သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြဿနာ ပြည်တွင်းရေးသာဖြစ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောကြား 


အသစ်တက်လာတဲ့ ထိုင်းအစိုးရအဖွဲ့ (စက်တင်ဘာ ၅၊ ၂၀၂၃)
အသစ်တက်လာတဲ့ ထိုင်းအစိုးရအဖွဲ့ (စက်တင်ဘာ ၅၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဥပဒေလမ်းကြောင်းနဲ့ အာဆီယံရဲ့ ယန္တရားတွေအရ ဖြေရှင်း ဆောင်ရွက်သင့်တယ်လို့ ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Panpree Phathithanukorn က ဒီကနေ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဘုံသဘောတူညီချက် (၅) နဲ့အညီ အာဆီယံကို ဗဟိုပြုပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ဆက်လက် လုပ်ဆောင်နေတာကြောင့် အာဆီယံရဲ့ အခန်းကဏ္ဍကို မေ့မထားသင့်ကြောင်းနဲ့ ထိုင်းအစိုးရဟာလည်း အဲဒီ မူဝါဒအတိုင်း လိုက်နာ ဆောင်ရွက်နေကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ ဒီမိုကရေစီဖြစ်စဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေ အားလုံးဟာ ပြည်တွင်းကိစ္စသာဖြစ်ပြီး မြန်မာတွေကသာ ဒီပြဿနာတွေကို ဖြေရှင်းရမှာဖြစ်ပြီး ထိုင်းနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အာဆီယံနဲ့ တိုင်ပင် ညှိနှိုင်းပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အခြေအနေအရ လိုအပ်ခဲ့ရင် အာဆီယံ အလှည့်ကျဥက္ကဌနဲ့ တိုင်ပင်ပြီး မြန်မာနဲ့ အာဆီယံလမ်းကြောင်းက မဟုတ်တဲ့ အလွတ်သဘော ဆွေးနွေးမှုပြုလုပ်ဖို့ ထိုင်းနိုင်ငံအနေနဲ့ စဉ်းစားသွားမှာဖြစ်ကြောင်း၊ ဒါပေမယ့် ထိုင်းနိုင်ငံနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ မူးယစ်ဆေးဝါးနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုလို ကိစ္စရပ်တွေမှာတော့ ထိုင်းနဲ့ မြန်မာနိုင်ငံအကြား တရားဝင်ရော၊ အလွတ်သဘောပါ ထိတွေ့ ဆက်ဆံဖို့ လိုအပ်တယ်လို့ Panpree Phathithanukorn က ပြောပါတယ်။

နယူးယောက်မြို့မှာကျင်းပမယ့် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတက်မယ့် ဝန်ကြီးချုပ် Srettha Thavisin နဲ့အတူ ဝန်ကြီး Panpree Phathithanukorn ဟာ စက်တင်ဘာ ၁၈ ရက်ကနေ ၂၂ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စုကို သွားရောက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG