သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းကင်းအနီး စက်လှေတိမ်းမှောက်မှု အသေအပျောက်ရှိ


မင်းကင်းမြို့
မင်းကင်းမြို့

စစ်ကိုင်းတိုင်း မင်းကင်းမြို့အနီး စစ်ကောင်စီ အသုံးပြုတဲ့ စက်လှေတစင်း မတော်တဆ တိမ်းမှောက်ရာက ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေရှိနေပြီး နယ်မြေတည်ငြိမ်မှု မရှိတာကြောင့် ချင်းတွင်းမြစ်ကြောင်းက ဒေသခံတချို့ ဘေးလွတ်ရာ တိမ်းရှောင်တာတွေလည်း ရှိနေတာပါ။ စစ်ကိုင်းတိုင်းက နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင် ပြောပြမှာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ အသုံးပြုတဲ့ စက်လှေ ၁၀ စီးကျော်ဟာ မနေ့က ကေးဝကနေ စုန်ဆင်းလာခဲ့ရာမှာ ဒီကနေ့ အစောပိုင်း မင်းကင်းမြို့ကအထွက် ကျောက်ဆောင်နဲ့ တိုက်မိရာက နစ်မြုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ စက်လှေတိမ်းမှောက်တာကြောင့် လူသေဆုံးတာတွေရှိတယ်လို့လည်း မင်းကင်းဒေသခံတဦးက အခုလို ပြောပါတယ်။

“ဒီကနေ့ မနက် ၉ နာရီ ၉ နာရီခွဲလောက်က မှောက်တာခင်ဗျ။ ရှဲနတ်တောင် ရှဲရွာနားက နတ်တောင်ဆိုတာရှိတယ်။ မြစ်ကမ်းနဘေးမှာလေ အဲ့နတ်တောင်စွယ်ကို တိုက်ပြီးတော့မှ မှောက်တာ။ စစ်ကောင်စီက ကျောင်းသားတွေကို အလုပ်ပေးမယ်ဆိုပြီးခေါ်လာတာပေါ့ဗျာ။ အဲ့ခေါ်လာတဲ့စက်လှေမှောက်တာ။ ပျုစိုးမိုးနယ်မြေက ရွာပေါင်းစုံကလူတွေလေ။ ဂျပန်ပို့မှာတို့ ကိုရီးယားပို့မှာတို့ GEC ဖြေခွင့်ပေးမှာတို့ ရာထူးတိုးဖြေပေးမှာတို့ အဲ့ဒါတွေကိုခေါ်ခဲ့တာ။ အဲ့ခေါ်ခဲ့တဲ့ မော်တော်မှောက်တာ။ ကျေးရွာသူကျေးရွာသားတွေဆိုတော့ တဦးချင်းစီလှည့်ပြီးမှ သူ့အမျိုးပါလား ငါ့အမျိုးပါလား မေးရင်းနဲ့သိရတာ။ ပျူစောထီးနဲ့ စစ်ကောင်စီကလူတွေ အားလုံးသေကုန်ကြတယ်။ လူ ၉၀ လောက်တော့ရှိမယ်။ ”

စက်လှေတိမ်းမှောက်လို့ လူသေဆုံးတဲ့အရေအတွက်နဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ နေ့လည်ပိုင်းမှာတော့ သေဆုံးတဲ့ရုပ်အလောင်းအချို့ကို ဆယ်ယူနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန် စုန်ဆင်းလာတဲ့ စက်လှေ ၁၀ စီးကျော်ဟာ ရှဲကျေးရွာအနီးက စစ်တပ်ထောက်ခံအားပေးတဲ့ ပြူရွာဖြစ်တဲ့ တောင်ဖြူမှာ ဆိုက်ကပ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ တဆက်တည်းမှာပဲ မင်းကင်းမြို့ကနေ စက်လှေတွေ စုန်ဆင်းလာတာကြောင့် ကနီမြို့ ချင်းတွင်းမြစ်ကမ်း နဘေးက ကျေးရွာ ၂၀ လောက်က ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးရွာထဲမှာ တိမ်းရှောင်နေရတဲ့အတွက် အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“ချင်းတွင်းမြစ် ကနီနယ်အစထဲကဆိုရင် ရွာပေါင်း ၂၀ ကျော်မှာပေါ့။ မြစ်ဘေးကရွာတွေအကုန်ရှောင်တိမ်းနေကြတယ်။ လူဦးရေအနေနဲ့ ၁ သိန်းကျော်မယ်။ ပြေးနေရတာ မြစ်ကမ်းနဘေးရွာတိုင်းလိုလို ရွာစဉ်ထိုးပြေးနေရတာ။ မင်းကင်းဘက်မှာ အခုစုန်နေတဲ့အတိုင်းဆို စစ်သင်္ဘောမစုန်ခင်မှာ ကုန်းကြောင်းထိုးတဲ့ဟာပါတယ်။ ခါတိုင်းဆိုပြည်သူတွေက ဘယ်လိုဖြစ်လဲဆိုရင် စက်လှေပဲဆို အခုလိုမျိုး မရှောင်ကြဘူးပေါ့။ အခုက ကုန်းကြောင်းပါတဲ့အတွက် ပြည်သူတွေအကုန်ရှောင်ကြတာ။ အဓိက အခက်အခဲက စားဝတ်နေရေးနဲ့ မိုးကာပဲပေါ့။”

စစ်ကောင်စီ တပ်ဖွဲ့တွေ ရေကြောင်းကနေ သွားလာဖို့ အသုံးပြုတဲ့ လှေ၊ သင်္ဘောတွေကိုတော့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏ တိုက်ခိုက်တာကြောင့် တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိသလို စစ်တပ်က နယ်မြေရှင်းလင်းတာတွေလည်း ရှိပါတယ်။ စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးအတွင်း ကျေးရွာတွေ မီးရှို့ခံရမှုတွေ၊ ဖျက်ဆီးခံရမှုတွေနဲ့ သတ်ဖြတ်မှုတွေ ကြုံရလေ့ရှိတာကြောင့်လည်း ဒေသခံတွေ လုံခြုံရေး စိုးရိမ်ပြီး တိမ်းရှောင်ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG