သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဂျက်လေယာဉ်ပျက်ကျမှု သေဆုံးသူ ၁၀ဦး-ခရီးသည်စာရင်းမှာ Wagner ခေါင်းဆောင်ပါဝင်


Wagner ကြေးစားတပ်ဖွဲ့ခေါင်းဆောင် Yevgeny Prigozhin (ဩဂုတ် ၂၁၊ ၂၀၂၃)
Wagner ကြေးစားတပ်ဖွဲ့ခေါင်းဆောင် Yevgeny Prigozhin (ဩဂုတ် ၂၁၊ ၂၀၂၃)

ရုရှားနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ကိုယ်ပိုင်ဂျက်လေယာဉ်ပျက်ကျခဲ့လို့ လိုက်ပါလာတဲ့ လူ ၁၀ ဦးလုံး သေဆုံးခဲ့တယ်လို့ ရုရှားအရေးပေါ် ကယ်ဆယ်ရေးအရာရှိတွေက ပြောပါတယ်။ ခရီးသည်စာရင်းထဲမှာ ရုရှားစစ်တပ်ကို ဆန့်ကျင်ပုန်ကန်ခဲ့တဲ့ ရုရှားကြေးစား လက်နက်ကိုင်အဖွဲ့ ဗာဂနာ (Wagner) ခေါင်းဆောင် ယက်ဂေးနီ ပရီဂေါ့ဂျင် (Yevgeny Prigozhin) ပါဝင်နေပြီး သူတကယ် လေယာဥ်ပေါ် ပါသွားလားဆိုတာတော့ အခုအချိန်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လေယာဉ်မှူး (၃) ဦးနဲ့ ခရီးသည် (၇) ဦး လိုက်ပါလာတဲ့ လေယာဉ်ဟာ မော်စကိုမြို့တော်ကနေ စိန့်ပီတာစဘတ်ကို ပျံသန်းနေတုန်း မြို့တော်ရဲ့ မြောက်ဘက် မိုင် (၆၀) ကျော်အကွာမှာပျက်ကျခဲ့ကြောင်း တာဝန်ရှိသူတွေကိုကိုးကားပြီး ရုရှားအစိုးရပိုင် သတင်းအေဂျင်စီ Tass က ဖော်ပြပါတယ်။ ရုရှားနိုင်ငံပိုင် သတင်းဌာန တခု ဖြစ်တဲ့ RIA ကလည်း အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူတွေကိုကိုးကားပြီး လေယာဉ်ပျက်ကျရာနေရာမှာ ရုပ်အလောင်း (၈) လောင်း တွေ့ရှိထားတယ် ဆိုပါတယ်။ လေယာဉ်ပျက်ကျမှုသတင်းတွေထွက်ပေါ်လာချိန်မှာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကိုတော့ Kursk တိုက်ပွဲ အထိမ်းအမှတ်အခမ်းအနားမှာ ယူကရိန်းစစ်မြေပြင်က သူတို့အခေါ် အထူးစစ်ဆင်ရေးအတွင်း သူရဲကောင်းတွေကို ချီးကျူးဂုဏ်ပြုစကား ပြောနေတာကိုတွေ့ရပါတယ်။

လေယာဥ် ပျက်ကျမှုကို AP သတင်းဌာနက ပြန်လည်သုံးသပ်ထားတဲ့ ပျံသန်းမှုခြေရာခံအချက်အလက်တွေအရ အရင်က ပရီဂေါ့ဂျင်အသုံးပြုလေ့ရှိတဲ့ ဗာဂနာ ကြေးစားစစ်တပ်ကုမ္ပဏီနာမည်နဲ့ မှတ်ပုံတင်ထားတဲ့လေယာဥ်ဟာ ဗုဒ္ဓဟူးနေ့ညနေပိုင်းက မော်စကိုမြို့ကထွက်ခွာခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာ ဆက်သွယ်ရေးအချက်ပြမှု ပျောက်ကွယ်သွားတာကိုတွေ့ရပါတယ်။ လေယာဉ်ဟာ အနီးနားမှာ အရေးပေါ်ဆင်းသက်နိုင်တဲ့လေယာဉ်ကွင်းတွေမရှိတဲ့ ကျေးလက်ဒေသမှာ အချက်ပြမှု ပျောက်ဆုံးသွားခဲ့တာပါ။

ဗာဂနာအဖွဲ့ကိုထောက်ခံတဲ့ ဆိုရှယ်မီဒီယာအကောင့်တခုက တင်ထားတဲ့ဓာတ်ပုံထဲမှာတော့ မီးလောင်နေတဲ့အပျက်အစီးတွေကိုတွေ့ရပြီး တပိုင်းတစမြင်ရတဲ့ အမြီးပိုင်း နံပါတ်က ဗာဂနာကုမ္ပဏီပိုင် ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ကိုက်ညီတာကို တွေ့ရပါတယ်။ ပျက်ကျခဲ့တဲ့လေယာဉ်အင်ဂျင်ပေါ်ကနံပါတ်နဲ့ အရောင်နဲ့ အရင်က ဗာဂနာပိုင်ဂျက်လေယာဥ်ဓာတ်ပုံတွေနဲ့ AP သတင်းဌာနက တိုက်ဆိုင်စစ်ဆေးရာမှာလည်း ကိုက်ညီနေတယ်လို့ ပြောပါတယ်။

ဇွန်လနှောင်းပိုင်းတုန်းက ရုရှားစစ်တပ်ခေါင်းဆောင်မှုကိုဆန့်ကျင်ပြီး ခတ္တခဏ ပုန်ကန်ခဲ့လို့ ပရီဂေါ့ဂျင်ရဲ့ ရှေ့ကံကြမ္မာ ဘယ်လို ဖြစ်မလားမလဲဆိုပြီး ယူဆချက်အမျိုးမျိုးရှိနေချိန်မှာ အခုဖြစ်ရပ် ဖြစ်လာတာပါ။ ပုန်ကန်မှုအပြီး ပရီဂေါ့ဂျင်ကို အိမ်နီးချင်း မဟာမိတ်ဘီလာရုစ်နိုင်ငံမှာနေထိုင်ဖို့ခွင့်ပြုတယ်လို့ ရုရှားအစိုးရက ပြောခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ သူ့ကို ရုရှားမှာ ပြန်မြင်တွေ့ခဲ့ရပါတယ်။ အခု သီတင်းပတ်ထဲမှာတင် ပုန်ကန်မှုအပြီး ပထမဆုံးအကြိမ်အဖြစ် လူသစ်စုဆောင်တဲ့ ဗီဒီယိုတခုကို ပရီဂေါ့ဂျင်ကထုတ်ပြန်ခဲ့ပြီး ဗာဂနာအဖွဲ့အနေနဲ့ ထောက်လှမ်းရေးနဲ့ ရှာဖွေရေးအလုပ်တွေလုပ်ဆောင်နေပြီး "ရုရှားကို ကမ္ဘာ့ တိုက်ကြီးအားလုံးမှာ အင်အားပိုကြီးလာဖို့နဲ့ အာဖရိကတိုက်မှာလည်း ပိုမိုလွတ်လပ်လာရေး" လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။

တခါ ဒီအပတ်ထဲမှာပဲ ပရီဂေါ့ဂျင်နဲ့ဆက်နွယ်နေတဲ့ ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီး Sergei Surovikin (ဆာဂေးဆူရိုဗစ်ကင်) ကို ရုရှားလေတပ်ရဲ့ တပ်မှူးရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ အမည်မသိသတင်းရင်းမြစ်တွေကို ကိုးကားပြီး ရုရှားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ယူကရိန်းက ရုရှားရဲ့စစ်ဆင်ရေးတွေကို တချိန်ကဦးဆောင်ခဲ့တဲ့ ဆူရိုဗစ်ကင်ဟာ ဗာဂနာ ပုန်ကန်မှုနောက်ပိုင်း လူမြင်ကွင်းမှာ မတွေ့ခဲ့ရဘဲ ပုန်ကန်မှုအတွင်း ဗာဂနာတပ်တွေ ပြန်ဆုတ်ဖို့တိုက်တွန်းတဲ့ ဗီဒီယိုမိန့်ခွန်းမှာ သူ့ကို နောက်ဆုံး မြင်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG