သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂံဒေသ ပြုပြင်ထိန်းသိမ်းရေး သတိရှိဖို့လို


Ananda Temple (L) in the old Pagan archeological zone in central Burma. (Photo: RETUERS)
Ananda Temple (L) in the old Pagan archeological zone in central Burma. (Photo: RETUERS)

ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်တဲ့ ပုဂံဒေသအတွင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးမှု မရှိရအောင် ဂရုစိုက်ဖို့လိုအပ်တယ်လို့ ပုဂံရှေးဟောင်းအမွေနှစ် ထိန်းသိမ်းရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

အခုနှစ် မိုးရာသီ ရေကြီးရေလျှံမှုဒဏ်ခံရတဲ့ ရှေးဟောင်းစေတီတချို့ဝန်းကျင်မှာ ရေနှုတ်မြောင်းတွေ ဖေါက်လုပ်တာအတွက် ရှေးဟောင်းအမွေနှစ်တွေ ပျက်စီးမှာကို ဒေသခံ ထိန်းသိမ်းရေးသမားတွေက စိုးရိမ်ပြီး ဝေဖန်နေကြပေမယ့် ရှေးဟောင်းသုတေသန တာဝန်ရှိသူတွေကတော့ တတ်သိပညာရှင်တွေရဲ့ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်နေတာကြောင့် စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။

မြန်မာပြည်တွင်းက ပေးပို့တဲ့သတင်း အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။


ပုဂံဒေသမှာ အခုနှစ်ထဲ မိုးများတဲ့အပြင် မိုခါ မုန်တိုင်းဒဏ်ကြောင့် ရေကြီးရေလျှံပြီး၊ ရှေးဟောင်းစေတီ တချို့မှာ ရေကြီးတဲ့ဒဏ်ကို ခံခဲ့ရတာပါ။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ အရေးပေါ်တုံ့ပြန်မှုအနေနဲ့ ပုဂံရှေးဟောင်းသုတေသနအဖွဲ့က ရေနှုတ်မြောင်းတွေ တူးဖော်ကြတာ ဖြစ်ပါတယ်။

ပုဂံဒေသကို ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ ရှေးဟောင်း အမွေအနှစ်ဖြစ်လို့ သတိထား လုပ်ဆောင်သင့်တာကို ရှေးဟောင်းသုတေသနနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းသူတွေက ထောက်ပြကြပါတယ်။ အခု ရေနှုတ်မြောင်း တူးတဲ့နေရာမှာလည်း စက်အကြီးစားတွေသုံးပြီး ဆောင်ရွက်နေတာဟာ အနီးဝန်းကျင်မှာရှိတဲ့ ဘုရားစေတီတွေအတွက် အန္တရာယ်ရှိလာနိုင်တယ်လို့ ဒေသတွင်း ရှေးဟောင်းသုတေသနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ဆောင်ရွက်နေသူ ကိုသူရအောင်က အခုလို ရှင်းပြပါတယ်။

"ဒီရေနှုတ်မြောင်း လုပ်တာကို ကျနော်တို့က အပြစ်ပြောနေတာ မဟုတ်ဘူး။ အဲဒီရေမြောင်း တူးတဲ့နေရာမှာ ဗူးလည်သီးကပ်ဘုရားနဲ့ ၁၀ ပေတောင် မဝေးတဲ့နေရာမှာ ဘူဒိုဇာနဲ့ကုတ်ပြီး ထိုးလို့ ရှေးဟောင်းအုတ်အလွှာတွေ ပြိုသွားတာ။ အဲတော့ စက်ယန္တရားတွေကို သုံးပြီးတော့ ရှေးဟောင်းမြေလွှာ ဖွဲ့စည်းမှုပျက်သွားအောင် မဆင်မခြင်လုပ်တာ နံပါတ် ၁။ နံပါတ် ၂ က ပုဂံရဲ့ မြေလွှာအဆင့်က အပေါ်မှာ သဲလွှာရှိတယ်။ သဲလွှာအောက်မှာ နုန်းလွှာရှိတယ်။ အဲဒီတော့ သဲလွှာကိုကျော်ပြီးတော့ နုန်းလွှာထိရောက်အောင် တူးပစ်လိုက်တာ။ အုတ်ရိုးရဲ့အောက်မှာ နုန်းလွှာရောက်သွားတယ်။ အဲဒီနုန်းလွှာထိ ရောက်သွားအောင် တူးပြီးတော့ ရေမြောင်းလုပ်လိုက်ရင် ရေစီးသွားမယ်ဆိုတဲ့ ပုံစံမျိုးလုပ်ထားတာ။ လုပ်ထားတော့ အဲဒီနုန်းလွှာကို ရောက်သွားပြီဆိုတာနဲ့ ရေကကြိုက်သလောက် ဝင်လာရင် မြောင်းထဲစီးသွားမှာ မဟုတ်ဘဲနဲ့ အဲဒီနုန်းလွှာထဲပဲ ရေကဝင်သွားမှာ။ အဲဒီနုန်းလွှာအောက်မှာ ရေဝင်သွားတဲ့အခါကျရင် နောင်ကျရင် ဒီအောက်ခြေက ရေဝင်ရင်း ဝင်ရင်း၊ ဝပ်သွားပြီးတော့ အဲဒီကနေ အနီးဆုံးဘုရားတွေက ပြိုမှာ။"

ပုဂံမှာ မိုးရေတင် ရေဝပ်လို့ ရေမြောင်းဖောက်ပြီး ဆောင်ရွက်တာ ၁ ပေထက်ပိုပြီး မတူးသင့်ဘူးလို့လည်း ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းသူတွေက သတိပေးထားတာပါ။ အခု ၃ ပေကျော်တဲ့အထိ တူးထားတာတွေ့ရပြီး၊ မြေအောက် အုတ်လွှာတွေ ဖယ်ရှားခံရတာကိုပါ တွေ့ရတယ်လို့ ပြောပါတယ်။

ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းကတော့ ပုဂံမှာ ရေ စီမံခန့်ခွဲမှု သုတေသနကို ၂၀၁၉ ခုနှစ်ကတည်းက ဆောင်ရွက်နေတာ ဖြစ်ပြီး၊ အခု ဆောင်ရွက်နေတာကလည်း အရေးပေါ်တုံ့ပြန်မှုအနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။

"ကျနော်တို့ လုပ်နေတဲ့ အခန်းကဏ္ဍက ၃ ပိုင်းပေါ့နော်။ ပထမပိုင်းကတော့ emergency response ပေါ့။ ပုဂံကို မိုးကျလာမယ်၊ မုန်တိုင်းဖြစ်လာမယ်ဆိုရင် ရုတ်တရက် ရေတွေ မကြီးအောင် ရေကို အမြန်ဆွဲထုတ်နိုင်အောင် မြောင်းတွေကနေတဆင့် ကျုံးထဲ၊ ကျုံးကနေတဆင့် ဧရာဝတီမြစ်ထဲကို ပို့တဲ့စနစ်။ နောက်တခုကတော့ long term ပေါ့နော်။ ပုဂံခေတ်ကလုပ်ခဲ့တဲ့ ကန်ကြီးတွေကို ကျနော်တို့က activate ပြန်လုပ်ပြီးတော့ ရေစီးလမ်းကြောင်းတွေ ပြန်ဖော်မယ်။ ဒါကတော့ heavy project ဖြစ်တဲ့အတွက်ကြောင့် ဆည်မြောင်းတို့၊ ရေအရင်းအမြစ်တို့ စသဖြင့် ဒီဌာနကြီးတွေပါ ပူးပေါင်းပြီးတော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ခုနကတော့ ပုံဂံခေတ်က ရှိနေတဲ့ ပိုက်စနစ်နဲ့ အသေးစိတ်ပေါ့နော်၊ ဘုန်းကြီးကျောင်းတွေကို ပို့တယ်၊ ဘုရားတွေကို ပို့တယ်၊ နန်းတော်ကို ပို့တယ်ဆိုတဲ့ စနစ်တွေကတော့ အသေးစိတ်တူးဖော် သုတေသန လက်ရှိလုပ်နေတာလည်း ရှိပါတယ်။ ဒါကတော့ အခု ကျနော်တို့ ဆောင်ရွက်နေတဲ့ အပိုင်းဖြစ်ပါတယ်။"

ပုဂံကို ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်တာမှာ ကမ္ဘာ့အမွေအနှစ် လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်တာဖြစ်လို့ ရှေးဟောင်းအမွေအနှစ်တွေ ထိခိုက်မှာကို စိုးရိမ်စရာ မရှိဘူးလို့လည်း ဦးကျော်မျိုးဝင်းက အခုလို ဆက်ပြောပါတယ်။

"ပုဂံနဲ့ ပတ်သက်လာရင် ကျနော်တို့ ဌာနတွင်းမှာရှိတဲ့ ပညာရှင်တွေ သေချာစုဖွဲ့ပြီးတော့ နိုင်ငံခြားသား ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့မှ ခေတ်မီစက်ကိရိယာတွေနဲ့ ပေါင်းစပ်ပြီး၊ တိုင်းတာမှုတွေ ဆောင်ရွက်ပြီးတော့မှ နည်းပညာတွေသုံးပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ နောက်တခုက ဒါက ကမ္ဘာ့အမွေအနှစ် site ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ အရမ်းကာရော လုပ်လို့မရပါဘူး။ ကမ္ဘာ့အမွေအနှစ်ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ HIAs လို့ခေါ်တဲ့ Heritage Impact Assessments ကို ပရောဂျက်ဧရိယာ တလျှောက်မှာ အသေးစိတ် အပြန်ပြန်အလှန်လှန် စမ်းစစ်ပြီးတော့မှ ဒီလုပ်ငန်းတွေကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အများပြည်သူအနေနဲ့ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ ထိခိုက်မှုဖြစ်မှာကို စိုးရိမ်စရာ မလိုပါဘူးလို့ ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်။"

ပုဂံဟာ ရှေးဟောင်းအဆောက်အအုံနဲ့ ယဉ်ကျေးမှုအမွေအနှစ် အကြွင်းအကျန်တွေ တော်တော်များများ ရှိတဲ့နေရာဖြစ်တဲ့အတွက် ယူနက်စကိုနဲ့ ကမ္ဘာကိုပေးထားတဲ့ ကတိကဝတ်တွေ၊ စံနှုန်းတွေအတိုင်း ထိန်းသိမ်းမယ်ဆိုရင် အတန်သင့် ကာကွယ်နိုင်မယ်လို့ ကိုသူရအောင်က ပြောပါတယ်။ တကယ်လို့ ဒီ ပြဌာန်းချက်တွေအတိုင်း မလိုက်နာတာ၊ စံနှုန်းတွေကို သွေဖယ်တာတွေဟာ ဆိုးကျိုးတွေကို သက်ရောက်စေနိုင်တယ်လို့လည်း ပြောပါတယ်။

"အခုလုပ်လိုက်တဲ့ ဟာတွေက နောင် ၁၀ နှစ်၊ ၁၅ နှစ် သို့မဟုတ် ၅ နှစ်လည်း ဖြစ်ချင်ဖြစ်မယ်။ အဲလောက် ကြာလာတဲ့ အခါကျမှ နာတာရှည်ရောဂါလိုပဲ၊ ကင်ဆာလိုပဲ၊ လူမသိဘူး။ နောက်ကျတော့မှ အဲဒီရဲ့ ဆိုးကျိုးကို ခံရမှာ။ အဲဒီလိုတွေ မြင်နေလို့ ကျနော်တို့က ဒီလိုတွေ မလုပ်သင့်ဘူးဆိုတာ ဝေဖန်ထောက်ပြနေတာ။"

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရှေးဟောင်းပုဂံဒေသအတွက် ရှေးအမွေအနှစ်တွေ ယိုယွင်းပျက်စီးလာချိန်မှာ ပြုပြင်မှုတွေအတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း ဝေဖန်ပါတယ်။ ပုဂံမှာရှိတဲ့ ဘုရားစေတီတွေကို ပြုပြင်တဲ့နေရာမှာ ရှေးဟောင်း ရုပ်ပွားတော်တွေကို ရွှေချတာ၊ ရင်ပြင်တော် ကျောက်ပြားခင်းတာ စတဲ့ နည်းလမ်းတွေ အသုံးပြုတာဟာ ရှေးဟောင်းအမွေအနှစ်ကို ထိန်းသိမ်းရာ မရောက်ဘူးဆိုပြီး၊ အရင်ကတည်းက ဘုရားဖူး အလည်လာသူတွေကြား ဝေဖန်ထောက်ပြတာတွေလည်းရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG