပဲ လူဦးရေ ၄,၀၀၀ နီးပါး ထပ်တိုးလာတာလို့ ဖရူဆို စစ်ရှောင်ကူညီရေး ဆောင်ရွက်နေသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ပြီးခဲ့တဲ့ တလောက စစ်ရှောင် ဒီးမော့ဆိုဘက်က၊ အရှေ့ဘက်ကလာတဲ့ စစ်ရှောင်တွေကို ထပ်ပေါင်းလိုက်ရင် ၆,၀၀၀ လောက် မကတော့ဘူး။ ၉,၀၀၀ လောက်ရှိတော့မယ် ထင်တယ်။ ၉,၀၀၀ ၊ ၁၀,၀၀၀ နီးပါးလောက် ရှိသွားပြီး။”

လတ်တလော တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်ဦးရေ တနေ့တခြား တိုးလာနေပြီး စားနပ်ရိက္ခာ အကျပ်အတည်း ပိုဆိုး လာနေပါတယ်။ ဒုက္ခသည် အများစုက နေထိုင် စားသောက်ရေးအတွက် အလှူရှင်တွေကိုပဲ အားထားနေရတာ ဖြစ်ပြီး လက်ရှိအချိန်မှာ အလှူရှင်တွေ မရှိသလောက် ဖြစ်လာတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။

“ဒီဘက်မှာက လမ်းပန်းဆက်သွယ်ရေး အရမ်းခက်ခဲတော့ တချို့ စစ်ရှောင်နေရာမှာ သွားလို့မရတဲ့ နေရာတွေ အများကြီးရှိတယ်။ စားနပ်ရိက္ခာက အခုဆို အလှူရှင်က နည်းလာတော့ ဆန်တွေ ဘာတွေ သိပ်မရကြတော့ဘူး။ တချို့ စစ်ရှောင်တွေ ကတော့ ဒီဘက်မှာ သူတို့ရဲ့ ဆွေမျိုးတွေမှာပေါ့ လိုက်ပြီးမှ တောင်ယာတွေ ဘာတွေ လုပ်စားတာ ရှိတယ်။ တချို့ကျတော့ ဆွေမျိုးတွေဘာတွေ မရှိတော့ဘူး။ ကြားထဲ အလှူရှင်ကို စောင့်တာမျိုးပဲ စားနေရတာ များတယ်။”

ဒေသခံ စစ်ဘေးဒုက္ခသည် အများစုဟာ နီးစပ်ရာ ဆွေမျိုးအိမ်နဲ့ ဘေးကင်းတဲ့ တောတွေ တောင်တွေကြားမှာ ခိုလှုံနေကြရတာပါ။ လတ်တလော စစ်ပွဲတွေ ဖြစ်နေတာကြောင့် လုံခြုံရေးနဲ့ သွားလာရေး လမ်းကြောင်း ခက်ခဲမှုတွေ ရှိနေပြီး ဒုက္ခသည်တွေဆီ အကူအညီတွေ ရောက်ဖို့ ခက်ခဲနေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညား ကလည်း ဗွီအိုအေကို ပြောပါတယ်။

“အရေးပေါ်လုပ်နိုင်ဖို့အတွက် လမ်းပိုင်းဆိုင်ရာ အခက်အခဲတွေ၊ လုံခြုံရေးဆိုင်ရာ အခက်အခဲတွေကြောင့် ပိုပြီးတော့မှ ခက်ခဲလေ့ရှိပါတယ်။ တချို့ အရမ်း ဝေးလံခေါင်ဖျားတဲ့ အရပ်မှာ ရောက်နေတဲ့အတွက်ကြောင့်မို့ ကျနော်တို့ သွားရ ကူညီရတာ စားနပ်ရိက္ခာတွေ သယ်ဆောင်ရတာ အရမ်းကို ခက်ခဲတာ ရှိတာပေါ့နော်။”

တနေ့တခြား များပြားလာနေတဲ့ စစ်ပြေး ဒုက္ခသည်တွေ အတွက် စားနပ်ရိက္ခာ အကူအညီတွေ ပိုပြီး လိုအပ်နေတဲ့ တချိန်တည်းမှာ အလှူရှင်တွေ နည်းပါးလာတာနဲ့ သွားလာရေး ခက်ခဲတာတွေကြောင့် လိုအပ်သူတိုင်းကို မကူညီနိုင်တဲ့ အခြေအနေ ရောက်နေတယ်လို့လည်း ကိုဗညားက ပြောပါတယ်။ ဒါကြောင့် အလိုအပ်ဆုံးသူတွေကို စာရင်းကောက်ယူပြီး ဦးစားပေး ကူညီပေးနေတဲ့ အကြောင်း ကိုဗညားက ပြောပါတယ်။

“အတတ်နိုင်ဆုံး အရေးပေါ်အရ လိုအပ်တဲ့ မိသားစုဝင်တွေ ဘယ်လောက်ရှိလဲ ဆိုတာ ပြန်မေးရတယ်။ ပုံမှန် တလ နှစ်လ သူဖာသာသူ ကောက်ခံတဲ့ မိသားစုဝင်တွေ ကျနော်တို့ပေးတဲ့ ဟာတွေ ကျနော်တို့ လျှော့လိုက်ပြီးမှ လုံးဝကို မဖြစ်မနေ ပေးရမယ့် အုပ်စုဝင်တွေကို ကျနော်တို့က စာရင်းတွေ ပြန်ထုတ်ထားပြီးတယ်။ Class A, B, C ပုံစံမျိုးပေါ့နော်။ ပြန် ပြန်ခွဲပြီးတော့မှာ အရေးပေါ် လိုအပ်တဲ့ လူတွေကို ပို ပံ့ပိုး လာတယ်ရှိတယ်။ နောက်ပြီးတော့မှ ခုနပြောတဲ့ လုံးဝကို သက်ကြီးရွယ်အိုတွေ ကလေးတွေ များတဲ့ မိသားစုကို ပို ဦးစားပေးလာတယ်။ ပိုမို လုပ်လာရတယ်ပေါ့။ အဲ့တော့ စခန်းမှာရှိတဲ့ လူ ၁,၀၀၀ ဆိုရင် ၁,၀၀၀ အားလုံး ကျနော်တို့ ပေးနိုင်တဲ့ အခြေအနေမျိုး မရှိတော့ဘူးပေါ့နော်။ အဲ့လိုမျိုးပုံစံနဲ့ ကျနော်တို့ သွားနေတော့ ကြည့်လိုက်ရင်တော့ လိုအပ်ချက် အမြဲတမ်း ရှိနေတယ်။ ခုန ပြောသလို စားနပ်ရိက္ခာ အခက်အခဲပေါ့နော်။ ဘယ်နေရာမှာ ဖြစ်လဲ ဆိုတော့ ကျနော်တို့ ပြည်နယ် တပြည်နယ်လုံး အတိုင်းအတာမှာ ဖြစ်ပါတယ်။ တခါတလေ ကျရင် အလှူရှင်တွေ ရောက်တဲ့လ ဆိုရင် ကျနော်တို့ အဆင်ပြေတယ်။ အလှူရှင် မရောက်တဲ့လ ဆိုရင် ကျနော်တို့ အဆင်မပြေတဲ့ ပုံစံမျိုးပေါ့နော်။”

စစ်ရေးပဋိပက္ခတွေကြောင့် ကရင်နီဒေသတခွင်မှာ စစ်ပြေးဒုက္ခသည် ၂ သိန်းခွဲထက်မနည်း စစ်ဘေး တိမ်းရှောင်နေကြရပြီး အစားအသောက်နဲ့ ဆေးဝါး စတဲ့ အကူအညီတွေ အလွန်အမင်း လိုအပ်နေကြတဲ့အကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က မကြာသေးခင်က ဗွီအိုအေကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG