သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဌာနချုပ်တွေကို တိုက်ခိုက်မှုမလုပ်ဆိုတဲ့ စစ်ကောင်စီပြောဆိုမှု မှန်မမှန်


ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အခြေဆိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို တွေ့ရစဉ် (အောက်တိုဘာ ၃၁၊ ၂၀၁၃)
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အခြေဆိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို တွေ့ရစဉ် (အောက်တိုဘာ ၃၁၊ ၂၀၁၃)
ဗိုလ်ချုပ်ဇော်မင်းထွန်း

ဗိုလ်ချုပ်ဇော်မင်းထွန်း

စစ်ကောင်စီသတင်းထုတ်ပြန်ရေး

ကျွန်တော်တို့ ပြောခဲ့ပြီးဖြစ်တယ် တပ်မတော်အနေနဲ့က လက်နက်ကိုင်သောင်းကျန်းနေတဲ့ မည်သည့်ဌာနချုပ်မဆို ပစ်ခတ်နိုင်တယ်၊တိုက်ခိုက်နိုင်တယ် သို့သော် ပစ်ခတ်တိုက်ခိုက်မှုမရှိခဲ့ဘူးဆိုတာ ပြောပြီးဖြစ်ပါတယ်။

မမှန်ကန်
အချက်အလက်စစ်ဆေးခြင်း

အောက်တိုဘာလ ၉ ရက်နေ့ ည ၁၁ နာရီ မိနစ်(၃၀)ခန့်အချိန်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးက မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းကို မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်များနဲ့ အမျိုးသမီးများအပါအဝင် လူ(၃၀)နီးပါး သေဆုံးခဲ့ပြီး (၅၇)ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီတိုက်ခိုက်မှုကို ငြင်းဆိုထားပါတယ်။ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီတိုက်ခိုက်မှုကို စုံစမ်းနေပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို အမြဲထိန်းသိမ်းဆောင်ရွက်တယ်ဆိုပြီး တိုက်ခိုက်မှုကို ငြင်းဆိုပါတယ်။

“ကျွန်တော်တို့တွေက နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အမြဲထိန်းသိမ်းဆောင်ရွက်လျက်ရှိတယ်။ နယ်စပ်ဒေသနဲ့နီးတဲ့နေရာမှာ ညသန်းခါင်ချိန်လောက်ကြီးမှာ ဗုံးကြဲတိုက်ခိုက်တယ်တို့၊ လက်နက်ကြီးနဲ့ ပစ်တယ်တို့ဆိုတာ ဖြစ်နိုင်သလားဆိုတာ စဉ်းစားစေချင်ပါတယ်။” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုပါတယ်။

ဒါဟာ မှန်ကန်မှုမရှိပါဘူး။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဌာနချုပ်တွေကို တိုက်ခိုက်မှုမရှိဘူးဆိုတဲ့ ပြောဆိုမှုဟာ အချက်အလက်စစ်ဆေးမှုများအရ မှန်ကန်မှုမရှိတာကို တွေ့ရပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ်ရှိရာ ဝိတိုရိယစခန်းကို စစ်ကောင်စီက လေကြောင်းကနေ ၃ ကြိမ်အထိ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှု သတင်းကို VOA မြန်မာပိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။ CNF ဝိတိုရိယစခန်းဟာ အိန္ဒိယ-မြန်မာနယ်စပ် မှာ တည်ရှိတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ မှာ KIO ထိန်းချုပ်ရာ လိုင်ဇာမြို့အနီးက KIA ဗိုလ်သင်တန်းကျောင်းကို မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သင်တန်းတက်ရောက်နေ့ သင်တန်းသား(၂၃)ယောက်သေဆုံးခဲ့ပါတယ်။ သင်တန်းသားတွေမှာ TNLA နဲ့ AA တပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းကနေ စတင်ပြီး KIA ဌာနချုပ် လိုင်ဇာအနီးက နမ့်ဆန်ယန်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ KIA ကြား စစ်ရေးတင်းမာလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ လိုင်ဇာမြို့က မုန်လိုင်ခမ်းစခန်းကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရခိုင့်တပ်တော်(AA)က ဗိုလ်ကြီး(၁)ဦးသေဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးက မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းကိုတိုက်ခိုက်မှုအပေါ် စစ်ကောင်စီဘက်က ငြင်းဆိုပေမယ့် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ဒီတိုက်ခိုက်မှုကို စစ်ကောင်စီဘက်က လုပ်ဆောင်တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားရတဲ့ လူ(၃၀)နီးပါးမှာ (၂) လသားအရွယ်ကလေးငယ်အပါအဝင် ကလေးငယ်(၁၃)ဦးထိ ထိခိုက်သေဆုံးခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး (၃)နှစ် နီးပါးကာလအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုများကြောင့် ကလေးငယ်ပေါင်း(၄၉၁) ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြီးခဲ့တဲ့ အောက်တိုဘာလ (၃)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတော့ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း တိုက်ခိုက်မှုကို လက်နက်ခဲယမ်းတိုက် ပေါက်ကွဲမှုဆိုပြီး ဝါဒဖြန့်ပြောဆိုနေပါတယ်။ လိုင်ဇာစစ်ဘေးရှောင်စခန်းကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးရမှုအပေါ် ထိတ်လန့်ဝမ်းနည်းရတယ်လို့ UNICEF Myanmar က အောက်တိုဘာလ(၁၀)ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ အောက်တိုဘာလ ၁၀ရက်နေ့ ထုတ်ပြန်ချက်မှာတော့ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လက်နက်ကြီး၊လေကြောင်းတို့ကို တပြိုင်နက် အသုံးပြုပြီး ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ အစ္စရေးလ်နှင့်ဟားမတ်စ် စစ်ရေးပဋိပက္ခအပေါ် နိုင်ငံတကာက စိုးရိမ်မှုမြင့်တက်ကာ အာရုံစိုက်နေခြင်းကို အခွင့်ကောင်းယူပြီး တိုက်ခိုက်တာဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ MNDAA/TNLA/AA တို့ကလည်း ဒီတိုက်ခိုက်မှုဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်တယ်လို့ အောက်တိုဘာလ (၁၀)ရက်နေ့မှာထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အတွင်းမှာတော့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီဘက်က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂ၊မြန်မာနိုင်ငံဗြိတိန်သံရုးအပါအဝင် ဒေသတွင်းနိုင်ငံတွေကလည်း စိုးရိမ်ကြောင်းပြောဆိုထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကလည်း အထူးစိုးရိမ်ကြောင်းနဲ့ ဒေသတွင်း နယ်စပ်လုံခြုံရေးအတွက် တင်းမာမှုတွေကို ရှောင်ရှားပြီး ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG