သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း အဝေးပြေးလမ်း ယာဉ် မတော်တဆဖြစ်မှု မြန်မာတဦးသေဆုံး

ထိုင်း အဝေးပြေးလမ်းပေါ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားစဥ်။ (Photo: Thai Police)
ထိုင်း အဝေးပြေးလမ်းပေါ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားစဥ်။ (Photo: Thai Police)

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲက အဝေးပြေးလမ်းမပေါ်မှာ မြန်မာဒုက္ခသည်တွေပါတဲ့ ခရီးသည်တင်ယာဉ်နဲ့ ပစ်ကပ် ထရပ်ကားတစီး တိုက်မိလို့ လူ ၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာ ပြင်းထန်သူတွေ ရှိနေပြီး မယ်လမ ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေတဲ့အကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

ထိုင်း−မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်နဲ့ မယ်လမ မြို့နယ်ကြားက အဝေးပြေးလမ်းမပေါ်မှာ သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက မယ်လ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ လိုက်ပါလာတဲ့ ခရီးသည်တင်ယာဉ် ဗင်ကားတစီးနဲ့ ပစ်ကပ် ထရပ်ကားတစီး တိုက်မိရာက လူ ၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တာပါ။ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဌ ဦးမိုးကြိုးက ခုလို ပြောပြပါတယ်။

" ခရီးသည်တင်ယာဉ်နဲ့ ပစ်ကပ် ထရပ်ကား တိုက်မိမှု ဖြစ်ပွားခဲ့ပါတယ်။ ကားမောင်းသူ လူတဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာတွေ ကိုယ်စီကိုယ်င ရရှိပါတယ်။ ခရီးသည်တင် ဗင်ကားပေါ် လိုက်ပါလာသူတွေ၊ ဒဏ်ရာရသူတွေဟာ မယ်လ ဒုက္ခသည်စခန်းမှ ဖြစ်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။"

သေဆုံးသူ ကားမောင်းသမားဟာလည်း မြန်မာနိုင်ငံသားတဦး ဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ ၄ ဦးကတော့ ဒဏ်ရာ ပြင်းထန်တယ်လို့လည်း ဦးမိုးကြိုးက ပြောပြပါတယ်။

" Mr. So Thang ယာဉ် ရှေ့ ပိုင်းမှာ လုံးဝ ပျက်စီးသွားပြီး ဗင်ကား မောင်းနှင်သူ မြန်မာနိုင်ငံသား အသက် ၃၄ နှစ်အရွယ် မစ္စတာ စိုးထန် Mr. So Thang ကတော့ အခင်းဖြစ်ပွာတဲ့ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ဒဏ်ရာရသူ ၁၂ ဦး ထဲမှာ ၄ ဦးက ဒဏ်ရာ ပြင်းထန်တယ်လို့ သိရပါတယ်။ သူတို့ အားလုံးဟာ မယ်လ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေလို့ ကြားသိရပါတယ်။"

ဒီကားမှာ ပါလာသူတွေဟာ ဒုက္ခသည်စခန်းကနေ တတိယနိုင်ငံမှာ အခြေချနေထိုင်ဖို့အတွက် ထွက်ခွာသွားကြသူတွေကို မိသားစုတွေက လိုက်ပို့တဲ့ ကားဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တွေကို တတိယနိုင်ငံ ပို့ပေးတဲ့လုပ်ငန်းစဉ် ပြန်လည် စတင်နေတာ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် လောက်ကစလို့ တတိယနိုင်ငံတွေက ဒုက္ခသည်တွေကို ခေါ်ယူထားတာတွေ ရပ်ဆိုင်းထား ရာကနေ အခုနောက်ပိုင်း ဒုက္ခသည်တွေကို ပြန်လည် ခေါ်ယူတာလည်း ဖြစ်ပါတယ်။

အခု ကားတိုက်မှုဖြစ်ပြီး ဒဏ်ရာရသူတွေကိုတော့ တာ့ခ်ခရိုင်အတွင်းက မယ်လမ ဆေးရုံကြီးကို ပို့ပြီး ကုသပေးနေပါတယ်။ မယ်လ စခန်းဟာ ထိုင်း−မြန်မာနယ်စပ်မှာ လူဦးရေ ၄ သောင်းကျော်ရှိတဲ့ အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည် ၁ သိန်းလောက် ခိုလှုံနေထိုင်နေကြတာ ဖြစ်ပါတယ်ရှင်။

ထိုင်း အဝေးပြေးလမ်း ယာဉ် မတော်တဆဖြစ်မှု မြန်မာတဦးသေဆုံး
please wait

No media source currently available

0:00 0:02:39 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG