သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်


ပုလဲမြို့နယ်ကျေးရွာတချို့ စစ်ဘေးရှောင်နေရ
ပုလဲမြို့နယ်ကျေးရွာတချို့ စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်တပ်နဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ၂ ရက် ဆက်တိုက် တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာနေပါတယ်။ သောင်းနဲ့ချီတဲ့ဒေသခံတွေလည်း မိုးရေထဲတိမ်းရှောင်နေရပြီး လက်နက်ကြီးထိမှန်သူတွေလည်းရှိနေပါတယ်။ ပုလဲမြို့နယ်ထဲက အခြေအနေတွေကို တင်ပြပေးထားပါတယ်။

ပုလဲမြို့နယ်ထဲမှာ စစ်တပ်နဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ ၂ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေတာပါ။ စက်တင်ဘာ ၁၆ ရက်မှာ စစ်တပ်ထောက်ခံအားပေးတဲ့ ပျူရွာဖြစ်တဲ့ အင်မထီးကျေးရွာကထွက်လာတဲ့စစ်တပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ၁၇ ရက်မှာတော့ ဇီးဖြူကုန်းကျေးရွာကထွက်လာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ကြတာပါ။

စစ်တပ်က နယ်မြေရှင်းလင်းရေးတွေဆက်လုပ်နေတဲ့အတွက် တိုက်ပွဲတွေဆက်ရှိနိုင်တယ်လို့ သခင်ဒေါင်းညိုကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“မနေ့ကထိတွေ့မှုက နှောကန်နဲ့ မင်းတိုင်ပင်ကြားမှာ ထိတွေ့မှုဖြစ်တယ်။ သူတို့စစ်ကြောင်းထိုးလာတဲ့အတွက် အင်မထီးကပေါ့။ အင်မထီးကအထွက် ၁၁ နာရီခွဲလောက်မှာ ကျနော်တို့စစ်ကြောင်းနဲ့ သူတို့စစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ကြတယ်။ ဒီနေ့ဖြစ်တာက သူတို့ ဇီးဖြူကုန်းကနေထွက်လာတာ ကျနော်တို့ဒီ လက်နက်ကြီး လက်နက်ငယ် လက်နက်ပေါင်းစုံနဲ့ ပိတ်ဆို့ပြီး ကျနော်တို့ တိုက်ခိုက်ခဲ့ကြတယ်။ ဒီအတိုင်းဆိုရင် တိုက်ပွဲကပြင်းထန်လာနိုင်တယ်လို့ ကျနော်တို့ကထင်တယ်။”

စစ်တပ်ဟာ စက်တင်ဘာ ၁၁ ရက်ကစလို့ ပုလဲမြို့ပေါ်ကနေ ထွက်လာပြီး ကျေးရွာတွေဘက်ကို နယ်မြေရှင်းလင်းရေး လုပ်နေတာလည်းဖြစ်ပါတယ်။ စစ်တပ်နယ်မြေရှင်းလင်းနေတာကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်းက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ မိုးရွာထဲ တိမ်းရှောင်နေရပါတယ်။

ဘေးလွတ်ရာ တိမ်းရှောင်ရင်း လက်နက်ကြီးအစ ထိမှန်တဲ့ စစ်ဘေးရှောင်တွေလည်းရှိတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“စစ်ဘေးရှောင်တွေက အခုလည်းမိုးရွာနေတာ မိုးအဆက်မပြတ်ဆိုတော့ နည်းနည်းတော့ ဒုက္ခတော့ ရောက်တာပေါ့ဗျာ။ တောတွေထဲရှောင်ရတာ။ မနက်ကဆိုရင် သရက်ရွာက စစ်ဘေးရှောင်တဦး လက်နက်ကြီးမှန်လို့ တော်တော် အသက်ဘေးတော့ မစိုးရိမ်ရဘူး။ တော်တော်နာသွားတယ်။ ပြေးနေရတာက လောလောဆယ် ၁၁ ရွာလောက်ပြေးနေရတာ။ မိုးတွေရွာတော့ ဖျားနာတဲ့သူတွေရှိတယ်။ အသည်းအသန်ကြီးတွေတော့ မဟုတ်ဘူး ဖျားနေကြတာ နှာစေးချောင်းဆိုးတွေကော တော်တော်များများတော့ အဖျားအနာတွေ တွေ့တယ်။”

စစ်တပ်နယ်မြေရှင်းလင်းတာ တနှစ်နီးပါး ရှိနေပြီဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာ အကူအညီတွေအပြင် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပုလဲမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ စက်တင်ဘာ ၁၁ ရက်မှာ မြို့ပေါ်ကနေ ကျေးရွာတွေဘက်ကို ထွက်လာပြီးနောက် ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။
စက်တင်ဘာ ၁၁ ရက်မှာ မနက်ပိုင်းမှာ နွယ်ရှောက်ကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ပစ်ခတ်ရှင်းလင်းတာတွေ လုပ်ခဲ့ပါသေးတယ်။ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG