သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတွေနေရပ်ပြန်နိုင်ရေး ထိုင်းဝန်ကြီးချုပ်နဲ့ အစ္စရေးသံအမတ်ကြီးဆွေးနွေး 


ထိုင်းနိုင်ငံသားတချို့ အစ္စရေးကနေပြန်လာကြတဲ့အထဲ သေနတ်ဒဏ်ရာရထားသူတချို့ ပါဝင်ခဲ့ပါတယ်။
(အောက်တိုဘာ ၁၂၊ ၂၀၂၃)
ထိုင်းနိုင်ငံသားတချို့ အစ္စရေးကနေပြန်လာကြတဲ့အထဲ သေနတ်ဒဏ်ရာရထားသူတချို့ ပါဝင်ခဲ့ပါတယ်။ (အောက်တိုဘာ ၁၂၊ ၂၀၂၃)

အစ္စရေးမှာရှိနေတဲ့ ထိုင်းနိုင်ငံသားတွေ ထိုင်းနိုင်ငံပြန်နိုင်ရေး ကူညီပေးဖို့ ထိုင်းဝန်ကြီးချုပ်က အစ္စရေးသံအမတ်ကြီးနဲ့ တွေ့ဆုံတိုက်တွန်းခဲ့ပါတယ်။ ထိုင်းလူမျိုးတွေ အပါအဝင် Hamas စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေပြန်လွတ်ရေးကိစ္စကိုလည်း ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး Orna Sagiv နဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin (စေထာ သာဝီဆင်) ကတွေ့ဆုံပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ထိုင်းလူမျိုးတွေတင်မဟုတ်ဘဲ နိုင်ငံစုံက ဓါးစာခံတွေ ပြန်လည်လွတ်မြောက်လာရေးအတွက် ညှိနှိုင်းဆွေးနွေးပါလို့ သူအစ္စရေးသံအမတ်ကြီးကို တောင်းဆိုခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။ ဖမ်းဆီးခံထားရသူတွေဟာ ပဋိပက္ခနဲ့ ဘာမှ မသက်ဆိုင်တဲ့ အပြစ်မဲ့သူတွေဖြစ်တာကြောင့် အမြန်ဆုံး ပြန်လွတ်လာသင့်တယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin (စေထာ သာဝီဆင်) ကပြောကြားပါတယ်။

ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေထဲမှာ ထိုင်းလူမျိုး ၁၆ ယောက်ပါဝင်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ ပြီးခဲ့တဲ့ စနေနေ့က Hamas စစ်ကြွေးကြွတွေ အစ္စရေး မြို့တွေ ရွာတွေထဲ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် ထိုင်းလူမျိုး ၂၁ ယောက် သေဆုံးခဲ့ပြီး ၁၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေ ထိုင်းနိုင်ငံပြန်ပို့ရေး အမြန်ဆုံး ဆောင်ရွက်ပေးဖို့လည်း ထိုင်းဝန်ကြီးချုပ်က အစ္စရေးသံအမတ်ကြီးနဲ့ ဘန်ကောက်မြို့တော်မှာ တွေ့ဆုံစဉ် တောင်းဆိုခဲ့ပါတယ်။ Hamas တို့တိုက်ခိုက်မှုအတွင်း သေဆုံးသူ ထောင်ကျော်ရှိခဲ့ပြီး အလောင်းအားလုံးကို အသေးစိတ် စိစစ်နေရတာမို့ အလောင်းတွေ ချက်ချင်း ပြန်မပေးနိုင်သေးတာဖြစ်တယ်လို့ အစ္စရေးသံအမတ်ကြီးက တုံ့ပြန်ခဲ့ပေမဲ့ အပြည့်အဝ ဦးစားပေးကူညီမယ်လို့ ပြောကြားခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြန်ပြောပြပါတယ်။

အစ္စရေးနိုင်ငံ နေရာစုံမှာရောက်နေကြတဲ့ ထိုင်းလူမျိုးတွေကို လုံခြုံတဲ့နေရာတွေကို ပို့ဆောင်ပေးပြီး ထိုင်းနိုင်ငံပြန်လာနိုင်အောင် ကူညီပေးမယ်လို့ အစ္စရေးသံအမတ်ကြီးက အာမခံခဲ့တယ်လို့လည်း ပြောပါတယ်။ အစ္စရေးနိုင်ငံမှာ ရှိနေကြတဲ့ထိုင်းလူမျိုးတွေထဲက နေရပ်ပြန်ချင်တယ်လို့ စာရင်းပေးထားသူ ၆ ထောင်နီးပါးရှိပါတယ်။ ဒါပေမဲ့ လေယာဉ်ခရီးစဉ် အခက်အခဲရှိနေတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောထားပါတယ်။ ကြာသပတေးနေ့ကတော့ ထိုင်းနိုင်ငံသား ၄၁ ယောက် ပြန်လာကြပါတယ်။ အဲဒီထဲမှာ ၁၅ ယောက်က ထိုင်းအစိုးရ အစီအစဉ်နဲ့ ပြန်လာကြသူတွေဖြစ်ပြီး သေနတ်ဒဏ်ရာရထားသူတွေနဲ့ အန္တရာယ်များတဲ့ နေရာတွေမှာ ရှိနေကြသူတွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG